နားဆွဲလိုချင်သည့်အတွက် ၁၀ နှစ်သမီး တတိယတန်းကျောင်းသူကို ရက်စက်စွာသတ်ဖြတ်ခဲ့သည့် ဖျာပုံမြို့နယ်က လူသတ်မှု

2019-07-26 11:05:30


နားဆွဲလိုချင်သည့်အတွက် ၁၀ နှစ်သမီး တတိယတန်းကျောင်းသူကို ရက်စက်စွာသတ်ဖြတ်ခဲ့သည့် ဖျာပုံမြို့နယ်က လူသတ်မှု

နားဆွဲလိုချင်သည့်အတွက် ၁၀ နှစ်သမီး တတိယတန်းကျောင်းသူကို ရက်စက်စွာသတ်ဖြတ်ခဲ့သည့် ဖျာပုံမြို့နယ်က လူသတ်မှု


ကလေးတွင် ၀တ်ဆင်ပေးထားသည့် နားဆွဲကို လိုချင်သည့်အတွက် အသက် ၁၀ နှစ်အရွယ် တတိယတန်းကျောင်းသူကို ၀ါးရင်းတုတ်ဖြင့်ရိုက်ကာ လည်ပင်းညှစ်၍ ရေနှစ်သတ်ပြီး နားဆွဲလုယက်မှုတစ်ခု ဖျာပုံမြို့နယ်၊ ကျုံစီကျေးရွာတွင် ယမန်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။


ဖြစ်စဉ်မှာ ဖြစ်စဉ်မှာ ဖျာပုံမြို့နယ်၊ ဂုံညှင်းတန်းကျေးရွာအုပ်စု၊ ကျုံစီကျေးရွာတွင် နေထိုင်သည့် ဦးအောင်သန်းဇော်နှင့် မမိုးမိုးခိုင်တို့မှာ ဇူလိုင်လ ၂၄ ရက် မနက်ပိုင်းတွင် ၎င်းတို့၏သမီး ကျောင်းစုကျေးရွာ မူလတန်းကျောင်းမှ တတိယတန်းကျောင်းသူ မခိုင်ဇင် (၁၀ နှစ်) ကို တစ်ရွာတည်းနေ ယောက္ခမ၏နေအိမ်တွင် ထားရစ်ကာ လယ်ယာလုပ်ငန်း သွားရောက်လုပ်ကိုင်ကြကြောင်း၊


ညနေပိုင်း လယ်ထဲမှ ပြန်လာချိန်တွင် သမီးဖြစ်သူ ပျောက်နေသည့်အတွက် လိုက်လံရှာဖွေခဲ့ရာ ကျုံစီကျေးရွာရှိ ရန်အေးစေတီအနီး ရေမြောင်းထဲတွင် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို မိဘများတွေ့ခဲ့ရကြောင်း သိရသည်။


ကလေးအလောင်းကို စစ်ဆေးကြည့်ရာ မခိုင်ဇင်တွင် လူသတ်သမား၏ ရိုက်နှက်မှုကြောင့် လည်ပင်းတွင် ဖူးယောင်ညိုမဲဒဏ်ရာ ၁ ချက်တွေ့ရှိရပြီး ကလေးငယ်တွင် ၀တ်ဆင်ပေးထားသည့် နားဆွဲနှစ်ဖက်စလုံး ဖြုတ်ယူခံထားရပြီး


နားသီး ၂ ဖက်စလုံးမှလည်း သွေးများထွက်နေကြောင်း မိဘများနှင့် ရပ်ရွာအုပ်ချုပ်ရေး တာဝန်ရှိသူများက တွေ့ရှိရသည့်အတွက် ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။


အဆိုပါအမှုဖြစ်စဉ်အား ရဲတပ်ဖွဲ့မှ စုံစမ်းခဲ့ရာ မိန်းကလေးငယ်၏ဦးလေးတော်စပ်သူ အသက် ၁၉ နှစ်အရွယ် ဖိုးကဲ (ခ) ဖြိုးမင်းထွန်းမှာ မိန်းကလေးငယ်အား သတ်ဖြတ်၍ နားဆွဲအားဖြုတ်ယူကာ ထွက်ပြေးနေကြောင်း သိရှိရသည့်အတွက်


