မြန်မာ့အသက်အငယ်ဆုံး လွှတ်တော်ကိုယ်စားလှယ်ရဲ့ နိုင်ငံရေးခရီး


မြန်မာ့အသက်အငယ်ဆုံး လွှတ်တော်ကိုယ်စားလှယ်ရဲ့ နိုင်ငံရေးခရီး

ကိုအောင်ဟိန်းမင်းဟာ ကချင်ပြည်နယ် ဖားကန့်နယ်ဘက်က ရေမဆေး ကျောက်တူးသမားတွေအတွက် အလုပ်လုပ်မယ်ဆိုပြီး ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ပါ။


“အရင်က ကျွန်တော့်အမြင်ပြောရရင် ကျွန်တော် ဝန်ခံတာပါ။ လက်နက်ကိုင်တော်လှန်ရေးကို မယုံကြည်ခဲ့ဘူး။ ဒါပေမဲ့ အခုကျွန်တော်တို့ ကြုံရတဲ့ခေတ်ကတော့ မကိုင်လို့ကို မရတော့ဘူးဖြစ်နေတာ”


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဝင်ရောက်ယှဉ်ပြိုင်တဲ့ တစ်နိုင်ငံလုံးမှာ အသက် အငယ်ဆုံး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး အသက် ၂၅ နှစ်ပဲ ရှိပါသေးတယ်။


နိုင်ငံရေးလောကထဲမဝင်ခင်တုန်းကတော့ သူဟာ ကျောက်တူးသမားဘဝနဲ့ နှစ်နှစ် အလုပ်လုပ်ခဲ့ပါတယ်။ အဲဒီအပြင် သူဟာ ဖားကန့် အခြေစိုက် သတင်းထောက် တစ်ယောက်လည်းဖြစ်ပါတယ်။


“ကျွန်တော်နေတဲ့ ဖားကန့်မဲဆန္ဒနယ်က ကျောက်စိမ်းထွက်တဲ့နေရာဖြစ်တယ်။ ဒါပေမဲ့ ကျောက်စိမ်းက နိုင်ငံတော်အတွက် အခွန်ရသင့်သလောက်မရဘူး။ ဆုံးရှုံးမှုတွေ ဖြစ်နေတယ်။ ဒီအတွက်ကို ကျွန်တော် လုပ်ချင်ခဲ့တယ်”


နိုင်ငံရေးသမားတွေရဲ့ အမှားအမှန်တွေကို သတင်းသမားတစ်ဦးအဖြစ် ဝေဖန်ထောက်ပြနေရင်း နောက်ဆုံး နိုင်ငံရေးလောကထဲ ခြေစုံပစ်ဝင်ခဲ့သူပါ။ ဒါပေမဲ့ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် သူလုပ်ချင်တာတွေ ဘာမှဖြစ်မလာခဲ့ပါဘူး။


“ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့က ငယ်လည်းငယ်တော့ စစ်တပ်ရဲ့ သတ်ဖြတ်ရက်စက်မှုတွေက မမြင်ခဲ့ဖူးဘူး။ သမိုင်းတွေထဲမှာတော့ ဖတ်ဖူးတယ်ပေါ့။ အရင်တုန်းက စစ်ဖြစ်တယ်ဆိုတာ လက်နက်ကိုင်နှစ်ဖွဲ့ဖြစ်တယ်လို့ပဲ အမြင်ရှိတာ…”


” ဒီလိုလက်နက်ကိုင်ဖို့ဆိုတာ စစ်တပ်ကတွန်းပို့ခဲ့တာ၊ စောစောစီးစီးကသာ နိုင်ငံရေးအရ ဖြေရှင်းဖို့ ရည်ရွယ်ချက်ရှိရင် ဒီလိုဖြစ်လာစရာမရှိဘူး။ သူတို့ရဲ့ ယုတ်မာရမ်းကားမှုတွေကြောင့်သာ ဒီနေ့ဒီအချိန်ထိဖြစ်လာတာ”


ကိုအောင်ဟိန်းမင်းဟာ အခုတော့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ အလုပ်လုပ်နေပါတယ်။ အာဏာသိမ်းပြီးနောက် ကိုအောင်ဟိန်းမင်းရဲ့ ဖားကန့်က နေအိမ်ကို စစ်ကောင်စီနဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တွေ လာရောက်ဖျက်ဆီးခဲ့ပါတယ်။ သူ့ရဲ့ မိသားစုဝင်တွေလည်း ပုန်းရှောင်နေရတာပါ။ ငယ်ငယ်ရွယ်ရွယ်နဲ့ နိုင်ငံရေးလောကထဲဝင်ခဲ့မိတာအတွက် ဘယ်တော့မှ နောင်တမရဘူးလို့လည်း သူကပြောပါတယ်။


