စက်လှေတိမ်းမှောက်မူ သေဆုံးသူ(၁၃)ဦးရှိပြီ

2019-07-24 22:14:46


စက်လှေတိမ်းမှောက်မူ သေဆုံးသူ(၁၃)ဦးရှိပြီ

စက်လှေတိမ်းမှောက်မူ သေဆုံးသူ(၁၃)ဦးရှိလာ၊ ပျောက်ဆုံးနေသူတစ်ဦးကို ရှာဖွေနေဆဲ


မလှိုင်မြို့နယ် ဇီးတောဆည်အတွင်း စက်လှေတိမ်းမှောက်မူနှင့်ပတ်သက်၍ အသက်(၂)နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအ၀င် စုစုပေါင်း အလောင်း(၁၃)လောင်း ဆယ်ယူရရှိထားပြီး ပျောက်ဆုံးနေသူတစ်ဦးကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း အဆိုပါနေရာတွင် ကူညီရှာဖွေရေး လုပ်ဆောင်နေသူများက ပြောသည်။




“အခု နေ့လည်ပိုင်းမှာ (၅)လောင်းထပ်တွေ့တယ်။ ကျန်တဲ့တစ်ယောက်ကိုတော့ ရှာနေတုန်းပဲ။ အခုရှာဖွေရေးလုပ်နေတာ စက်လှေ(၁၃)စီးလောက် ရှိတယ်”ဟု ဇီးတောဆည်အနီး ဆားတောင်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ပြောသည်။


မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် ဇီးတောဆည်အတွင်း ယနေ့ (ဇူလိုင်၂၄)နံနက်ပိုင်းက လူ(၂၀)ကျော်ပါ စက်လှေတစ်စီး တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ သေဆုံးသူများမှာ မြစ်သားမြို့နယ် ဟောင်းနွဲ့ကျေးရွာမှ ဖြစ်ကြပြီး ဒေသခံ(၂၄)ဦးသည် ဇီးတောဆည်အတွင်းရှိ သစ္စာရေလယ်ကျောင်းတိုက်သို့ ကောင်းမူကုသိုလ်ပြုလုပ်ရန် သွားရောက်ရာမှ ရေလည်တွင် စက်လှေတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။


ထိုသို့တိမ်းမှောက်ခဲ့ရာ စက်လှေပေါ်တွင် လိုက်ပါလာသူများအနက် (၁၀)ဦးကို အသက်ရှင်လျှက် ကယ်ဆယ်နိုင်ခဲ့သော်လည်း အမျိုးသား(၄)ဦးနှင့် အမျိုးသမီး(၉)ဦး သေဆုံးခဲ့ပြီး အမျိုးသား(၁)ဦး ပျောက်ဆုံးနေဆဲဖြစ်သည်။


“မိုးကျလာလို့ အမျိုးသမီးတစ်ယောက်က ထီးဖွင့်လိုက်တဲ့အချိန် လှေက လူးသွားတယ်လို့ ပြောတယ်။ အဲ့အချိန်မှာ တချို့က ကြောက်လန့်တကြားနဲ့ ရေထဲခုတ်ချကြတာ။ (၁၀)ယောက်ကတော့ လှေကို ကိုင်ထားကြတယ်။ အဓိကတော့ လှေပေါ်က ခုန်ချတဲ့သူတွေ သေဆုံးတဲ့သဘောလို့ ပြောတယ်”ဟု ဦးစိုးတင့်က ၎င်းကြားသိထားရသည့် အခြေအနေကို ပြောပြသည်။




ဇီးတောဆည်မှာ မလှိုင်၊ နွားထိုးကြီး၊ ၀မ်းတွင်းနှင့် မြစ်သားမြို့နယ်အစပ်တွင် တည်ရှီသည်။ စက်လှေတိမ်းမှောက်မူ ဖြစ်စဉ်တွင် အသက်ရှင်လျှက် ကယ်ဆယ်နိုင်ခဲ့သူများအနက်မှ (၂)ဦးကိုလည်း ဆေးရုံပို့ထားရကြောင်း နွားထိုးကြီးမြို့နယ် မီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။


ဇီးတောဆည်အတွင်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်။ ဓါတ်ပုံ – UWinMyint FB. နွားထိုးကြီးမြို့နယ် မီးသတ်တပ်ဖွဲ့ FB.


Mandalay_Indepth_News ( D Nae Thit )