ရန်ကုန်မှာ ခွေးစာကျွေးသဖြင့် အမျိုးသမီးတစ်ဦး ခံဝန်လက်မှတ်ထိုးသတိပေးခံရ

2019-07-24 23:00:38


ရန်ကုန်မှာ ခွေးစာကျွေးသဖြင့် အမျိုးသမီးတစ်ဦး ခံဝန်လက်မှတ်ထိုးသတိပေးခံရ

ပုဇွန်တောင်မြို့နယ်တွင် ခွေးစာကျွေးသော အမျိုးသမီးတစ်ဦးကို စည်ပင်ရုံးသို့ခေါ်၍ ခံဝန်လက်မှတ်ရေးထိုးခိုင်းပြီး သတိပေးမှုပြုလုပ်ခဲ့ကြောင်း ပုဇွန်တောင်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်မြတ်သူ ကပြောသည်။


အဆိုပါ ခွေးစာကျွေးသည့် အမျိုးသမီးမှာ ပုဇွန်တောင်မြို့နယ်၊ ရွှေဘုန်းပွင့်ဘုရားလမ်းတွင် ဇူလိုင်လ ၂၂ ရက်နေ့ ညပိုင်းက စည်းကမ်းမဲ့ခွေးစာကျွေးသော ဗီဒိယိုဖိုင်ကို CCTV မှတဆင့် သက်သေနှင့်တကွ အထောက်အထားရရှိခဲ့သောကြောင့် ဇူလိုင် ၂၃ ရက်တွင် ခေါ်ယူကာ ခံဝန်လက်မှတ်ရေးထိုးခဲ့ကြောင်း ၎င်းကဆိုသည်။


“ခွေးစာကျွေးတဲ့ အမျိုးသမီးကို အခြေအနေတွေကိုရှင်းပြပြီး ခံဝန်ကတိထိုးခိုင်းတယ်။ ကာယကံရှင်ကလဲ ကျေနပ်တယ်။ နည်းမှန်လမ်းမှန်နဲ့ ခွေးတွေကိုချစ်သွားပြီး စည်းကမ်းလိုက်နာသွားပါမယ် ပြောတဲ့အတွက် သူကိုလဲ ကျေးဇူးတင်ပါတယ်”ဟု ဦးမြင့်မြတ်သူကဆိုသည်။




ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နမိတ်အတွင်း အများပြည်သူနှင့်သက်ဆိုင်သောနေရာများတွင် တိရစ္ဆာန်များကိုအစာကျွေးမွေးပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အများပြည်သူနှင့်သက်ဆိုင်သည့်နေရာတွင် ကျန်းမာရေးနှင့် သန့်ရှင်းရေးကို ထိခိုက်စေသည့်တိရစ္ဆာန်များကို အစာကျွေးမွေးခြင်းမပြုလုပ်ကြရန် ပုဇွန်တောင်မြို့နယ်တွင် ဇူလိုင် ၂၂ ရက်နေ့က သတိပေးဗီနိုင်းများ ချိတ်ဆွဲထားကြောင်း သိရသည်။


တိရစ္ဆာန်များကို အစာကျွေးမွေးခြင်းပြုလုပ်ပါက ပုဒ်မ – ၃၂၂ (မ)အရ ငွေဒဏ် ကျပ်ငါးသောင်းကနေ ကျပ်တစ်သိန်းအထိဖြစ်စေ သို့ ထောင်ဒဏ် ၃ လအထိဖြစ်စေ ဒဏ် ၂ ရပ်လုံး ချမှတ်နိုင်မည်ဖြစ်ကြောင်း ပုဇွန်တောင်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။


ထို့ပြင် စည်ပင်ဥပဒေ ပုဒ်မ ၃၂၂ (ယ) အရ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများနှင့် လမ်းများပေါ်သို့ အညစ်အကြေး စွန့်ပစ်ခြင်းနှင့် အိမ်မွေးတိရစ္ဆာန်အညစ်အကြေးများ စွန့်ပစ်မယ်ပါက ငွေဒဏ်ကျပ် သုံးသောင်းမှ ကျပ်ငါးသောင်းအထိ ချမှတ်မည်ဖြစ်ကြောင်း ပုဇွန်တောင်မြို့နယ်၊စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။