လူပျိုကြီး၊ အပျိုကြီး ကွယ်လွန်လျှင် အခေါင်းထဲ ငှက်ပျောတုန်းထည့်ရခြင်း အဓိပ္ပာယ်

2019-08-08 12:36:38


လူပျိုကြီး၊ အပျိုကြီး ကွယ်လွန်လျှင် အခေါင်းထဲ ငှက်ပျောတုန်းထည့်ရခြင်း အဓိပ္ပာယ်

လူပျိုကြီး၊ အပျိုကြီး ကွယ်လွန်လျှင် အခေါင်းထဲ ငှက်ပျောတုန်းထည့်ရခြင်း အဓိပ္ပာယ်


အွန်လိုင်းပေါ်မှာ အသက်၈၇ နှစ်အပျို ကြီး အခေါင်းထဲငှက်ပျောတုန်းထည့်ခြင်းနဲ့ပက်သက်ပြီး ထည့်ရတဲ့အနှစ်အစစ်ကို ပြောချင်လို့ပါ။ လူပျိုကြီး အပျိုကြီးသေဆုံးခြင်းနှင့် ငှက်ပျောတုံး မည်သို့ ပတ်သက်ပါသနည်း ..?


အားလုံးလိုလို ပြောဆိုစနောက်နေကြတဲ့ ဟာသစကားလေး တစ်ခွန်းက သေရင် ငှက်ပျောတုံးဖက်နေရမယ် နော် ဆိုတဲ့ ကျီစယ်မှုလေးကြောင့် တစ်ယောက်စ တစ်ရာဆိုသလို တစ်ယောက်က စလို့ သူစ ကိုယ်စနဲ့ လူပျိုကြီး အပျိုကြီးတွေ အတွက် ငှက်ပျောတုံးက စ,စရာတစ်ခု ဖြစ်လာခဲ့တာ ထင်ပါတယ် ။


သာမာန်အမြင်အယူအဆအနေနဲ့ ငှက်ပျောတုံးကပဲ သေသူအတွက် အဖော်ဖြစ်စေသလိုလို ၊ ဒီဘဝ အိမ်ထောင်မကျပဲ သေသွားရလို့ နောက်နောင်ဘဝတွေအတွက် အိမ်ထောင်ကျအောင် ဓာတ်ရိုက်ဓာတ်ဆင်သဘောနဲ့ ယတြာချေတာလိုလို ဒီလိုပဲ ထင်မြင်နေကြတာပါ ။ ဒီကိစ္စနဲ့ ပက်သက်ပြီး ဒီနေ့လူမှုကွန်ယက်ပေါ်မှာ မြင်တွေ့နေတဲ့ သေဆုံးသူနဲ့ ငှက်ပျောတုံး ပုံ တွေကို တချို့က ဟာသအဖြစ်နဲ့ တင်ထားကြတာ တွေ့ရပြီး တချို့ကလည်း လက်ခံစရာမရှိကြောင်း ရေးတင်ထား ကြတာ တွေ့ရတယ်။


