စစ်ရာဇဝတ်မှုများ ဆက်တိုက်ကျုးလွန်၊ အမေရိကန် မှ အကျိုးတူ နိုင်ငံများနှင့် ဆွေးနွေးပြီ


စစ်ရာဇဝတ်မှုများ ဆက်တိုက်ကျုးလွန်၊ အမေရိကန် မှ အကျိုးတူ နိုင်ငံများနှင့် ဆွေးနွေးပြီ

စစ်တပ်မှ စစ်ဘေးရှောင် ပြည်သူများအား စားနပ်ရိက္ခာများ ထောက်ပံ့နေသည့် လမ်းကြောင်းများကို ပိတ်ဆို့ခြင်း၊ ကယ်ဆယ်ရေး ဝန်ထမ်းများအား ဖမ်းဆီးခြင်း၊ သီးနှံများ သိမ်းယူသွားခြင်း၊ စိုက်ခင်းများကို မီးရှို့ ဖျက်ဆီးခြင်း အစရှိသည့် လူမဆန်သည့် လုပ်ရပ်များဖြင့် စစ်ရာဇဝတ်မှုများကို နေ့စဉ် နှင့် အမျှ ကျူးလွန်‌နေကြပြီ ဖြစ်သည်ဟု လူ့အခွင့်အရေး အဖွဲ့ Fortify Rights မှ သတင်းထုတ်ပြန်လာသည်။


တိုက်ပွဲများ ကို အကြောင်းပြ၍ အကူအညီများ အဝင်မခံ ပိတ်ဆို့ထားခြင်းသည် နိုင်ငံတကာ ဥပဒေအရ စစ်ရာဇဝတ်မှူ ကျုးလွန်ခြင်းသာ ဖြစ်သည်ဟု ဆိုကာ ဖြစ်ရပ်များ ကို အသေးစိတ် ထုတ်ပြန်လာခဲ့သည်။


အိမ်နီးချင်း ထိုင်း၊ တရုတ် နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများ အားလည်း အကူအညီ ပေးရေး အေဂျင်စီများကို နယ်ခြား ဖြတ်ကျော်၍ ဝင်ရောက်ခွင့် ပြုကြပါရန် တောင်းဆိုလာသည်။


၎င်းတို့ဖက်က လည်း ထိုသို့လုပ်နေက နိုင်ငံတကာ မှ ပူညံ ပူညံ လုပ်လာမည်ကို သိနေပြီး ဖြစ်သော်လည်း အာဏာ ဆုပ်ကိုင်ထားနိုင်ရေး အတွက် လုပ်ရတော့မည်၊ နောင်လာနောင်ခါဈေး ဟု ယူဆထားသည်၊ နိုင်ငံတကာမှ လက်ပါလာမည်ဟု မခြိမ်းချောက်သေးသရွေ့ အချိန် ရှိနေသေးသည်၊ အမြန်နှိမ်နှင်းနိုင်မှ တော်ကာကျမည်ဟူသော မဟာဗျုဟာ ကို ရေးဆွဲထားပြီးလည်း ဖြစ်သည်။


သို့သော် ၎င်းတို့ထင်မှတ်မထားသော အနေအထားက ပေါ်ပေါက်လာပြီဖြစ်သည်၊ ယနေ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ‌ထုတ်ပြန်ချက်ထဲတွင် နိုင်ငံခြားရေး ဝန်ကြီး၏ မူဝါဒ ရေးရာ အထက်တန်း အကြံပေး ဒဲရက် ရှိုလေး မှ မြန်မာတွင် တရားမျှတပြီး ငြိမ်းချမ်းသော နည်းလမ်းများဖြင့် ဒီမိုကရေစီ ပြန်လည် ဖြစ်ထွန်းလာရေး အတွက်


နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှု ကို အခိုင်အမာ မြှင့်တင်နိုင်ရန် ဩစတေးလျှ၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမဏီ၊ ဗြိတိန်၊ အီးယူ၊ နယူးဇီလန် နိုင်ငံများမှ အရာရှိကြီးများ နှင့် ဆွေးနွေးခဲ့ကြောင်း ပါရှိလာသည်၊ ၎င်းအနေဖြင့်စစ်အာဏာသိမ်း အဖွဲ့မှ အကြမ်းဖက် နည်းလမ်းများ တိုးမြှင့် ကျင့်သုံးလာနေမှု အပေါ် စိုးရိမ်မကင်း ဖြစ်လာသောကြောင့်ဟု ဆိုသည်။


