လူတိုက်ပြီး ထွက်ပြေးသည့် တရုတ်လူမျိုးအား ဝိုင်းဖမ်းပေးသူများကို ထောင်ဒဏ်ချ

2019-10-10 10:21:44


လူတိုက်ပြီး ထွက်ပြေးသည့် တရုတ်လူမျိုးအား ဝိုင်းဖမ်းပေးသူများကို ထောင်ဒဏ်ချ

လူတိုက်ပြီး ထွက်ပြေးသည့် တရုတ်လူမျိုးအား ဝိုင်းဖမ်းပေးသူများကို ထောင်ဒဏ်ချ


ဝမ်ပေါင်ကုမ္ပဏီမှ တရုတ်နိုင်ငံသား မောင်းနှင်းလာသောကား လူကိုတိုက်ထွက်ပြေးမှု ဝိုင်းဝန်း ဖမ်းဆီးသူ ၇ ဦးကို ငွေဒဏ် သုံးသောင်း(သို့) ထောင်ဒဏ်၁၅ရက်ချမှတ်


ရန်ကုန်၊ အောက်တိုဘာ ၉၊ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်း ၂ဝ၁၆ခုနှစ်တွင် တရုတ်နိုင်ငံပိုင် ဝမ်ပေါင် ကုမ္ပဏီမှ တရုတ်နိုင်ငံသားတစ်ဦး မောင်းနှင်လာသောကားသည် ဝက်မှေးကျေးရွာသူ မသွဲ့သွဲ့ဝင်းကို ဝင်တိုက်သွားပြီး မောင်းပြေးသောကြောင့် အဆိုပါကျေးရွာက ရွာသား၇ ဦးက ဝိုင်းဝန်းဖမ်းဆီးပေးခဲ့ရသော ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။


ကားမောင်းနှင်ခဲ့သော တရုတ်နိုင်ငံသားက ၎င်းကို ရွာသားများဝိုင်းဝန်းရိုက်နှက်သည်ဟုဆိုကာ ပုဒ်မ ၃၂၃၊ ပုဒ်မ ၄၄၇၊ ပုဒ်မ ၄၂၇တို့ဖြင့် အမှုဖွင့်ခဲ့ပြီး ၄ နှစ်နီးပါး အကြာ ယနေ့ အောက်တိုဘာလ ၉ရက်နေ့ တွင်ဆားလင်းကြီးမြို့နယ်တရားရုံးက ဝိုင်းဝန်းဖမ်းဆီးသူ ၇ဦးကို တစ်ဦးလျှင် ပုဒ်မတစ်ခုစီအတွက် ဒဏ်ငွေ ၃သောင်းကျပ်(သို့မဟုတ်) ထောင်ဒဏ်၁၅ရက်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း ဝက်မှေးကျေးရွာသူ မဖြူဖြူဝင်းကဆို ပါတယ်။


“ကျွန်မတို့ ရွာသူကိုတိုက်သွားတာမြင်လို့ အမိဖမ်းထားတာတောင်မှ အခုကျတော့ ရွာသူရွာသား ၇ယောက်ကို ဒဏ်ငွေ ၆သောင်းဆီ ဒဏ်ချလိုက်တယ်။ ဒဏ်ငွေပေးဆောင်ခဲ့တယ်ပေါ့။ သူတို့တွေက ကျုပ်တို့ နိုင်ငံကိုလာပြီးတော့ ရင်းနှီးမြှုပ်နှံမှုလုပ်သေးတယ်။ ကျုပ်တို့ နိုင်ငံက ဘုရားစင် နတ်စင်တွေကို သူတို့မြေဖို့တာ သူတို့နိုင်ငံမှာဆို အဖို့ခံနိုင်လား။ အဲဒီလို လူတစ်ယောက်ကို ကားနဲ့ အတင်းကြီးတိုက်ပြီးတော့ ထွက်ပြေးသွားတဲ့သူကို ဝိုင်းပြီးတော့မဖမ်းဘဲနဲ့ ဒါပါလို့ မဖမ်းနိုင်ရင် ဘယ်ပုဒ်မနဲ့ ဘယ်သူ့ကို သွားအရေးယူရမလဲ တရားစွဲရမလဲ။


အခုချမှတ်လိုက်တဲ့ ဥပဒေကိုလည်း ကျုပ်တို့မကြိုက်ဘူး။ ဘာလို့လည်းဆိုတော့ ကျုပ်တို့ကလည်းခံရသေးတယ်။ ဒီမှာဆေးရုံဆေးခန်းတွေကိုရောက်လို့ မှောက်ယက်ကိုကျတာ မတော်လို့ တက်နင်းမိရင်သေသွားနိုင်တယ်။ ကားရှေ့ကနေတိုက်တာ အဲတာကြီးအဖြစ်ကြီး တစ်ခုလုံးကို အဲလိုအတိုက်ခံရသေးတယ်။ အတိုက်ခံရတဲ့သူကိုပါ တရားစွဲတဲ့ထဲမှာ ထည့်ထားသေးတယ်။ ပြီးတော့အမှုသက်တမ်းကလည်း ကြည့်အုန်း ၂ဝ၁၆ တည်းက ၂ဝ၁၉ ရှိပြီ အခုဆိုရင် သူတို့ဥပဒေက တရုတ်ဘက်က မလိုက်ပေးဘူးလား”ဟု မဖြူဖြူဝင်းကဆိုပါတယ်။


တရုတ်နိုင်ငံသားက ပုဒ်မ ၃၂၃၊ ပုဒ်မ ၄၄၇တို့ဖြင့်တရားစွဲဆိုထားသူများမှာ မသွဲ့သွဲ့ဝင်း၊ ကိုနိုင်မိုး ၊ကိုဇော်ဦး တို့ဖြစ်ပြီး၊ ပုဒ်မ ၄၂၇ နှင့် ပုဒ်မ ၄၄၇ တို့ဖြင့်စွဲခံရသူများမှာ ဦးမောင်မောင်ကြီး၊ ဦးသန်းဝင်း၊ ဦးလှစန်း၊ ကိုမြင့်ဦး တို့ဖြစ်ပါတယ်။


တရုတ်နိုင်ငံသားကို မသွဲ့သွဲ့ဝင်းက ယာဉ်မဆင်မခြင်မောင်းနှင်မှုဖြင့် ပြန်လည်တရားစွဲဆိုခဲ့ပြီး ယင်းတရုတ်နိုင်ငံသားကို ဆားလင်းကြီးတရားရုံးက ငွေဒဏ်တစ်သိန်းချမှတ်ခဲ့ကြောင်း သိရှိရပါတယ်။ ဝမ်ပေါက်ကုမ္ပဏီသည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရင်းနှီးမြှုပ်နှံထားသော ကုမ္ပဏီဖြစ်ပြီး မြေသိမ်းမှုများကြောင့် ဒေသခံများနှင့် ပဋိပက္ခများ တင်းမာစွာ ဖြစ်ပွားလျက်ရှိပါတယ်။


ခေတ်သစ်မီဒီယာ