ဗိုလ်မှူး ဝင်းဌေးနိုင်ရဲ့ အလောင်းတင်လာတဲ့ စစ်ကားမိုင်းခွဲခံရလို့ စစ်သား ၄ ဦးသေ


ဗိုလ်မှူး ဝင်းဌေးနိုင်ရဲ့ အလောင်းတင်လာတဲ့ စစ်ကားမိုင်းခွဲခံရလို့ စစ်သား ၄ ဦးသေ

ကာကွယ်ရေးတပ်တွေ ဖမ်းဆီးစစ်ဆေးစဉ် သေနတ်လုရင်း သေဆုံးသွားတဲ့ ဗိုလ်မှူးဝင်းဌေးနိုင်ရဲ့ အလောင်း လာကောက်ပြီး ပြန်လာတဲ့ စစ်ကား ၂ စီး မိုင်းခွဲခံရပြီး စစ်သား ၄ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။


ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ဝဲရစ်ရွာ အနီးမှာ နိုဝင်ဘာ ၂၉ ရက်၊ မွန်းလွဲ ၁ နာရီခွဲ ဝန်းကျင်ခန့်မှာ ဘုတ်တောင်အနီးရှိ ဗိုလ်မှူးဝင်းဌေးနိုင်ရဲ့ အလောင်းကို သယ်ပြီး ပြန်လာတဲ့ စစ် ကား၂ စီးကို ‌ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်း ၃ လုံးခွဲပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားကာ စစ်သား ၄ ဦး သေပြီး ၅ ဦး ဒဏ်ရာရ သွားတယ်လို့ ပုတီးတစ်လုံး ပြောက်ကျားဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။


ထားဝယ်-ပုလော ကားလမ်းမပေါ်ရှိ ဘုတ်တောင်အနီးမှာ နိုဝင်ဘာ ၂၆ ရက်၊ ည ၇ နာရီခန့်က ခရီးသည်တင်ယာဉ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ဆေးရာမှာ အရပ်ဝတ်နဲ့ လိုက်ပါလာတဲ့ ဗိုလ်မှူးဝင်းဌေးနိုင် ဆိုသူကို ဖမ်းဆီး ရမိခဲ့တာပါ။


“ခရီးသည်တွေကို စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်ပေးတယ်။ ဗိုလ်မှူးကို ကျနော်တို့ ခေါ်သွားစဉ် လမ်းပိုင်းမှာ ရဲဘော်တစ်ဦးရဲ့ သေနတ်ကို ထလုတာကြောင့် ကိုယ့်အသက်ကို ကာကွယ်ရင်းနဲ့ ကျည်ထွက်ပစ်မိသွားတယ်” လို့ ကာကွယ်ရေးတပ် ရဲဘော်က ပြောပါတယ်။


ဝင်းဌေးနိုင် ဟာ စစ်ကောင်စီ ကြည်းတပ်အရာရှိ ဗိုလ်မှူးဖြစ်ပြီး ပုလောတပ်ရင်းမှ ထားဝယ်တပ်ရင်းသို့ တာဝန် ရွှေ့ပြောင်းစဉ် ဒေသကာကွယ်ရေးတပ်တွေက ဖမ်းဆီးခဲ့ပြီး သေနတ်လုတာကြောင့် သေသွားပြီးနောက် သူ့ရဲ့ အလောင်းကို လာကောက်တဲ့ စစ်ကား ၂ စီး အခုလို ထပ်မံ မိုင်းဆွဲ တိုက်ခံလိုက်ရတာ ဖြစ်ပါတယ်။


အဲဒီ တိုက်ခိုက်မှုကို ကျားရိုင်းတပ်ဖွဲ့၊ ပုတီးတစ်လုံး ပြောက်ကျားဖွဲ့၊ ဂဠုန်မင်း ပြောက်ကျားတပ်ဖွဲ့၊ မဟာမိတ်တွေ ဖြစ်တဲ့ အဖြူရောင်ရိန်းဂျား ပြောက်ကျားဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့တာပါ။


ထားဝယ်-မြိတ် ကားလမ်းမမှာ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲ အကြိမ်ကြိမ် ဖြစ်ပွားနေပြီး ခရီးသွား ပြည်သူ‌တွေ အနေနဲ့ ည ၆ နာရီမှ နံနက် ၄ နာရီအထိ လမ်းပေါ်မှာ ဖြတ်သန်း သွားလာတာ‌တွေ မပြုလုပ်ဖို့ တော်လှန်ရေး အဖွဲ့စည်းတွေက မေတ္တာရပ်ခံ ထားပါတယ်။