ဘတ်ဂျက်အခက်အခဲကြောင့် ဆီးဂိမ်းစ် ဘိလိယက်ရွှေတံဆိပ်ဆုရှင်နှစ်ဦးအနက် တစ်ဦးကိုသာ ကမ္ဘာ့ပွဲသို့ စေလွှတ်နိုင်ခဲ့

2019-12-13 10:05:13


ဘတ်ဂျက်အခက်အခဲကြောင့် ဆီးဂိမ်းစ် ဘိလိယက်ရွှေတံဆိပ်ဆုရှင်နှစ်ဦးအနက် တစ်ဦးကိုသာ ကမ္ဘာ့ပွဲသို့ စေလွှတ်နိုင်ခဲ့

ဘတ်ဂျက်အခက်အခဲကြောင့် ဆီးဂိမ်းစ် ဘိလိယက်ရွှေတံဆိပ်ဆုရှင်နှစ်ဦးအနက် တစ်ဦးကိုသာ ကမ္ဘာ့ပွဲသို့ စေလွှတ်နိုင်ခဲ့


၂၀၁၉ ဖိလစ်ပိုင် ဆီးဂိမ်းစ်တွင် ရွှေတံဆိပ်ဆု ရရှိခဲ့သည့် ဘုန်းမြင့်ကျော်၊ အောင်မိုးသူတို့ ဘိလိယက် 9-Ball အားကစားသမား နှစ်ဦးစလုံးကို 2019 9-Ball Pool ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲသို့ ဝင်ရောက်ပြိုင် စေချင်ခဲ့သော်လည်း ဘတ်ဂျက်အခက်အခဲကြောင့် ဘုန်းမြင့်ကျော်တစ်ဦးတည်းကိုသာ စေလွှတ် နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာမင်းနိုင်က ပြောသည်။


အဆိုပါ 2019 9-Ball Pool ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲကို ယခုလ ၁၀ရက်မှ ၁၇ရက်အထိ ကာတာနိုင်ငံ တွင် ကျင်းပလျက်ရှိနေပြီး ဘုန်းမြင့်ကျော်သည် ဖိလစ်ပိုင် ဆီးဂီမ်းစ်ပြိုင်ပွဲအပြီး ယခုလ ၁၁ရက် ညနေပိုင်းက ရန်ကုန်မြို့ပြန်ရောက်ရောက်ချင်း ယင်းည ( ဒီဇင်ဘာ ၁၂ရက် နံနက်၃နာရီတွင်) ကာတာနိုင်ငံသို့ ပြန်လည်ထွက်ခွာ သွားခဲ့ခြင်းဖြစ်သည်။


” အရင်တုန်းကတော့ စရိတ်တွေကို အဖွဲ့ချုပ်က တစ်ဝက်ခံပေးပါမယ်။ နိုင်ငံတော်က တစ်ဝက်ခံ ပေးပါဆိုပြီး တင်ပေးလိုက်တာပေါ့။ ဒါကြောင့် နှစ်ယောက်သွားနိုင်ခဲ့တယ်။ ဒီနှစ်တော့ ပွင့်ပွင့်လင်း လင်း ပြောရရင် နိုင်ငံတော်က ဘတ်ဂျက် အခြေအနေမကောင်းဘူး။ တင်သမျှ နောက်ပိုင်းမှာ မပေးတာများတယ်။ အဲ့ဒီတော့ ကျွန်တော်တို့လည်း နိုင်ငံတော်က မပေးရင်လည်း လွှတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တစ်ယောက်ပဲ တင်လိုက်တယ်။ အမှန်တော့ ရွှေရတာ နှစ်ယောက် ရခဲ့တာဆိုတော့။ နှစ်ယောက် တင်လိုက်ရမှာ။ ဘတ်ဂျက်အဆင်မပြေတော့ ကျွန်တော်တို့ကလည်း မစိုက်နိုင်တဲ့အတွက် အကုန်အကျလည်းများတော့ တစ်ယောက်ပဲ တင်ထားတာ” ဟု ဒေါက်တာမင်းနိုင်က ပြောသည်။


ထိုပြိုင်ပွဲတွင် မြန်မာကစားသမား ဘုန်းမြင့်ကျော်က လက်ရည်စစ်ပွဲအဆင့် ယှဉ်ပြိုင်ထိုးစရာ မလို သောကြောင့် Stage 2 အဆင့်မှ စတင်ယှဉ်ပြိုင်သွားရမည်ဖြစ်ပြီး Stage 2 အဆင့်ပြိုင်ပွဲများကို ယခုလ ၁၄ရက်မှ ၁၇ရက် အထိကျင်းပသွားမည်ဖြစ်သည်။


