လေးကြိမ်မြောက် ထောင်ထပ်ကျမှတေ့ာစိုးရိမ်တယ်လေးစားပါတယ် ဦးမြအေး


လေးကြိမ်မြောက် ထောင်ထပ်ကျမှတေ့ာစိုးရိမ်တယ်လေးစားပါတယ် ဦးမြအေး

လေးကြိမ်မြောက် ထောင်ထပ်ကျမှာစိုးရိမ်ပေမယ့် ရွေးစရာလမ်းမရှိလို့ မြန်မာ့ဒီမိုကရေစီအရေး ဆက်လက် ဖော်ဆောင်သွားမယ်လို့ ကိုမြအေး ပြော


နိုဝင်ဘာ ၁၇ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသား ၆၀၀၀ နီးပါး လွှတ်ပေးခဲ့မှုမှာ ပါဝင်လာတဲ့ ၈၈ ကျောင်းသားမျိုးဆက်ခေါင်းဆောင်၊ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ကိုမြအေးက သုံးကြိမ်မြောက် ထောင်ကျခဲ့ပြီးဖြစ်လို့ လေးကြိမ်မြောက် ထောင်ထပ်ကျမှာစိုးရိမ်ပေမယ့် မြန်မာနိုင်ငံရဲ့ အနာဂတ်ကောင်းစားရေး ဟာ စစ်မှန်တဲ့ဒီမိုကရေစီရရှိမှသာဖြစ်နိုင်တာကြောင့် ရွေးစရာလမ်းမရှိဘဲ ဒီမိုကရေစီအရေးကို အကြမ်းမဖက် လမ်းစဉ်နဲ့ ဆက်လက်တောင်းဆိုလှုပ်ရှားသွားမယ်လို့ ဗီအိုအေနဲ့ အင်တာဗျူးမှာ ဖွင့်ဟပြောကြားသွားပါတယ်။


နိုဝင်ဘာ ၂၉ ရက်နေ့က ဗီအိုအေ အင်္ဂလိပ်ပိုင်းသတင်းမှာ အသက် ၅၆ နှစ်ရှိပြီဖြစ်တဲ့ ကိုမြအေးနဲ့ အင်တာဗျူး အစီအစဉ်ဖော်ပြပါရှိလာတာဖြစ်ပြီး အင်းစိန်ထောင်အတွင်း ဖမ်းဆီးခံရတဲ့လူငယ်တွေ အများကြီးရောက်လာရာမှာ နှိပ်စက်ခံထားရမှုတွေကို မျက်မြင်ကိုယ်တွေ့မြင်ခဲ့ရပြီး အရင် အာဏာသိမ်းစစ်တပ်ဖြစ်စဉ်တွေထက် ဒီတစ်ကြိမ် ညှင်းပန်းနှိပ်စက်မှုက အဆိုးဆုံးဖြစ်တယ်လို့လည်း အင်တာဗျူးမှာ ထုတ်ဖော်ပြောဆိုသွားတယ်။


၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မြန်မာစစ်တပ်က အာဏာသိမ်းပြီး ဒီနေ့မှာပဲ ကိုမြအေးနေအိမ်ကို စစ်သားတွေ ရောက်ရှိလာချိန် အပြင်မှာ ကားမောင်းနေရင်းက သူ့မှာ ဘာပြစ်မှုမှ မလုပ်ထားလို့ မကြောက်ဘဲ အိမ်ပြန်လာရင်း ဖမ်းဆီးခံခဲ့ရတာဖြစ်ကြောင်း၊ ဖမ်းခံရတဲ့ဖြစ်စဉ်မှာ အမှုက ပြည်သူ့အစိုးရလက်ထက် ၂၀၁၄ ခုနှစ်မှာ တရုတ် အရာရှိတစ်ဦးထံ ပို့ခဲ့တဲ့ အီးမေးလ်ကြောင့်ဖြစ်ပြီး အဲဒီတုန်းက ပြည်သူအစိုးရဟာ တိုင်းရင်းသားလက်နက်ကိုင် တွေနဲ့ အပြစ်အခတ်ရပ်စဲရေးသဘောတူညီမှုစာချုပ်ဖို့ တရုတ်အစိုးရရဲ့ အကူအညီတောင်းခံမှု ကိစ္စဖြစ်တယ်လို့ ကိုမြအေးက ပြောပြီး ဒီအီးမေးလ်ကြောင့် ၅၀၅ (ဂ) နဲ့ တရားစွဲလို့ ထောင်ဒဏ် နှစ်နှစ်ချမှတ်ခံလိုက်ရတာဖြစ် ကြောင်း၊ လွတ်ငြိမ်းနဲ့ပြန်လွတ်လာချိန်မှာ ပြစ်ဒဏ်ပြည့်ဖို့ နှစ်လသာလိုတော့ကြောင်းလည်း ထည့်သွင်းပြော ဆိုခဲ့တယ်။


