ကုန်းသာကျေးရွာခံတွေ ရွာကနေ ထွက်ခွာလို့မရအောင် စစ်ကောင်စီတပ်က ပိတ်ပင်ထား


ကုန်းသာကျေးရွာခံတွေ ရွာကနေ ထွက်ခွာလို့မရအောင် စစ်ကောင်စီတပ်က ပိတ်ပင်ထား

ကုန်းသာနဲ့ ဟူးမန်းရွာကြားမှာ စစ်ကောင်စီရဲ့ လေယာဥ္တစ်စီးတော့ ကျသွားပြီလို့ ဒေသခံတွေက ပြော


တအာင်းတပ်မတော် TNLA နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲပြင်းထန်မှုကြောင့် နမ့်ဆန်မြို့နယ်က ကျေးရွာအချို့မှ ဒေသခံတွေဟာ မြို့ပေါ်ကို စစ်ရှောင်လာကြပေမယ့် တိုက်ပွဲ ဖြစ်ပွားနေတဲ့ ကုန်းသာရွာခံတွေက ထွက်ပြေးလို့မရဘဲ စစ်ကောင်စီက ပိတ်ပင်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


တိုက်ပွဲနဲ့နီးတဲ့ ကျေးရွာ ၅ ရွာက ဒေသခံတွေဟာ မြို့ပေါ် ကးရှိ ဇယန်းကြီးကျောင်းမှာ ရောက်ရှိလာကြပြီဖြစ်ပြီး ထက်ဝက်ကတော့ မန်လုံရွာမှာ စုပေါင်းနေထိုင်ကြတယ်လို့ သွားရောက် ကူညီပေးတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။


“ဒီမှာတော့ အခြေအနေ စိုးရိမ်ရတယ်။ လေယာဥ်နဲ့ အပေါ်ကနေလဲ လှမ်းထုတယ်။ ပြီးတော့ နမ့်ဆန်၊ မန်တုံကနေလဲ လက်နက်ကြီးတွေ လှမ်းထုနေတော့ အ​ေခြအနေကတော့ မကောင်းဘူး။ အားလုံးက မန်လုံးရွာမှာ စုပေါင်းပြီး နေကြတယ် ငါးရွာပေါ့။ အဲမှာဆိုရင် မန်လုံး၊ ပိန်းလုံ၊ တာလောတ်ရယ်၊ ဟူးမန်းရယ် မန်လုံးလီရှောရယ်ပေါ့။ တစ်ဝက်ကတော့ မြို့ပေါ်ကိုရောက်ပြီ။ ရွာမှာဆိုရင် တစ်ဝက်တော့ ကျန်အုံးမယ်။ လူဦးရေတော့ မသိရဘူး။ ဟူးမန်းရွာကလူလည်း အခုလောလောဆယ်တော့ နမ့်ဆန်ကနေ အယောက် ၃၀၀ ကျော်တော့ လာကြိုသွားတယ်။ ရွာမှာဆိုရင် ကျန်တဲ့သူတွေက ကျန်တာပေါ့”


ကုန်းသာရွာ (ရဝ်ဘြာန်း)ခံတွေကိုလည်း အဆက်အသွယ် မရသေးသလို တိုက်ပွဲရှောင်လာလို့ မရကြသေးပဲ ပိတ်မိနေတယ်လို့ သူက ဆက်ပြောပါတယ်။ ကုန်းသာရွာခံနဲ့ ရွှေဖီမြေက နောက်ဆုံးအဆက်အသွယ်ရချိန်မှာ သူတို့ရွာထဲကို စစ်ကောင်စီတပ်တွေ ရှိနေပြီး ဖုန်းလက်ခံဖြေကြားလို့ အဆင်မပြေတဲ့အတွက် ဖုန်းပြန်ချသွားပါတယ်။


ကုန်းသာနဲ့ ဟူးမန်းရွာကြားမှာ စစ်ကောင်စီရဲ့ လေယာဥ္တစ်စီးတော့ ကျသွားပြီလို့ ဒေသခံတွေက ပြောပေမယ့် ရွှေဖီမြေက အတည်မပြုနိုင်သေးပါဘူး။

ဇယန်းကြီးကျောင်းမှာ လက်ရှိ စစ်ရှောင် ၂၀၀ နီးပါး ရောက်ရှိလာပြီဖြစ်ပြီး နောက်ထပ် စစ်ရှောင် ၅၀၀ ဝန်းကျင် ထပ်ရောက်လာမယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။




စစ်ရှောင်တွေအတွက် လောလောဆယ်အစားအသောက် လုံလောက်ပေမယ့် နောက်ရက်တွေအတွက် လိုအပ်ချက် ရှိလာမယ်လို့ ပြောပါတယ်။ TNLA တပ်စခန်းအနီးမှာ ဒီဇင်ဘာ ၇ ရက် နေ့လယ် ၂ နာရီဝန်းကျင်ကစပြီး တိုက်ပွဲဖြစ်ပွားနေပြီးတော့ ဒီနေ့အထိ နမ့်ဆန်၊ မန်တုံမြို့ပေါ်ရှိ တပ်စခန်းကုန်းကနေ လက်နက်ကြီးတွေ ပစ်ခတ်နေပြီး လေကြောင်းကနေလည်း ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။


#ဓာတ်ပုံ- Local (ဇယန်းကြီးကျောင်းသို့ ရောက်လာတဲ့ စစ်ရှောင်တွေ)


>