မူးယစ်ဆေးမဟုတ်သဖြင့် အဆိုတော် ဖြိုးပြည့်စုံ အပါအဝင် ၃ ဦးကို ပြန်လွှတ်ပေး

2019-10-09 17:55:15


မူးယစ်ဆေးမဟုတ်သဖြင့် အဆိုတော် ဖြိုးပြည့်စုံ အပါအဝင် ၃ ဦးကို ပြန်လွှတ်ပေး

မူးယစ်ဆေးမဟုတ်သဖြင့် အဆိုတော် ဖြိုးပြည့်စုံ အပါအဝင် ၃ ဦးကို ပြန်လွှတ်ပေး


မူးယစ်ဆေးဝါးမှုနဲ့ ဗဟန်းရဲစခန်းမှာ ဖမ်းဆီးထိမ်းသိမ်းခံနေရတဲ့ အဆိုတော် ဖြိုးပြည့်စုံ အပါအဝင် ၃ ဦးကို အောက်တိုဘာ ၁၀ ရက် ဒီကနေ့ မွန်းလွဲပိုင်းက ပြန်လွှတ်ပေးလိုက်ပြီလို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ဒီဗွီဘီကို အတည်ပြုပြောပါတယ်။


ဖမ်းမိတဲ့ ဆေးပြားတွေဟာ မူးယစ်ဆေးဝါးမဟုတ်ကြောင်း စစ်ဆေးတွေ့ရှိရလို့ ပြန်လွှတ်ပေးလိုက်တာလို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ရဲမှူး လှဖုန်းကျော်က ပြောပါတယ်။


“သူဆီက ပထမဆုံးမိတဲ့ ကတ်တမင်းဆေးတွေကို ဓာတုဗေဒဝန်ရုံးကို ပို့ပြီးစမ်းသပ်တယ်။ ဒါတွေက မူးယစ်ဆေးဝါးမဟုတ်ကြောင်း ပြန်ကြားချက်ရတယ်။ ရတော့ ခရိုင်ဥပဒေကို ပြန်ပြီးတော့မှ မူးယစ်ဆေးဝါးမဟုတ်ပါဘူး ဆိုပြီး အကြုံပြုချက်တင်တယ်။


မဟုတ်တဲ့အတွက် ကြောင့် မူးယစ်ဆေးဝါးမှုနဲ့ တရားမစွဲဖို့ ဆိုပြီး အကြံပြုချက် ပြန်ရလို့ ရဲလုပ်ထုံးလုပ်နည်းနဲ့ အညီ ပြန်လွှတ်ပေးလိုက်တာ”


အဆိုတော် ဖြိုးပြည့်စုံ၊ တေးရေး ငြိမ်းချမ်းကိုနဲ့ တေးရေးရော်နီစန်းလွင်တို့ ၃ ယောက်ကို မူးယစ်ရဲတပ်ဖွဲ့က အောက်တိုဘာ ၇ ရက် ညနေပိုင်းက ရန်ကုန်မြို့ မြန်မာပလာဇာက ကော်ဖီဆိုင် တဆိုင်မှာ ဖမ်းဆီးပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ တားဆီးကာကွယ်ရေး ဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးအရေးယူထားတာ ဖြစ်ပါတယ်။


မူးယစ်ရဲတပ်ဖွဲ့က သတင်းအရ မြန်မာပလာဇာရှိ ကော်ဖီဆိုင် တဆိုင်မှာ ဖြိုးပြည့်စုံ အပါအဝင် ၃ ဦးကို ဝင်ရောက်ရှာဖွေ စစ်ဆေးရာမှ မူးယစ်ဆေးဝါးလို့ ယူဆရတဲ့ ဆေးပြား ၁၀ ပြား၊ အလေးချိန် ၁ ဒသမ ၄၇ ဂရမ် သိမ်းဆည်းရမိလို့ မူးယစ်တပ်ဖွဲ့က တရားလိုပြုလုပ်ကာ အမှုဖွင့် အရေးယူ ဆောင်ရွက်ခဲ့တာပါ။


ဖြိုးပြည့်စုံကိုယ်တိုင်ကတော့ အဆိုပါ ဆေးဝါးတွေဟာ ထိုင်းကနေ ဝယ်လာတဲ့ ဆေးပြားတွေဖြစ်ကြောင်း ထွက်ဆိုပြီး မူးယစ်ဆေး မဟုတ်ဘူးလို့ စတင် ဖမ်းဆီးစဉ်ကတည်းက ငြင်းဆိုထားပါတယ်။


Credit: DVB TV News