“ရေကြည်အိုင်ထောက်လှမ်းရေးမှာ ၃၅ ရက်ကြာတယ်။ မတ်လမှာ အင်းစိန်ထောင်ရောက်တယ်။ နှိပ်စက်တာ ဘာညာမရှိခဲ့ပါဘူး။ လမ်းပေါ်က ပြည်သူတွေ ဆန္ဒပြနေတဲ့အသံတွေကြားနေရတော့ ပြောင်းလဲမှုတစ်ခုခုတော့ ဖြစ်မယ်လို့ပဲ ထောင်ထဲကနေ တွေးနေမိတယ်။ လူငယ်တွေ ထောင်ထဲကို အများအပြားရောက်ရောက်လာတော့ အံ့ဩရတယ်။ စစ်ကြောရေးမှာကတည်းက လူငယ်တွေကို နှိပ်စက်ညှင်းပန်းသံတွေကြားနေရတာပါ။ ထောင်ထဲ ရောက်လာတဲ့ လူငယ်များစွာဟာ နှိပ်စက်ခံထားရလို့ ဖူးရောင်ဒဏ်ရာတွေပရဗွနဲ့။ ခေါင်းမှာပတ်တီးတွေစည်းထားသူတွေလည်းမနည်းဘူး။


လက်ကျိုးလို့ ပတ်တီးသိုင်းထားရတဲ့လူငယ်တွေလည်း အများကြီးတွေ့ရတယ်။ အရင် ထောင်ကျခဲ့တဲ့အတွေ့အကြုံအားလုံးထက် ဆိုးရွားတဲ့ မြင်ကွင်းတွေကို မြင်ခဲ့ရ တယ်။ ကျွန်တော့်ရဲ့ ညီအစ်ကိုတွေလိုဖြစ်တဲ့ ကိုဂျင်မီနဲ့ ဇေယျာသော် အပါအဝင် လေးယောက်ကို ကြိုးပေး သတ်တာသိရတော့ အရမ်း စိတ်မကောင်းကြီးစွာဖြစ်ရတယ်။ ကိုဂျင်မီက ကျွန်တော်တို့နဲ့ တိုင်းပြည်ဒီမိုကရေစီရရေး တစ်လျှောက်လုံးအတူလက်တွဲလုပ်လာကြသူတွေ။ လူငယ်တွေကိုလည်း ဒီလို ထပ်ကြိုးပေးသတ်ဖြတ်မှာ စိုးရိမ်ခဲ့တယ်။ မိသားစုနဲ့လည်း မတွေ့ရဘူး။ ထောင်အခန်းထဲမှာ တီဗီမရှိဘူး။


သူတို့ထုတ်တဲ့ သတင်းစာပဲ ဖတ်ရတာတောင် ထောင်အာဏာပိုင်တွေက ဖမ်းဆီးတဲ့သတင်းတွေ၊ သေဆုံးသတင်းပါတဲ့နေရာတွေကို ဖြတ်ထားလို့ ဒီလိုမဖြတ်အောင် တောင်းဆိုခဲ့ကြရတယ်။ အရိုးသားဆုံးနဲ့ အပွင့်လင်းဆုံးပြောရရင် ကျွန်တော် နောက်တစ်ကြိမ်ထောင်ထဲဝင်ရမှာ စိုးရိမ်ပူပန်တာပေါ့။ ဒါပေမဲ့ ကျွန်တော် တို့နိုင်ငံ ပိုမိုကောင်းမွန်တဲ့အနာဂတ်ဖြစ်တည်လာစေဖို့ ဒီမိုကရေစီစနစ်ကသာ အကောင်းဆုံးနည်းလမ်းလို့ ယုံကြည်တဲ့အတွက် ရွေးချယ်စရာလမ်းမရှိဘူး။ ကျွန်တော့်ရဲ့ နိုင်ငံရေးအမြင်တွေကို ဆက်လက်ထုတ်ဖော်ပြီး နိုင်ငံအတွက် အလုပ်တွေ ဆက်လုပ်သွားရမှာပဲ” လို့ ကိုမြအေးက ပြောသွားခဲ့တယ်။


ကိုမြအေးဟာ ၈၈ တော်လှန်ရေးသပိတ်မှာ ခေါင်းဆောင်အဖြစ်ပါဝင်ခဲ့လို့ ၁၉၈၉ ခုနှစ်မှာ ဖမ်းဆီးခံရပြီး ပထမဆုံး အကြိမ်အဖြစ် ထောင်ဒဏ် ရှစ်နှစ်ချမှတ်ခံခဲ့ရတယ်။ ၁၉၉၆ ခုနှစ်မှာ ထောင်ကလွတ်လာပြီးနောက် ဒီမိုကရေစီအရေး ဆက်လက်လှုပ်ရှားခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ ဒုတိယအကြိမ် ဖမ်းဆီးခံရတယ်။ ဒုတိယအကြိမ်မှာ ထောင်ဒဏ် ၆၅ နှစ်နဲ့ ၆ လ ချမှတ်ခံရပြီး ၂၀၁၂ ဇန်နဝါရီ ၁၃ ရက်နေ့မှာ တခြားကျောင်းသားခေါင်းဆောင်တွေနဲ့အတူ ပြန်လွတ်မြောက်လာတယ်။ တတိယအကြိမ်အဖြစ် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ၂၀၂၂ နိုဝင်ဘာ ၁၇ ရက်နေ့မှာ လွတ်ငြိမ်းနဲ့ ပြတ်လွတ်မြောက်လာတာဖြစ်ပါတယ်။


MeKongNews


>