ဗစ်​တိုးရီးယားအမှုမှာ ဘယ်​သူ​တွေ ဘာလုပ်​တယ်​ဆိုတာ သမိုင်းတွင်​ကျန်​ရစ်​မယ်​လို့ ဆရာသက္ကမိုးညို ​ပြော

2019-07-24 22:47:12


ဗစ်​တိုးရီးယားအမှုမှာ ဘယ်​သူ​တွေ ဘာလုပ်​တယ်​ဆိုတာ သမိုင်းတွင်​ကျန်​ရစ်​မယ်​လို့ ဆရာသက္ကမိုးညို ​ပြော

ဒုတိယ ရုံးချိန်း


ဒုတိယ ရုံးချိန်းမှာ သမီးလေး မိခင် ထွက်ဆိုခဲ့တာတွေကို မီဒီယာတော်တော်များများမှာလည်း ဖတ်ပြီးကြပြီး ဖြစ်မှာပါ။ မဖတ်ရသေးရင် ရှာဖတ်ပါ။ ကျွန်တော်ကတော့ အများ သိဖို့ ခဲယင်းတဲ့ ကလေးမိခင်က တရားရုံးကို ဦးတိုက် လျောက်ထားတဲ့ အကြောင်းကို ရေးချင်ပါတယ်။


ကလေးမိခင် တောင်းဆိုတာက ဆရာမ နှင်းနုလွင်ကို ရာဇသတ်ကြီး ပုဒ်မ ၂၀၂ အရ သတင်းပေးပို့ရန် ပျက်ကွက်မှုနဲ့ စွဲဆိုခဲ့တာ ဖြစ်ပြီး နောက်တခုကတော့ ရာဇသတ်ကျင့်ထုံးဥပဒေ ၅၃၉(ခ) အရ ရာဇဝတ်မှု ဖြစ်ပွားရာနေရာကို သွားရောက် စစ်ဆေးဖို့ပါ။


တရားသူကြီးအဖွဲ့ဟာ ဒီလျောက်လွှာ နှစ်စောင်ကို ပရိုစီဂျာ (လုပ်ထုံးလုပ်နည်း) မကျဘူးဆိုပြီး ဥပဒေရုံးကို ပြန်ပေးခဲ့ပါတယ်။ ကလေးမိခင်သည် တရားရုံးကို တိုက်ရိုက်လျောက်ထားရမှာ မဟုတ်ပဲ ဥပဒေရုံးက ဥပဒေအရာရှိကနေ တင်ပေးမှသာ လုပ်ထုံးလုပ်နည်း ကျမယ်လို့ ဆိုလိုရင်းပါ။


တရားသူကြီးသည် လျောက်လွှာနှစ်စောင်ကို လက်ခံတာ မခံတာ မဟုတ်သေးပဲ ပရိုစီဂျာ ကျအောင် လုပ်ရမယ် ဆိုပြီး ပေးခဲ့တာ ဖြစ်သလို တရားလို ဘက်က ရှေ့နေ ဒေါ်ရွက်နုအောင်ကလည်း ဒီလို တင်ခဲ့ပါကြောင်း မှတ်တမ်းတင်ထားဖို့ ပြောခဲ့ပါတယ်။ ဘာ့ကြောင့်လဲ။ ဘာ့ကြောင့် ဒီလို ပြောခဲ့ရတာလဲ။ ဘာကြောင့် လုပ်ထုံး လုပ်နည်းနဲ့အညီ ဥပဒေရုံးကနေ တဆင့် တင်ဖို့ မကြိုးစားခဲ့တာလဲ။


ဒါမှမဟုတ် တင်ဖို့ ကြိုးစားရဲ့နဲ့ ငြင်းပယ်ခံရလို့ လေလားဆိုတာလည်း တွေးသင့်ပါတယ်။ ဒီနေရာမှာ နှင်းနုလွင်သည် တရားရုံးရှေ့ကို သက်သေအဖြစ်နဲ့ လာစရာ ရှိလို့ နောက်ကျမှ စွဲရင်လည်း ပြဿနာ မရှိဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ ငြင်းမယ်ဆိုရင် ငြင်းနိုင်ပါတယ်။


ဒါပေမယ့် ကလေး မိခင် ထွက်ချက်မှာ ကလေးလေးသည် ဆရာမ နှင်းနု သိတယ်ဆိုတာကို မိခင်ကိုရော၊ ရဲတပ်ဖွဲ့ ရှေ့မှာရော၊ စီအိုင်ဒီမှာရော လေးခါလောက် တိတိကျကျ ထွက်ခဲ့ပါတယ်။ (ဆိုလိုတာက ကလေးအမေ အပြောတင်မကပါဘူး) ဒီလို ကလေးက တိတိကျကျ ပြောနိုင်နေတဲ့အတွက် သက်သေအဖြစ် မဆင့်ခေါ်ပဲ တရားခံအဖြစ် ဆင့်ခေါ်ဖို့ အားထုတ်တာဟာ မှားတယ်လို့ မဆိုနိုင်ပါဘူး။


အခုတော့ တရားရုံးက ပရိုစီဂျာ ကျအောင် ပြန်တင်လို့ ဆိုလိုက်တဲ့အတွက် ဒီလျောက်လွှာနှစ်စောင်ဟာ ဥပဒေ အရာရှိလက်ထဲကို ရောက်သွားပါပြီ။ ဥပဒေ အရာရှိက ဆက်တင်ပေးမလား။ မတင်ပေးပဲ ငြင်းပယ်မလား။


တရားခံ ရှေ့နေ ဦးခင်မောင်ဇော်တို့ကလည်း ကန့်ကွက်စရာ မရှိဘူးလို့ ဆိုပါတယ်။ မရှိတဲ့အပြင် အမှုဖြစ်ရာနေရာ အခင်းကို ကြည့်ဖို့က သူတို့လည်း တင်မယ် ဆိုပါတယ်။ ဒီတော့ ဆရာမ နှင်းနုလွင်ကို နောက်တိုး တရားခံ အဖြစ် သူတို့လည်း လျောက်ထားလာနိုင်ပါတယ်။ အဲဒီ အချိန်ကျမှ တင်မယ်ဆိုရင် တရားရုံးက လက်ခံမခံ ဆုံးဖြတ်ရပါလိမ့်မယ်။


ဘယ်သူတွေ ဘယ်လို လှုပ်ရှားကြမယ်ဆိုတာ သမိုင်းမှာ မှတ်တမ်းတင် ကျန်ရစ်ပါလိမ့်မယ်။


ဆရာသက္ကမိုးညို ဖေ့စဘွတ်အကောင့်မှ ကူးယူဖော်ပြပါသည်။