အုပ်ချုပ်ရေးအဖွဲ့များနှင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်းဖမ်းဆီးခဲ့ရာ ဖိုးကဲ (ခ) ဖြိုးမင်းထွန်းကို ယနေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်၌ ကျံတာကျေးရွာအနီး ကားလမ်းမပေါ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။




“ကျနော်တို့ရဲတပ်ဖွဲ့ရဲ့စစ်ဆေးချက်အရ ကောင်လေးက သူ့ရည်းစားနဲ့ စကားများပြီး သူ့ရည်းစားဖုန်းကို ကိုင်ပေါက်လိုက်လို့ ဖုန်းကွဲသွားတယ်။ အဲဒီမှာ သူ့ကောင်မလေးက ဖုန်းဖိုးအလျော်တောင်းတော့ ပေးစရာမရှိဘူးဖြစ်နေတယ်။


အဲဒါနဲ့ ဖျာပုံမြို့နယ်၊ ကျုံစီရွာကသူ့အဒေါ်အိမ်မှာ လာနေရင်းနဲ့ ဒီကလေးမလေး နားဆွဲကိုတွေ့တော့ ကလေးကို ၀ါးရင်းတုတ်နဲ့ရိုက်၊ လည်ပင်းညှစ်၊ ရေနှစ်သတ်ပြီး နားဆွဲကို လုယက်သွားတာ ဖြစ်တယ်။ တရားခံကို ဒေသအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းဖမ်းဆီးခဲ့ရာမှာ ကျုံတာကျေးရွာနားက ကားလမ်းမပေါ်မှာ ဖမ်းမိခဲ့တယ်။


သူ့ကိုစစ်ဆေးတော့ သူ့အိပ်ကပ်ထဲကနေ ကလေးမလေးကို သတ်ပြီးဖြုတ်ယူထာတဲ့ သက်သေခံ နားဆွဲကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက ဧရာဝတီတိုင်းမ်ကိုပြောသည်။



ရဲတပ်ဖွဲ့၏စစ်ဆေးချက်အရ ဖိုးကဲ (ခ) ဖြိုးမင်းထွန်းမှာ ဇူလိုင်လ ၂၄ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်အချိန်တွင် တတိယတန်းကျောင်းသူ မခိုင်ဇင် ကျုံစီကျေးရွာရှိ ရန်အေးစေတီအနီးသို့ ထွက်ခွာသွားချိန်တွင် ဖိုးကဲ (ခ) ဖြိုးမင်းထွန်းက အနောက်မှ လိုက်သွားခဲ့ပြီး


စေတီအနီးအရောက်တွင် အသင့်ယူဆောင်လာသည့် ၀ါးရင်းတုတ်ဖြင့် ရိုက်နှက်ခဲ့ပြီး လည်ပင်းညှစ်၍ အနီးရှိ ရေမြောင်းအတွင်း ရေနှစ်သတ်ပြီးနောက် မခိုင်ဇင် ၀တ်ဆင်ထားသည့် နားဆွဲအား ဖြုတ်ယူခဲ့ကြောင်း၊ ထို့နောက် ရန်ကုန်တိုင်းသို့ ထွက်ပြေးတိမ်းရှောင်ရန် ကြိုးစားစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။


ဖိုးကဲ (ခ) ဖြိးမင်းထွန်း၏သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သည့် တတိယတန်းကျောင်းသူ မခိုင်ဇင်၏အလောင်းကို ဖျာပုံခရိုင် ဆေးရုံကြီးတွင် ရင်ခွဲစစ်ဆေးခဲ့ရာ လည်ပင်းအစ်၍ သေဆုံးရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။


အဆိုပါ လူသတ်မှုနှင့်ပတ်သတ်၍ ဖိုးကဲ (ခ) ဖြိုးမင်းထွန်းအား အရေးယူပေးရန် မခိုင်ဇင်၏ဖခင်ဖြစ်သူ ဦးအောင်သန်းဇော်မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ဖျာပုံမြို့မရဲစခန်းမှ ပြစ်မှုအမှတ် ၉၁၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု)၊ ၃၉၂ (လုယက်မှု) တို့ဖြင့် အမှုဖွင့်လှစ်ကာ ဖျာပုံမြို့မရဲစခန်းတွင် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။


Ayeyarwaddy_Times