ချောင်းဆိုးပျောက်ဆေးနှင့် ပိုးသတ်ဆေးမှားသောက်မိတဲ့ ၁၆ နှစ်အရွယ် မိန်းကလေးသေဆုံး

2019-12-31 13:51:29


ချောင်းဆိုးပျောက်ဆေးနှင့် ပိုးသတ်ဆေးမှားသောက်မိတဲ့ ၁၆ နှစ်အရွယ် မိန်းကလေးသေဆုံး

ချောင်းဆိုးပျောက်ဆေးနှင့် ပိုးသတ်ဆေးမှားသောက်မိတဲ့ ၁၆ နှစ်အရွယ် မိန်းကလေးသေဆုံး


ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ တင်းချောင်းကျေးရွာအုပ်စုမှာ ဒီဇင်ဘာ ၃၀ ရက်နေ့က အသက် ၁၆ နှစ်အရွယ် မိန်းကလေးတဦး ပိုးသတ်ဆေးမှားသောက်မိလို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။


ရွာသစ်ကျေးရွာမှာ နေထိုင်တဲ့ မအေးရနံ့ဇော်ဟာ မနေ့ ညနေ ၃ နာရီ ဝန်းကျင်လောက်က ချောင်းဆိုးပျောက်ဆေးနဲ့ ပိုးသတ်ဆေးကိုမှားသောက်မိပြီးနောက် မိဘတွေနဲ့ ပရဟိတအဖွဲ့ဝင်တွေက ကျုံကူးဆေးရုံက တဆင့် ပုသိမ်ဆေးရုံကြီးကို လိုက်ပို့ခဲ့ပေမယ့် လမ်းမှာတင် သေဆုံးသွားခဲ့တယ်လို့ လိုက်ပါပို့ဆောင်ခဲ့တဲ့ ခေတ်သစ်အခမဲ့လူမှုကူညီရေး အဖွဲ့ဝင်တဦးက ဒီဗွီဘီကိုပြောပါတယ်။


ခေတ်သစ်လူမှုကူညီရေးအဖွဲ့မှ ကိုဝေဖြိုးက “သူတို့ဆက်သွယ်လာတဲ့ အချိန်က ၃ နာရီကျော်လောက်ရှိပြီ၊ အဲ့တာနဲ့ ကျနော်တို့အဖွဲ့က သွားခေါ်ပြီး ဆေးရုံကို ချက်ခြင်းလိုက်ပို့ပါတယ်။ သွားတဲ့လမ်းမှာ သူနည်းနည်းကြပ်နေပြီ၊ ပြီးတော့ သတိနည်းနည်း လစ်သလိုဖြစ်နေပြီ၊


အဲ့တာနဲ့ ကျနော်တို့အဖွဲ့ကသူတွေက ကလေးမလေးကိုပြုစုပြီး ကျုံကူးဆေးရုံကို ရောက်သွားပါတယ်။ ဆေးရုံရောက်တော့ ဆရာဝန်တွေက လူနာကို အဆိပ်ထုတ်ပေးပြီး ပုသိမ်ဆေးရုံကြီးကို ပို့ဖို့ လွှဲတာနဲ့ လိုက်ပို့ချိန်မှာ လမ်းမှာ သေသွားတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။


ကျုံကူးဆေးရုံရဲ့ လွှဲအပ်ချက်အရ ချောင်းဆိုးပျောက်ဆေးသောက်မိတဲ့ အမျိုးသမီးငယ်ကို ပုသိမ်ဆေးရုံကြီးကို လိုက်ပို့ဖို့ထွက်လာပြီး မိနစ် ၃၀ အကြာလောက်မှာ သေဆုံးခဲ့တာကြောင့် နေအိမ်ကို ပြန်လည်ပို့ဆောင် ပေးခဲ့ရတာဖြစ်ပါတယ်။


သေဆုံးခဲ့တဲ့ အသက် ၁၆ နှစ် အမျိုးသမီးငယ်ရဲ့ အလောင်းကို နေအိမ်မှာ ထားရှိပြီး အသုဘအခမ်း အနားအတွက် ဒေသခံတွေလူငယ်တွေက ဝိုင်းဝန်း ကူညီပေးနေတယ်လို့ သိရပါတယ်။


သတင်း- မင်းထက်မုန်း DVB TV News