အောင်လ နဲ့ ဗီရာ တို့ ထိုးသတ်မယ့် ပွဲ ဘယ်အချိန်မှာ ဘယ်လိုင်းကနေ ကြည့်ကြမလဲ ?

2019-10-09 11:20:41


အောင်လ နဲ့ ဗီရာ တို့ ထိုးသတ်မယ့် ပွဲ ဘယ်အချိန်မှာ ဘယ်လိုင်းကနေ ကြည့်ကြမလဲ ?

အောင်လ နဲ့ ဗီရာ တို့ ထိုးသတ်မယ့် ပွဲ ဘယ်အချိန်မှာ ဘယ်လိုင်းကနေ ကြည့်ကြမလဲ ?


လာမယ့် အောက်တိုဘာလ 13 ရက်နေ့ ကတော့ အာရှက MMA ပရိသတ်တွေ အတွက် ထူးခြားတဲ့ နေ့တစ်နေလို့ ဆိုရမှာ ဖြစ်ပြီး ၊ အဲဒီနေ့မှာ တစ်နေကုန် One Championship ပွဲစဉ်တွေကို တိုက်ရိုတ် ကြည့်ရှုခွင့် ရရှိသွားမှာ ဖြစ်ပါတယ်။


ဂျပန်မှာ ကျင်းပမယ့် အဲဒီပြိုင်ပွဲရဲ့ အမည်ကို One : Century လို့ အမည်ပေးထားပြီး ၊ One Championship သမိုင်းကြောင်း တစ်လျှောက် အခမ်းနားဆုံးနဲ့ အာရှ ရဲ့ အကြီးကျယ်ဆုံး MMA ပြိုင်ပွဲတစ်ပွဲ ဖြစ်လာမှာ ဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲအတွင်း ကမ္ဘာကျော် ဖိုက်တာတွေရဲ့ ချန်ပီယံလုပွဲပေါင်း များစွာ ပါဝင်မှာ ဖြစ်တာကြောင့် ၊ ပွဲကိုလဲ Part 1 နဲ့ Part 2 ဆိုပြီး ခွဲခြား ကျင်းပသွားမှာ ဖြစ်ပါတယ်။


မြန်မာ့ ဂုဏ်ဆောင် အောင်လ အန်ဆန်း ရဲ့ ပွဲစဉ်ကတော့ Part 2 ရဲ့ အဓိက ပွဲအဖြစ် သတ်မှတ်ထားတာ ဖြစ်တာကြောင့် ၊ အောက်တိုဘာလ 13 ရက်နေ့ ရဲ့ ညနေခင်းလောက်မှာ စတင် ယှဉ်ပြိုင် ထိုးသတ်ကြဖွယ်ရှိနေပါတယ်။


Part 1 ပွဲစဉ်တွေထဲမှာတော့ အမျိုးသမီး Atomweight World Championship လုပွဲ အဖြစ် စင်္ကာပူက နာမည်ကျော် ဖိုက်တာ အိန်ဂျလာ လီ နဲ့ တရုတ်သူ ရှောင်ဂျီနန် တို့က ထိုးသတ်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Grand Prix Championship ရဲ့ ဗိုလ်လုပွဲတွေကိုလဲ ဒီကဏ္ဍမှာပဲ ဆက်လက် ကျင်းပသွားမှာ ဖြစ်ပါတယ်။


ဖလိုင်းဝိတ် Grand Prix Championship ဗိုလ်လုပွဲ အဖြစ် UFC ကနေ ပြောင်းရွှေ့ ထိုးသတ်လာတဲ့ ဒီမက်ထရီးရပ် ဂျွန်ဆင် ဟာ ဖီလစ်ပိုင် နိုင်ငံသား ဒန်နီ ကင်ဂတ် နဲ့ ဗိုလ်လုပွဲ အဖြစ် ယှဉ်ပြိုင် ထိုးသတ်မှာပါ။ လိုက်ဝိတ် Grand Prix Championship ဗိုလ်လုပွဲမှာတော့ စင်္ကာပူ က ဖိုက်တာ ခရစ်ရှန် လီ ဟာ တူရကီ က အာစလာနာလိဗ် နဲ့ ယှဉ်ပြိုင် သွားမှာပါ။ (အိန်ဂျလာ လီ နဲ့ ခရစ်ရှန်လီ တို့ဟာ မောင်နှမ တွေ ဖြစ်ပါတယ်။)


မြန်မာပြည်က အခြား ဖိုက်တာ တစ်ယောက် ဖြစ်တဲ့ ဖိုးသော်ဟာ တောင်ကိုရီးယားက ဖိုက်တာ ယွန်ချန်မင် ကို Part 1 ခေါင်းစဉ်အောက်မှာပဲ ထိုးသတ်သွားမှာ ဖြစ်ပါတယ်။