ဘာပဲဖြစ်ဖြစ် ယခုပုံပါ အခင်းဖြစ်ရာဒေသရဲ့ အယူအစွဲက ဘယ်လိုကြောင့် အခုလို ငှက်ပျောတုံးထည့်တာလဲ ဆိုတာ တော့ မသိနားမလည်ပါဘူး ။ ဒါပေမဲ့ ငှက်ပျောတုံးဟာ လူပျိုကြီး အပျိုကြီး ဖြစ်ခြင်းနဲ့ မဆိုင်ပါဘူး ။ လူသားအားလုံး အတွက် ဥပမာပြထားတဲ့ ပစ္စည်းတစ်ခုလို့ ပြောလို့ရမယ် ထင်ပါတယ် ။ သီတဂူဆရာတော်ဘုရားကြီး ရဲ့ ဘဝတန်ဖိုး တရားတော်ထဲမှာ “ အနိစ္စ အချက် မပြတ်နှိပ်စက်တဲ့ ခန္ဓာ ဒုက္ခ အချက် မပြတ်နှိပ်စက်တဲ့ ခန္ဓာ အနတ္တ အချက်ဖြင့် မပြတ်နှိပ်စက်နေတဲ့ ခန္ဓာ ဘာများ အနှစ်သာရ ရှိသေးလည်း ။ မကြာခင် ပစ်ရတော့ မယ် ။ ငှက်ပျောတုံး အခွံတွေ ခွါ ခွါ လိုက်တိုင်း ခွါ လိုက်တိုင်း အပေါ်က တစ်ဖတ် ခွါလိုက်လည်း အခွံပါပဲ ။ နောက်တစ်ဖတ်ခွါလိုက်လည်း အခွံပါပဲ ။ ခွါရင်း ခွါရင်း နဲ့ အခွံ ချည်းပဲ ထွက်တယ် ။ အနှစ် မရပါဘူး ။ ဒီခန္ဓာကိုယ်ကြီး ဟာ ငှက်ပျောတုံး နဲ့ မခြားဘူး လို့ သဘောကျ ။


ရူက္ခန္ဓာ တစ်ဖတ် ခွါ အကာပဲ ။ ဝေဒနာက္ခန္ဓာ တစ်ဖတ် ခွါ ၊ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ၊ ဝိညာဏက္ခန္ဓာ တစ်ထပ်စီ တစ်ထပ်စီ ခွါ ၊ ခွါ ချင်တိုင်း ခွါ ၊ ငှက်ပျောတုံး လိုပါပဲ ။ အကာချည်းပဲ ထွက်တယ် ။ မကြာခင် သုဿန်မှာ ပစ်ရတော့မယ် ။ ဘာများ အနှစ် ရှိလဲ …? ဒီခန္ဓာ အနှစ် ရှိတယ် ထင်ပြီးတော့ မွမ်းမံ ပြင်ဆင်နေရင် အကာကို တွယ်တာမက်မောနေကြ တာ ။ ခန္ဓာကိုယ် ရဲ့ အနှစ်ဟာ ဘာလဲ ..? အနိစ္စ ဖြစ်တာ ဖြစ်မှန်း သိအောင် ကြည့် ။ အနိစ္စာနုပဿနာဉာဏ် ရရင် အနှစ် ။ ဒုက္ခ ဖြစ်တာ ဖြစ်မှန်း သိအောင်ကြည့် ။ ဒုက္ခာနုပဿနာဉာဏ် ရရင် အနှစ် ။ အနတ္တ ဖြစ်တာ ဖြစ်မှန်း သိအောင်ကြည့် ။ အနတ္တာနုပဿနာဉာဏ် ရရင် အနှစ်ပါပဲ ။


အဲ့ဒါ ဘဝမှာ တန်ဖိုးရှိတဲ့ အနှစ်လို့ သဘောကျ ။ ဒီအနှစ်ကို ရရင် လူ့ဘဝမှာ နေရကျိုး နပ်ပြီ ။ သေရကျိုး နပ်ပြီ ။ ဒီအနှစ်မှ မရရင် ဘဝမှာ နေရကျိုးလည်း မနပ် ၊ သေရကျိုးလည်း မနပ် ဖြစ်လိမ့်မယ် ´´ လို့ [ သီတဂူဆရာတော်ကြီး၏ ဘဝတန်ဖိုးစာအုပ်/နှာ ၅၇] ဟောကြားထားတာ ရှိပါတယ် ။ ဒါကြောင့် အိမ်ထောင်မကျပဲ သေဆုံးရလို့ ငှက်ပျောတုံး ထည့်ရခြင်းမှာ အကြောင်းဆက်စပ်မှု မရှိသလို သဘောမပါသည့် အပြောဟာသတစ်ခုသာ ဖြစ်ပါတယ် ။


မူရင်းရေးသားသူ (လေးစားမှုဖြင့် ခရက်ဒစ်)