မြင်းမူမှာ မိုက်ကြေးခွဲထားတဲ့ ငွေနဲ့ ဝိုင်းဖွဲ့ အရက်သောက်နေတဲ့ စစ်အုပ်စုကို ဗုံးထု၊


မြင်းမူမှာ မိုက်ကြေးခွဲထားတဲ့ ငွေနဲ့ ဝိုင်းဖွဲ့ အရက်သောက်နေတဲ့ စစ်အုပ်စုကို ဗုံးထု၊

စစ်ကိုင်းတိုင်း မြင်းမူမြို့မှာ ပြည်သူကို ဖမ်းဆီးငွေညှစ် လက်နက်ပြ မိုက်ကြေးခွဲပြီး ဝိုင်းဖွဲ့ အရက်သောက်နေတဲ့ စစ်အုပ်စုကို ဗုံးထု တိုက်ခိုက်ခဲ့ရာ စကစ လေးယောက် သေပြီး နှစ်ယောက် ဒဏ်ရာရတယ်လို့ ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)က သတင်း ထုတ်ပြန်ပါတယ်။


ဒီနေ့ နိုဝင်ဘာ(၁၈)ရက် ညနေ(၇)နာရီကျော်က မြင်းမူမြို့ လေသာ ဘုန်းကြီးကျောင်းဝင်းအတွင်း ဝိုင်းဖွဲ့ အရက်သောက်နေတဲ့ စစ်အုပ်စုကို ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) – မြင်းခြံခရိုင် အမှတ် (၇) တပ်ရင်း နှင့် True Fighter တပ်ခွဲ (၃) တို့ ပူပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


“မြင်းမူမြို့တွင်းရှိ လေသာဘုန်းကြီးကျောင်း ဝန်းအတွင်း လက်ယာဘက် ထောင့်တွင် ဝိုင်းဖွဲ့ အရက်သောက်နေသော စခ ခြောက်ကောင်ကို မင်းကွတ်သီး တစ်လုံး ပစ်ကျွေးခဲ့ရာ စခ လေးကောင်မှာ အဝစား ဘဝပြောင်းသွားပြီး ကျန် နှစ်ကောင်မှာ အသက်ရှင်ဖို့ အတော်ကြိုးစားရမည် ဖြစ်ကြောင်း ခိုင်လုံစွာ သိရှိရပါသည်” လို့ ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)က ဖော်ပြပါတယ်။


စစ်အုပ်စုဟာ မြင်းမူမြို့ပေါ်နဲ့ စစ်ကိုင်း – မုံရွာလမ်းပေါ်မှာ ပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲတာ၊ ဖမ်းဆီးငွေညှစ်တာ၊ စိတ်ထင်တိုင်း ပစ်ခတ်သတ်ဖြတ် ရန်ပြု သောင်းကျန်းတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။