ကမ္ဘာ့အကြီးဆုံးစည်တော်ကြီး ရွှေ့ပြောင်းခဲ့ခြင်းနဲ့ သီတဂူဆရာတော်ကြီးတို့ရဲ့ နောက်ကွယ်က အကြောင်းရင်း


ကမ္ဘာ့အကြီးဆုံးစည်တော်ကြီး ရွှေ့ပြောင်းခဲ့ခြင်းနဲ့ သီတဂူဆရာတော်ကြီးတို့ရဲ့ နောက်ကွယ်က အကြောင်းရင်း

ကမ္ဘာ့အကြီးဆုံး စည်တော်ကြီးကို အင်းတော်မြို့နယ် လက်ပံကုန်း ကျေးရွာရှိ “ဆရာပွဲ” မြန်မာတူရိယာ အမျိုးမျိုး လုပ်ငန်းတွင် ထွင်းထုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ မြန်မာ့အကြီးဆုံး စည်တော်ကြီးကို ထွင်းထုခဲ့သည့် အသားမှာ ကုက္ကိုသား ဖြစ်ပြီး အင်းတော်မြို့ သင်္ချိုင်းရှင်းလင်းရာမှ ရရှိခြင်းဖြစ်ကြောင်းနှင့် စည်တော်ကြီး ထွင်းထု ပြုလုပ်မှုကို ၁၀ လတိုင်တိုင် ပြုလုပ်ခဲ့ရကြောင်း စည်တော်ကြီး ထွင်းထုခဲ့သည့် “ဆရာပွဲ” မြန်မာတူရိယာ အမျိုးမျိုး လုပ်ငန်းမှ ဦးကျော်ညွန့်က ပြောပြပါတယ်။




ကုက္ကိုသားဖြင့် ပြုလုပ်ခဲ့သည့် စည်တော်ကြီးမှာ အလျား ၁၂၈ လက်မ၊ အမြင့် ၆၄ လက်မ၊ စည်တော် မျက်နှာဝ အကျယ် ၅၄ လက်မရှိပြီး စည်တော်မျက်နှာပြင်အတွက် ကျွဲသားရေ နှစ်ချပ်နှင့် စည်တော်စည်ကျစ် ကြိုးအတွက် နွားသားရေ (၁၈)ချပ်ကို အသုံးပြုထားကြောင်း “ဆရာပွဲ” မြန်မာတူရိယာ အမျိုးမျိုး လုပ်ငန်းမှ သိရပါတယ်။


စည်တော် အတွင်းပိုင်းကို ဘုရားဟော တရားဒေသနာတော်နှင့် ဂါထာတော်များ၊ ဗာမဲ့ ဆရာတော်၏ ဂါထာတော်နှင့် လောကီ အစီအမံများ၊ စည်တော် အပြင်တွင် ဗုဒ္ဓဘုရားရှင်၏ ၁၀၈ ကွက်သော ဗုဒ္ဓခြေတော်ရာ စက်လက္ခဏာအား နတ်သားများ ပူဇော်နေသည့်ပုံကို ထည့်သွင်း၍ ကြည်ညိုဖွယ်ရာဖြစ်အောင် ပြုလုပ် ဆောင်ရွက် ထားတယ်လို့ သိရပါတယ်။


အဆိုပါ စည်တော်ကြီးမှာ တိုင်းပြည်အေးချမ်းသာယာစေကြောင်း အင်းကွက်များသာ ရေးသားထားတယ်လို့ ဆိုပေမယ့်လည်း စစ်တပ်အခါပေး ဆရာများကတော့ စည်တော်နဲ့ စစ်တပ်ကို ဓာတ်တူနာမ်တူ ယူထားတာကြောင့် စည်တော်ငြိမ်ရင် စစ်တပ်လည်း ငြိမ်တယ်ဆိုတဲ့ ယတြာလို့ စွပ်စွဲနေကြပါတယ်။




စည်တော်ကြီးရဲ့ အပြင်ဖက်မှာ ဗုဒ္ဓစက်တော်ရာ ထွင်းထုထားတာက အစီအရင်ကို ဖျက်ဆီးဖို့ လုပ်ရင် စက်တော်ရာကို အရင် ဖျက်ဆီးရတာမို့ တန်ပြင်အစီအရင်နဲ့ ဖျက်တဲ့သူ ပြန်ခံရအောင် လုပ်ထားတယ်လို့လည်း ပြောနေကြပါတယ်။


သီတဂူဆရာတော်ကြီးကတော့ စည်တော်ကြီးနဲ့ ပတ်သက်ပြီး အလွန်သဘောကျခဲ့ကာ “စည်တော်ကြီးက စည်တကာတို့ထက် လွန်ကဲသော ကြီးမားသော စည်တော်ကြီးဖြစ်တယ်။ စည်တီးရွာသားတွေ စည်တော်ကြီးကို တီးခွင့်ရကြလျှင် တပြည်လုံး တကမ္ဘာလုံး ဓမ္မစည်သံကြီး ခြိမ့်ခြိမ့်တီး သိမ့်သိမ့်ဟီးလိမ့်မည်” လို့ ဟောကြားခဲ့ပါတယ်။