စစ်ကောင်စီသည် ၎င်းတို့အား ထောက်ခံနေသော အလိုတော်ရိများမှ လွဲ၍ တတိုင်းပြည်လုံးအား ရန်သူ အဖြစ် သဘောထား စောင့်ကြည့် နေပြီ ဖြစ်သည်၊ မြန်မာနောင်း သတင်းအရ စစ်ကောင်စီ တပ်သား တရာခန့်သည် ဒီပဲရင်း မြို့နယ် အတွင်းသို့ ရဟတ်ယာဉ်များ ဖြင့် ဝင်ရောက်လာကြပြီး တိုက်ပွဲ ဖြစ်ပွားခြင်းလည်း မရှိပါပဲ ကျေးရွာ သုံးရွာအား မီးရှို့ဖျက်ဆီးသွားကြသည်ဟု သိရသည်။


၎င်းတို့ ကျွမ်းကျင်သည့် သောင်းကျန်းမှု တန်ပြန် တိုက်ဖျက်ရေး ဆိုသည်က နိုင်ငံ တည်ဆောက်ရေး မဟုတ် ဆိုသည်ကို ခွဲခွဲခြားခြား မမြင်နိုင်ကြ၊ မြင်ခဲ့လျင်လည်း ပထမ လောက် အရေးမကြီးဟု အမြဲလို မှတ်ယူခဲ့ကြသူများ ဖြစ်သည်။


စစ်တပ်သည် ဤသို့ဖြင့် ပြည်သူတို့၏ လေးစားချစ်ခင်မှု ကို မည်သို့မျှ ပြန်မရနိုင်တော့သော အခြေအနေ ရောက်ရှိသွားခဲ့ရသည်မှာ လွန်စွာ နှမျောစရာကောင်းလှပေသည်။ လူတစု အား အကာအကွယ် ပေးနေရသော ကြေးစား ကိုယ်ရံတော် တပ် အဆင့် ဖြစ်သွားခဲ့ရသည်။


တဖက်တွင် ၎င်းတို့ ရခိုင် အရေးကို အကြောင်းပြု၍ ပြည်တွင်း ပြည်ပတွင် သိက္ခာချရန် မည်မျှပင် အကွက်ဆင် ကြိုးစားခဲ့သော် ငြားလည်း ဒေါ်အောင်ဆန်းစုကြည်သည် ထူးခြားထင်ရှားသည် မတထောင် တကောင်ဘွား အမျိုးသမီးကြီး အဖြစ် သားစဉ်မြေးဆက် ဂုဏ်ရောင်ထွန်းပြောင် ကျန်ရစ်ခဲ့တော့မည် ဖြစ်သည်။


ယခုအခါ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန မှ ငွေကြေး ပိုင်ဆိုင်မှု နှင့် ပိတ်ဆိုထားရမည့် အမည်ပျက် စာရင်း အား ထပ်မံ တိုးချဲ့ပြီး နိုဝင်ဘာ ၈ ရက်နေ့စွဲဖြင့် ထုတ်ပြန်လာသည်။ စစ်ကောင်စီဝင်များ၊ အလိုတော်ရိများ စုစုပေါင်း ၂၅၀ နီးပါး ရှိသည်။ ၎င်းတို့နှင့် အမည်တူ သူများ အဖို့ အခက်ကြုံရဖွယ် ရှိနေသည်။


ထိုသို့ အမေရိကန်တို့၏ စီးပွားရေး ပိတ်ဆို့မှု အပြင်းအထန် ရင်ဆိုင်လာရဖွယ် ရှိနေသည့်ကြားမှကျောက်မျက် ရောင်းချရေး ပြပွဲ ကို ဒီဇင်ဘာလ ၁၀ ရက် တွင် ပြုလုပ်မည်ဟု သိရသည်၊ ဤသည်က ၎င်းတို့ အာဏာသိမ်းပြီးနောက် ဒုတိယ အကြိမ် ဖြစ်သည်။


