ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဈေးဝယ်စင်တာတခု၏ အပြင်ဘက်တွင် မြန်မာအမျိုးသားတဦးက မြန်မာအမျိုးသမီးတဦးကို ဓားဖြင့်ထိုးသတ်သည့် မှုခင်းတခုဖြစ်ပွားခဲ့ကြောင်း ဘန်ကောက်ပို့စ် ထိုင်းသတင်းဌာနက ဖော်ပြသည်။
ဖြစ်စဉ်မှာ မတ်လ ၉ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ဘန်ကောက်မြို့ ပရက်တူနမ်ဝန်းကျင်ရှိ ဈေးဝယ်စင်တာတခု၏အပြင်ဘက်တွင် ကိုသက်လင်းဦးအမည်ရ မြန်မာအမျိုးသားက မဖြူမာအောင်အမည်ရ မြန်မာအမျိုးသမီးကို ဓားဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်သည်။
မှုခင်းဖြစ်စဉ်ကို ထိုင်းရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးချိန် ဈေးဝယ်စင်တာ၏ အရှေ့ဘက်တွင် ရင်ဘတ်၊ လက်နှင့် နောက်ကျောတို့တွင် ဓားဒဏ်ရာ ငါးချက်ရရှိထားသည့် အသက် ၃၄ နှစ်အရွယ် မဖြူမာအောင်ကိုတွေ့ရှိခဲ့ရပြီး ၎င်းအား နီးစပ်ရာဆေးရုံသို့ပို့ဆောင်ပေးခဲ့သော်လည်း သေဆုံးသွားခဲ့သည်။
ကိုသက်လင်းဦးသည် ပြစ်မှုကျူးလွန်ပြီးနောက် ထွက်ပြေးရန်ကြိုးစားစဉ် ဈေးဝယ်စင်တာလုံခြုံရေးအဖွဲ့များက ဝိုင်းဝန်းဖမ်းဆီးကာ ဖမ်းဆီးခဲ့ကာ ရဲလက်သို့အပ်ခဲ့ခြင်းဖြစ်သည်။
ကိုသက်လင်းဦးကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးရာတွင် ၎င်းနှင့် သေဆုံးသူ မဖြူမာအောင်တို့မှာ သစ်သီးဆိုင်ပိုင်ရှင်တဦးထံတွင် အလုပ်အတူလုပ်သူများဖြစ်ကြောင်း၊ ၎င်းမှာ အလုပ်တွင် ပျင်းယိခိုကပ်ပြီး ဖုန်းအမြဲသုံးနေသည်ဟု မဖြူမာအောင်က အလုပ်ရှင်ထံတိုင်ကြားခဲ့သည့်အတွက် ဒေါသစိတ်မထိန်းနိုင်သည့်တဒင်္ဂအတွင်း ဓားဖြင့် ၅ ချက် ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုသည်။
လတ်တလောတွင် ကိုသက်လင်းဦးအား လူသတ်မှုဖြင့် အမှုဖွင့်ထားပြီး သက်ဆိုင်ရာရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။