မန္တလေး နန်းတွင်းထဲက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဗဟိုကင်းတိုက်ကို တိုက်ခိုက်ခဲ့ဟု GZP ထုတ်ပြန်၊


မန္တလေး နန်းတွင်းထဲက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဗဟိုကင်းတိုက်ကို တိုက်ခိုက်ခဲ့ဟု GZP ထုတ်ပြန်၊

မန္တလေးမြို့ နန်းတွင်းထဲမှာ ခြေကုပ်ယူထားတဲ့ စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) ဗဟိုကင်းတိုက်ကို ဒီဇင်ဘာ(၃)ရက် မနက်ပိုင်းက တိုက်ခိုက်ခဲ့တယ်လို့ မန္တလေးမြို့ပြပြောက်ကျား Generation Z Power – GZP ( Mandalay) က သတင်း ထုတ်ပြန်ပါတယ်။


ဒီဇင်ဘာ(၃)ရက် မနက်ပိုင်းက မန္တလေး နန်းတွင်းထဲက စစ်အုပ်စု ကင်းတဲကို GZP Mandalay ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ SHAR HTOO WAW နည်းပညာ တပ်ဖွဲ့တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


လပခရဲ့ ဗဟိုကင်းတဲကို နည်းပညာမြင့် တိုက်ခိုက်ရေးပစ္စည်း သုံးခုနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ် ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးနိုင်ပြီး အဆောက်အဦတွေလည်း ပျက်စီးခဲ့တယ်လို့ အတွင်းသတင်း ပေးပို့မှုအရ သိရကြောင်း GZP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။


အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရတဲ့သတင်းကို စစ်တပ်က သတင်းမပေါက်ကြားဖို့ အတင်းအကျပ် ဆောင်ရွက်ခဲ့ပြီး ဖမ်းဆီးရှာဖွေမှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း GZP က ဆိုပါတယ်။


GZP အဖွဲ့ဟာ မန္တလေးမြို့က စစ်ကောင်စီ လက်ပါးစေတွေ၊ စစ်အုပ်စုနဲ့ ပေါင်းပြီး ပြည်သူကို ရန်ပြု သောင်းကျန်း၊ သတ်ဖြတ်နေတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ မြို့ပြပြောက်ကျား တပ်ဖွဲ့ တစ်ဖွဲ့ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ နိုဝင်ဘာ (၂၁) ရက်က မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ် (၁၉)လမ်း၊ အဆုတ်ဆေးရုံရှေ့မှာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စကစ သုံးယောက် သေသလို GZP Mandalay ရဲဘော် နှစ်ဦးလည်း နေရာမှာပဲ မြင့်မြတ်စွာ ကျဆုံးပြီး နှစ်ဦး အဖမ်းခံရတယ်လို့ ထုတ်ပြန်ထားပါတယ်။