စစ်ကောင်စီ အပေါ် အာဆီယံ မှ အလျော့ပေး ဆက်ဆံမည် မဟုတ်သည့် လက္ခဏ ကို ပြသသည့် အနေဖြင့် ဂျကာတာ သို့ ရောက်ရှိလာသော မလေးရှား ဝန်ကြီးချုပ် နှင့် သမ္မတ ဂျိုကိုဝီ တို့က မြန်မာနိုင်ငံ အတွင်း ဖြစ်ပေါ်နေမှု များကို “အရေးတကြီး အခြေအနေ” အဖြစ် ပြောဆို လာသည်၊ အာဆီယံ ၏ အမာခံ နိုင်ငံများ ဖြစ်သော စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီရှား၊ ဖိလစ်ပိုင် တို့က အာဏာသိမ်း အဖွဲ့အား အပြင်းအထန် ဆန့်ကျင်လျက် ရှိသည်။


ဥက္ကဌ ဖြစ်လာမည့် ကမ္ဘောဒီယား နိုင်ငံခြားရေး ဝန်ကြီးမှ အာဆီယံ အနေဖြင့် မြန်မာအား အပြုသဘော ဆက်ဆံဖို့လိုကြောင်း၊ သို့သော် ထိုသို့ ဆက်ဆံနိူင်ရန် အတွက်လည်း စစ်ကောင်စီ ဖက်မှ လိုက်လျောမှုများ ပြသမှ ဖြစ်မည်ဟု ၎င်း၏ သဘောထားကို ထုတ်ဖေါ်ပြောဆိုလိုက်သည်။ ယခု အချိန်အထိ စစ်ကောင်စီ သည် နိုင်ငံတွင်း ငြိမ်းချမ်းရေး ရဖို့ အားထုတ်ခြင်း မရှိသေးဟု ယူဆရကြောင်းလည်း ပြောသွားခဲ့သည်။


မိမိတို့မှ လက်ကမ်းပေးလာသော်လည်း တဖက်မှ ရိုးရိုးသားသား လက်ခံကြောင်း မပြသရွေ့ ပြဿနာကို အဖြေရှာဖို့ ခက်ခဲနေမည်သာ ဖြစ်သည်ဟု ငြည်းတွားခဲ့သည်။

၎င်းက “မြန်မာ အကျပ်အတည်းနှင့် အာဆီယံ အနာဂတ်” ဟု အမည်ပေးထားသော အွန်လိုင်း ဆွေးနွေးပွဲ တွင် ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။


အာဆီယံ အဖွဲ့ကြီး ထိရောက်မှု ရှိမရှိ၊ ယုံကြည်ရမှု ရှိမရှိ ဆိုသည်ကို အားလုံးက သံသယ ဖြင့် စောင့်ကြည့်နေခဲ့သည်မှာ ကာလကြာမြင့်စွာ ကတည်းကပင် ဖြစ်သည်။ ထို့အတွက် ‌ဥက္ကဌ တာဝန် ယူရမည့် ကမ္ဘောဒီယား အဖို့ မြန်မာ ပြဿနာကို သတိကြီးစွာ ထားပြီး ကိုင်တွယ်ရတော့မည်လည်း ဖြစ်သည်။


သို့သော် အမြဲလို တဖက်ပိတ် အတွေးအ‌ခေါ်များနှင့် ကိုယ်လိုရာ ဆွဲ ‌ တွေးတတ်လေ့ရှိသည့် စစ်ကောင်စီ နှင့် အကြံပေးများက ၎င်းတို့ကို ဆန့်ကျင်ပါက အာဆီယံ ပြိုကွဲသွားတော့မည်ဟုပင် ခြိမ်းချောက် ပြောဆိုနေကြသည်မှာလည်း တကယ်တမ်းတွင် အံ့ဩစရာ တော့ မဟုတ်ပြန်ပေ။


တော်လှန်ရေးကြီး မုချ အောင်ရမည်!!!Hla Soewai