ပုဂ္ဂလိကပိုင် လူစီးမော်တော်ယာဉ်များအားလုံး ဖောင်းကြွနံပါတ်ပြားပုံစံအသစ်များ အမြန်ဆုံးပြောင်းလဲတပ်ဆင်ရန် ကညန ကြေညာ


ပုဂ္ဂလိကပိုင် လူစီးမော်တော်ယာဉ်များအားလုံး ဖောင်းကြွနံပါတ်ပြားပုံစံအသစ်များ အမြန်ဆုံးပြောင်းလဲတပ်ဆင်ရန် ကညန ကြေညာ

ပုဂ္ဂလိကပိုင် လူစီးမော်တော်ယာဉ်များအားလုံး ဖောင်းကြွနံပါတ်ပြား ပုံစံအသစ်များကို အမြန်ဆုံးပြောင်းလဲ တပ်ဆင်ကြရန် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ကြေညာထားသည်။


ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက မတ်လ ၁၁ ရက်တွင် အထက်ပါကဲ့သို့ အသိပေးကြေညာထားခြင်း ဖြစ်သည်။


ကညနအနေဖြင့် နိုင်ငံပိုင်ဌာနဆိုင်ရာယာဉ်များ၊ အဝေးပြေးခရီးသည်တင်ယာဉ်များ၊ မြို့တွင်း ခရီးသည်တင် ယာဉ်လိုင်းများ၊ တက္ကစီယာဉ်များ၊ ကုန်တင်ယာဉ်များအားလုံးကို ၂ဝ၂၃ ခုနှစ် မတ်လကုန်အပြီး ဖောင်းကြွနံပါတ် ပြားပုံစံအသစ်များကို ပြောင်းလဲတပ်ဆင်ပေးလျက်ရှိသည်။


ထိုသို့ ပြောင်းလဲတပ်ဆင်ရာတွင် လက်ရှိအချိန်၌ အထက်ပါယာဉ်များအားလုံးမှာ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ် ကြောင်းလည်း ကညနက အသိပေးပြောဆိုထားသည်။


ထို့ကြောင့် ဆက်လက်ပြီး ပုဂ္ဂလိကလူစီးမော်တော်ယာဉ်များအား ဖောင်းကြွနံပါတ်ပြားပုံစံအသစ်များကို ဦးစားပေး ပြောင်းလဲတပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း ကညနက ဆိုထားသည်။


ပုဂ္ဂလိကလူစီးမော်တော်ယာဉ်များအားလုံးသည် နှစ်လဲသက်တမ်းတိုးချိန် ရောက်သည်ဖြစ်စေ၊ မရောက်သေးသည် ဖြစ်စေ သက်ဆိုင်ရာ ကညနရုံးများသို့ ဆက်သွယ်ကာ နံပါတ်ပြားပုံစံအသစ်များကို အမြန်ဆုံးပြောင်းလဲတပ်ဆင်ကြ ရန် အသိပေးကြေညာထားသည်။


ထိုသို့ ဖောင်းကြွနံပါတ်ပြားပုံစံအသစ် ပြောင်းလဲတပ်ဆင်ခြင်းဖြင့် မော်တော်ယာဉ်နံပါတ်ပြားကို အခြားတရားမဝင် ယာဉ်များ၌ တပ်ဆင်အသုံးပြုမှုကို ထိန်းချုပ်တားဆီးနိုင်ပြီး မော်တော်ယာဉ် တည်ရှိသည့်မြို့နယ်ကိုပါ ခွဲခြားသိရှိ နိုင်ကြောင်း သိရသည်။


ထို့ပြင် နံပါတ်ပြားပုံစံအသစ်တွင် တိုင်းနှင့် ပြည်နယ်တစ်ခုခု၏ သင်္ကေတအပြင် မြို့နယ်ကိုယ်စားပြုသည့် ဂဏန်း ဖော်ပြချက်နှင့် မော်တော်ယာဉ်အမျိုးအမည်ဖောက်ပြချက်တို့ကိုပါ ထည့်သွင်းပြီး ကညနမှ ရိုက်နှိပ်ပေးလျက်ရှိ သည်။


ယခင် မော်တော်ယာဉ်များတွင် တပ်ဆင်အသုံးပြုခဲ့သည့် ဖောင်းကြွနံပါတ်ပြားများ၌ တိုင်းနှင့် ပြည်နယ်တစ်ခုခု၏ သင်္ကေတ၊ ရောက်ရှိအက္ခရာနှင့် ဂဏန်းများသာ ပါရှိကြောင်း တွေ့ရသည်။


မြန်မာတစ်နိုင်ငံလုံး၌ ပုဂ္ဂလိပိုင် လူစီးမော်တော်ယာဉ်အစီးရေမှာ စုစုပေါင်း (၆)သိန်းနှင့်အထက် ရှိကြောင်း ကညန ၏ သတင်းအချက်အလက်များအရ သိရသည်။