” အခု ကမ္ဘာ့ပြိုင်ပွဲက အကုန်လုံး လာမှာပဲ။ အာရှထဲကရော၊ ဟိုအမေရိကဘက် ဥရောပဘက်တို့ကပါ ဆရာကြီးတွေလည်း လာကြတယ်။ အဓိက ကျွန်တော်ပြောချင်တာက ကိုယ်ကောင်းရင် သူများကိုယ့် ကို လုပ်လို့ မရဘူး။ ကျွန်တော်သူများကို လုံးဝအထင်ကိုမကြီးတာ။ ကိုယ့်ကိုယ်ကိုယ် လည်း အထင် မသေးဘူး။ တအားကြီးလည်း မြှင့်မထားဘူး။ ဒါပေမဲ့ သူတို့ဘာလုပ်နိုင်လဲ ကျွန်တော် အရည်အချင်း ဘယ်လောက် ရှိလဲဆိုတာ ကျွန်တော်သိတယ်” ဟု 9-Ball Pool ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲကို တတိယ အကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်မည့် ဘုန်းမြင့်ကျော်ကပြောသည်။


မြန်မာ့လက်ရွေးစင် ဘိလိယက် 9-Ball အားကစားသမား ဘုန်းမြင့်ကျော်သည် ၂၀၁၉ ဖိလစ်ပိုင် ဆီးဂိမ်းစ်တွင် မြန်မာအားကစားအဖွဲ့ ရရှိခဲ့သည့် ရွှေတံဆိပ် ၄ခုအနက် 9-Ball Pool နှစ်ယောက်တွဲ ပြိုင်ပွဲနှင့် 9-Ball Pool တစ်ဦးချင်းပြိုင်ပွဲတို့တွင် ရွှေတံဆိပ်၂ခုကို ရယူပေးခဲ့သူဖြစ်သည်။ ဖိလစ်ပိုင် ဆီးဂိမ်းစ်တွင် ဘုန်းမြင့်ကျော်နှင့်အတူ ရွှေတံဆိပ်တစ်ခုကို နိုင်ငံအတွက် ရယူပေးနိုင်ခဲ့သည့် အောင်မိုးသူက တစ်နှစ်တွင် တစ်ကြိမ် ယှဉ်ပြိုင်ရသည့်ကမ္ဘာ့ပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်ခွင့် မရရှိသည့်အတွက် စိတ်မကောင်း ဖြစ်မိကြောင်း ပြောသည်။


” ဒီပွဲကြီးမှာ နိုင်ရင် ကမ္ဘာ့ချန်ပီယံဖြစ်မှာဆိုတော့ ကစားချင်တာ။ ဒါက ကစားသမားတိုင်းရဲ့ အိပ်မက်ပဲလေ။ ဒီပြိုင်ပွဲကြီးက ကမ္ဘာမှာရှိတဲ့ အကောင်းဆုံး 9-Ball ကစားသမားတွေ လာပြိုင်ကြတာပေါ့။ အခုလက်ရှိချန်ပီယံတွေရော၊ ချန်ပီယံအဟောင်းတွေရော၊ ချန်ပီယံ ဖြစ်ချင်တဲ့သူတွေရော ရာဂဏန်းနဲ့ချီ လာပြိုင်ကြတာ ဖြစ်ပါတယ်။ တကယ်တမ်းဆိုရင်တော့ နှစ်ယောက်သွားခွင့်ရရင်တော့ ပိုကောင်းတာပေါ့ဗျာ။ ဒါကလည်း ကျွန်တော်တို့ အားကစားလောကမှာ ဖြစ်နေကျပဲဆိုတော့ ကျွန်တော်တို့လည်း အကောင်းဆုံးကြိုးစားနေတာပါပဲ။ တဖြည်းဖြည်း အချိန်တန်ရင်တော့ ကိုယ့်အတွက် ကောင်းမွန်တဲ့ အခွင့်အရေးတွေ ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်”ဟုအောင်မိုးသူက ပြောသည်။


9-Ball Pool ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲကို ၂၀၁၇နှစ်တွင် မြန်မာအားကစားသမားထဲမှ ဘုန်းမြင့်ကျော်က စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၈ ပြိုင်ပွဲ၌ ဘုန်းမြင့်ကျော်၊ အောင်မိုးသူတို့ နှစ်ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကာ ထိုပြိုင်ပွဲတွင် မြန်မာကစားသမားများက အမြင့်ဆုံးအောင်မြင်မှုအဖြစ် ကွာတားဖိုင်နယ်ထိ ဘုန်းမြင့်ကျော်က ရောက်ရှိထားခဲ့ကြောင်းသိရသည်။


ပြည်မြန်မာ