Part 1 ပွဲတွေကိုတော့ အောက်တိုဘာလ 13 ရက်နေ့ မနက်ပိုင်းမှာ ကျင်းပမှာ ဖြစ်ပြီး Skynet ရှိတဲ့ ပရိသတ်တွေက မနက် Skynet Sport 3 နဲ့ Skynet Sports HD လိုင်းတွေမှာ မနက် 6.30 ကနေ စတင် ကြည့်ရှုလို့ ရမှာ ဖြစ်ပါတယ်။ချန်ပီယံ လုပွဲတွေကိုတော့ နံနက် 9.30 ဝန်းကျင်မှာ စတင်မှာ ဖြစ်ကာ ၊ MNTV မှာလဲ ပြသသွားမယ်လို့ လို့ သိရပါတယ်။


Part 2 ပွဲစဉ်တွေမှာတော့ MMA ရွှေခါးပတ် လုပွဲ က 2 ပွဲ နဲ့ မွေးထိုင်းချန်ပီယံလုပွဲ 1 ပွဲ ၊ Kickboxing လုပွဲ တစ်ပွဲတို့ နဲ့ အတူ အခြား ပွဲစဉ်ပေါင်း များစွာ ပါဝင်လျှက်ရှိနေပါတယ်။ Parts 2 ရဲ့ အဓိက ပွဲကတော့ အောင်လ အန်ဆန်း နဲ့ ဗီရာ တို့ရဲ့ လိုက်ဟဲဗီးဝိတ် ချန်ပီယံ လုပွဲ ဖြစ်ပြီး ၊ ဘီဘီယာနို ဖာနန်ဒက် နဲ့ ဘယ်လီဂွန် တို့ရဲ့ ဘန်တန်ဝိတ် ရွှေခါးပတ်လုပွဲကလဲ ပရိသတ်တွေ အတွက် ဆွဲဆောင်မှု အပြည့် ရှိနေဦးမှာပါ။


ဟန်ရေးပြ အစီအစဉ်ကိုတော့ မနေ့က ဂျပန်မှာပဲ ပြုလုပ်သွားခဲ့ပြီး ၊ ဗီရာဟာ အောင်လ ရဲ့ ခြေထောက်ကန်ချက်တွေကို ခုခံဖို့အတွက် အကောင်းဆုံး ပြင်ဆင်လာတယ် ဆိုတဲ့ ပုံစံမျိုး ဟန်ရေးပြသွားခဲ့ပါတယ်။ သို့သော် သူဟာ ဟန်ရေးပြတဲ့ အခိုက်အတန့်အတွင်းမှာပဲ ခွျှေးတွေ တော်တော်ထွက်နေခဲ့တာကြောင့် ၊ သက်လုံး ပိုင်းတော့ အားနည်းနေတယ်လို့ ယူဆချင်စရာပါ။


အောင်လ ကြိုးဝိုင်းထဲကို ဟန်ရေးပြဖို့ ဝင်ရောက်လာချိန်မှာတော့ ဂျပန်က ပရိသတ်တွေက တစ်ခဲနက် ကြိုဆိုခဲ့ကြသလို ၊ မြန့်မာ့ သူရဲကောင်းကြီးကလဲ တိုက်ကွက်မျိုးစုံကို ပြသသွားခဲ့ပါတယ်။


အထူးသဖြင့် ဗီရာကို ထိုးသတ်ရမှာ ဖြစ်တာကြောင့် အောင်လ ရဲ့ ဝိတ်ကလဲ ပြည့်လာတယ်လို့ ခံစားရပြီး ၊ သူ့ရဲ့ ကန်ချက်တွေကို ထုတ်သုံးချိန်မှာလဲ ၊ ပြင်းအားက တော်တော်လေးကို ရှိနေခဲ့ကာ သတိထားမိပါတယ်။


အထူးသဖြင့် အောင်လ ရဲ့ နည်းပြ ဟင်နရီ ဟုဖ် ဟာ ကန်ချက်တွေ လေ့ကျင့်ပေးတဲ့ နေရာမှာ နာမည်ကြီးတစ်ယောက် ဖြစ်တာကြောင့် ၊ အခုလို အားပါတဲ့ ကန်ချက်တွေ ထုတ်သုံးလာဖို့ ပြင်ဆင်လာခဲ့ဟန် ရှိပါတယ်။


Part 2 ပွဲစဉ်တွေကိုတော့ အောက်တိုဘာလ 13 ရက်နေ့ နေ့ခင်းပိုင်း မြန်မာ စံတော်ချိန် 2.30 မှာ စတင်မှာပါ။ အောင်လ နဲ့ ဗီရာ တို့ ထိုးသတ်မယ့် အချိန်ကတော့ ညနေ 5.00 နာရီမှာ ဖြစ်လာဖွယ်ရှိနေပါတယ်။ အဲဒီပွဲစဉ်ကိုတော့ Skynet မရှိသူတွေ အနေနဲ့ MRTV Entertainment ကနေလဲ ပြသသွားမယ်လို့ ကနဦး သတင်းတွေ အရ သိရပါတယ်။


Credit – SPORTS MYANMAR