“ကျွန်တော်ပါတီထဲစဝင်တုန်းကဆို ကိုမင်းကိုနိုင်တို့ ထောင်ကထွက်လာခါစ၊ ထောင်ထွက်တွေချည်းပဲ ကျွန်တော် မြင်ခဲ့ရတယ်။ ကိုယ်လည်းသူတို့လို လုပ်နိုင်သလား စဉ်းစားဖူးတယ်။ အဲဒီလိုလုပ်နိုင်တယ်ထင်လို့ ပါတီနိုင်ငံရေးထဲ ဝင်ခဲ့တာ။ အခု ၂၀၂၀ မှာတော့ ကြုံရမယ်လို့ မတွေးဖူးဘူး။ ဒါပေမဲ့ တစ်နေ့နေ့မှာ ကြုံရမယ်။ နိုင်ငံရေးမှာ အနိမ့်အမြင့် အတက်အကျရှိတယ်ဆိုတာ နားလည်ပြီးသားပါ”


ဖားကန့်ဟာ အာဏာသိမ်းပြီးကတည်းက စစ်အာဏာဆန့်ကျင်ရေး နေ့တိုင်းလမ်းမပေါ်ထွက်ဆန္ဒပြတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ ဒီဒေသကို စစ်ကောင်စီက အင်တာနက်လိုင်းတွေ ပိတ်ထားပါတယ်။


“သိပ်မကြာသေးခင်ကပဲ ကျွန်တော်တို့ အနမ့်ပါကို လေယာဉ်နဲ့ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်။ ယုတ်မာမှုတွေက တခြားဒေသတွေမှာလိုပဲ ဖားကန့်မှာလည်း ကျူးလွန်တယ်။ ဆယ်ဆင်းကျေးရွာ မီးရှို့ခံရ၊ လူသတ်ခံရ၊ အခုနောက်ပိုင်း ဆန္ဒပြတဲ့ရွာတွေကို ဖမ်းဆီးတာထက် သူတို့ စစ်ဗျူဟာကုန်းတွေကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တယ်။ ရွာတွေထဲကို ပစ်တယ်။”


RFA – အခုတော့ လွှတ်တော်လည်းမရှိဆိုတော့ လူငယ်တစ်ယောက် အနေနဲ့ ကိုယ့်ရဲ့ အနာဂတ်မျှော်မှန်းချက် ဘယ်လိုရှိပါသလဲ။


“ကျွန်တော်တို့လုပ်ချင်တာတွေ အကုန်လုံးက စစ်အာဏာရှင်ပြုတ်ကျမှဖြစ်တယ်။ ဆိုတော့ မင်းအောင်လှိုင်ကို ကျော်ပြီးတော့ ကျွန်တော်တို့ တွေးလို့မရဘူး။ အဲဒါကြောင့် ကျွန်တော်တို့ စိတ်တွေကို သူပြုတ်ကျရေးအတွက်ပဲ စုစည်းထားရတယ်”


ကိုအောင်ဟိန်းမင်းတို့ ဝင်ပြိုင်ခဲ့တဲ့ ၂ဝ၂ဝ ရွေးကောက်ပွဲဟာ အခုဆိုရင် နှစ်နှစ်ပြည့်သွားပါပြီ။ ဒီရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီက သောင်ပြိုကမ်းပြို နိုင်ခဲ့ပါတယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲလို့လည်း နိုင်ငံတကာက သတ်မှတ်ခဲ့တာပါ။


ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ဒီရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိတယ်ဆိုတဲ့အကြောင်းပြစွပ်စွဲချက်နဲ့ အာဏာသိမ်းခဲ့ပါတယ်။ အာဏာသိမ်းမှုကို လက်နက်ကိုင် ပြန်တွန်းလှန်ရင်း မြန်မာနိုင်ငံက လူငယ်တွေဟာ အသက်တွေပေးရ၊ ဘဝတွေပျက်ရနဲ့ မရေရာတဲ့ အနာဂတ်ကို ဖြတ်ကျော်နေရပါတော့တယ်။



>