စစ်ကောင်စီက NLD ပါတီဝင် ဒေါ်စန္ဒာမင်း ကို ထုတ်သုံးပြီး ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်း


စစ်ကောင်စီက NLD ပါတီဝင် ဒေါ်စန္ဒာမင်း ကို ထုတ်သုံးပြီး ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်း

စစ်ကောင်စီက NLD ပါတီဝင် ဒေါ်စန္ဒာမင်း ကို ထုတ်သုံးပြီး ၂၀၂၃ ရွေးကောက်ပွဲဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းမှု မအောင်မြင်


စစ်ကောင်စီရဲ့ စီစဉ်မှုနဲ့ NLD ပါတီဝင် ဒေါ်စန္ဒမင်း ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစေကာ ၂၀၂၃ မှာ ကျင်းပမယ့် ရွေးကောက်ပွဲကိစ္စနဲ့ NLD ရုံးချုပ် ပြန်ဖွင့်ခွင့်ပြုဖို့ တိုက်တွန်းပေမယ့် ဒေါ်အောင်ဆန်းစုကြည်က လက်မခံခဲ့ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အသိုင်းအဝိုင်းမှ သိရပါတယ်။


နေပြည်တော် အကျဉ်းထောင်မှာ မတရားဖမ်းဆီး ချုပ်နှောင်ထားတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက NLD ပါတီဝင်တချို့နဲ့ တွေ့ဆုံဖို့ နိုဝင်ဘာ ၂၃ ရက်က အကျဉ်းထောင်ထဲက ဒေါ်အောင်ဆန်းစုကြည်ကို ခေါ်သွားတယ်လို့ သိရပါတယ်။


စစ်ကောင်စီက NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်စန္ဒာမင်းနဲ့ ဧရာဝတီတိုင်း NLD လူငယ် တာဝန်ခံဟောင်း ကိုတိုးလွင်တို့ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးခဲ့တာလို့ သိရပါတယ်။


အခုလို ၂၀၂၃ ရွေးကောက်ပွဲကိစ္စ၊ NLD ပါတီ ရုံးချုပ် ပြန်လည်ဖွင့်လှစ်ခွင့်ပြုရေး ကိစ္စတွေ တင်ပြရာမှာ ဒေါ်အောင်ဆန်းစုကြည်က လက်မခံခဲ့ဘူးလို့လည်း သိရပါတယ်။


“အခု အန်တီ (ဒေါ်အောင်ဆန်းစုကြည်) ကို သွားတွေ့တဲ့သူတွေကို အန်တီက လက်မခံဘူးလို့ ပြောလိုက်တယ်။ အန်တီလည်း လက်မခံဘူး။ ပြည်သူကလည်း လက်မခံဘူး။ နိုင်ငံတကာကလည်း လက်ခံမှာ မဟုတ်ဘူး။ ဒီရွေးကောက်ပွဲက တရားဝင်မှာ မဟုတ်ဘူး” လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဗဟိုကော်မတီဝင် တစ်ဦးက မှတ်ချက်ပြုပါတယ်။


စစ်ကောင်စီက ၂၀၂၃ ရွေးကောက်ပွဲမှာ NLD ပါတီ ဒါမှမဟုတ် NLD ပါတီကနေ ခွဲထွက်မယ့်သူတွေ ဝင်ပြိုင်စေဖို့ ကြိုးပမ်းနေပေမယ့် အဲဒီကြိုးပမ်းမှုက မဖြစ်နိုင်ဘူးလို့လည်း သူက ပြောပါတယ်။


လက်ရှိ စစ်ကောင်စီဆီမှာ ခံဝန်ထိုးပြီး နေထိုင်ကြတဲ့ NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်တွေ ဝင်ရောက်ယှဉ်ပြိုင်နိုင်ချေ ရှိမရှိကိုလည်း သူက အခုလို သုံးသပ်ပါတယ်။


“အဲဒါတွေက မဖြစ်နိုင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် သဘောထားပြောင်းမှ သူက ‌ရွေးကောက်ပွဲ ဝင်မယ်ဆိုတဲ့ လက္ခဏာပြမှ၊ အခုတောင်မှ တော်လှန်ရေး အချိုးအကွေ့မှာ NLD ပါတီကို ဝေဖန်နေတာတွေရှိတယ်။ ပြည်သူ အားလုံးက လက်နက်ကိုင် တော်လှန်ရေး လုပ်နေတဲ့အချိန်မှာ NLD ပါတီရဲ့ သဘောထားက ဘယ်လိုရှိလဲ ဆိုတဲ့ မေးခွန်းတွေရှိတယ်။


နောက်ပြီး လွှတ်တော်ကိုယ်စားလှယ်အချို့ တော်လှန်ရေးမှာ ပါဝင်ဆောင်ရွက်မှု မရှိဘဲ စကစနဲ့ ခံဝန်ထိုးတဲ့ ကိစ္စ၊ ပင်စင်လစာ ယူတဲ့ကိစ္စ အားလုံးကို ပြည်သူလူထုက လက်မခံဘူး။ လက်မခံတာတောင် စကစနဲ့ ပေါင်းပြီး ရွေးကောက်ပွဲ ဝင်ပြိုင်မယ်ဆိုရင်တော့ ပြည်သူ ထောက်ခံမှုရမှာ မဟုတ်ဘူး။ ဘယ်သူမှလည်း ရွေးမှာမဟုတ်ဘူး” လို့ သူက ဆိုပါတယ်။


ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်က လွတ်မြောက်ခဲ့တဲ့ ပါမောက္ခ မစ္စတာ ရှောင်တာနယ်က မီဒီယာနဲ့ တွေ့ဆုံစဉ်မှာ “‌ပြည်သူနဲ့အတူ ရပ်တည်နေပြီး မြန်မာပြည်သူတွေ ဒီမိုကရေစီအတွက် ခုခံနေကြတာကို ဂုဏ်ယူတယ်” နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အမှာစကားပါးခဲ့ကြောင်း ပြန်လည် လက်ဆင့်ကမ်းခဲ့ပါတယ်။


“ဒါကြောင့် ဒေါ်စုဟာ စကစရဲ့ယခင်က ကိုင်စွဲထားတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းကြောင်းပေါ်မှာ သူမရှိတော့ဘူး။ ဒေါ်စုဟာ တော်လှန်တဲ့ ပြည်သူတွေ၊ တော်လှန်တဲ့ လူငယ်တွေနဲ့အတူ ရပ်တည်မယ်ဆိုတဲ့ သဘောထားက ပေါ်လွင်ပါတယ်” လို့ ဝါရင့် နိုင်ငံရေးသမား တစ်ဦးက သုံးသပ်ပါတယ်။


လက်ရှိမှာ စစ်ကောင်စီဘက်က ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲပြုလုပ်ဖို့အတွက် နိုင်ငံရေးပါတီအချို့နဲ့ ပူးပေါင်း လုပ်ဆောင်နေတာရှိသလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထောက်ခံတဲ့ ဒီမိုကရေစီ‌ အရေးကို ထောက်ခံတဲ့ ပြည်သူတွေ၊ အင်အားစုတွေကို ရှင်းလင်းသတ်ဖြတ်တာ၊ မီးရှို့တာတွေ လုပ်ဆောင်နေပါတယ်။


>