ရန်ကုန်မြို့ (၂) နေရာမှာ ကလေး (၆၀) တပြိုင်နက်တည်း အစာအဆိပ်သင့်မှုဖြစ်ခဲ့ရခြင်း အကြောင်းရင်း


ရန်ကုန်မြို့ (၂) နေရာမှာ ကလေး (၆၀) တပြိုင်နက်တည်း အစာအဆိပ်သင့်မှုဖြစ်ခဲ့ရခြင်း အကြောင်းရင်း

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ အမှတ် ၂၉ အခြေခံမူလတန်းကျောင်း၌ ယနေ့ နေ့လည်ပိုင်းအချိန်က အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်မြို့အခြေပြု ပရဟိတအသင်းအဖွဲ့များထံမှ သိရှိရပါတယ်။ သာကေတမြို့နယ်၊ ၁၀ မြောက်ရပ်ကွက်၊ လယ်ယာ ၁ လမ်းရှိ အမှတ် ၂၉ အခြေခံမူလတန်းကျောင်းတွင် ယ​နေ့ နေ့လည် ၁၂ နာရီအချိန်က ကြာဇံကြော်များ လာရောက်လှူဒါန်းခဲ့မှုကို ကျောင်းသားကလေးငယ်များ စားသောက်ရာမှ ကလေး အယောက် ၃၀ ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။


အလားတူ ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၇ ရပ်ကွက်တွင်လည်း ယနေ့ နံနက်ပိုင်းက မွေးနေ့အလှူတစ်ခုတွင် ကြာဇံကြော်ကျွေးရာမှ အစာဆိပ်သင့်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ကလေးလူကြီး အယောက် ၃၀ ကျော် ဝေဒနာခံစားခဲ့ရတယ်လို့ သိရပါတယ်။


လက်ရှိတွင် အစာအဆိပ်သင့်မှုဖြစ်ပွားသည့် ကလေးငယ်များကို ရန်ကင်းနှင့်ဟယ်ပင်ကလေးဆေးရုံများတွင်ပို့ဆောင်ထားပြီး လူကြီးများအား နီးစပ်ရာဆေးရုံများကိုပို့ဆောင်ထားပြီးဖြစ်ကြောင်း ပရဟိတအသင်းများထံက သိရပါတယ်။


အစာအဆိပ်သင့်ခြင်း ဘာကြောင့် ဖြစ်တယ်ဆိုတဲ့အကြောင်းကို ဆက်လက် ဖော်ပြလိုက်ပါတယ်။ အစာအဆိပ်သင့်ခြင်း ဘာကြောင့်ဖြစ်သလဲ အဓိကအကြောင်းအရင်းသုံးခုအနက် တခုခုကြောင့် ဖြစ်တတ်ပါတယ်။  ၁။ ဘက်တီးရီးယား  အစာအဆိပ်သင့်ခြင်းကို အများဆုံးဖြစ်စေတဲ့ အကြောင်းအရင်းဖြစ်ပါတယ်။ အီကိုလိုင်၊ လစ်စတီးရီးယားနဲ့ ဆယ်မိုနဲလာ စတဲ့ ဘက်တီးရီးယားပိုးတွေကြောင့် ဖြစ်ပါတယ်။ ဆယ်မိုနဲလာဟာ အမေရိကမှာ အစာအဆိပ်သင့်ခြင်း အများဆုံးဖြစ်စေတဲ့ ဘက်တီးရီးယားဖြစ်ပါတယ်။ 


၂။ ကပ်ပါးပိုး  ကပ်ပါးပိုးမွှားတွေကြောင့် အဆိပ်သင့်ခြင်းဟာ ဘက်တီးရီးယားလောက် မများပေမယ့် ဖြစ်လာပြီဆိုရင် အန္တရာယ်များပါတယ်။ တောက်ဇိုပလပ်စမာဟာ အစာအဆိပ်သင့်ခြင်း အများဆုံးဖြစ်စေတဲ့ ကပ်ပါးပိုး ဖြစ်ပါတယ်။ ထူးခြားချက်ကတော့ လူတို့ရဲ့ အစာအိမ်အူလမ်းကြောင်းထဲမှာ မသိရဘဲ နှစ်နဲ့ချီပြီး ရှိနေနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ခံအားနည်းသူတွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ အူလမ်းကြောင်းထဲ ကပ်ပါးပိုးရှိနေရင် ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးတွေ ကြုံနိုင်ပါတယ်။


၃။ ဗိုင်းရပ်စ်ပိုးများ  ဗိုင်းရပ်စ်ပိုးကြောင့်လည်း အစာအဆိပ်သင့်ခြင်း ဖြစ်တတ်ပါတယ်။ Norwalk ဗိုင်းရပ်စ်လို့ သိကြတဲ့ norovirus ဟာ နှစ်စဉ် ကမ္ဘာတလွှားမှာ အစာအဆိပ်သင့်ခြင်းကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးပဲ ဖြစ်ပါတယ်။ Sapovirus, rotavirus နဲ့ astrovirus စတဲ့ ဗိုင်းရပ်စ်တွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ အသည်းရောင်ရောဂါပိုး အေ ဟာလည်း အစာကနေတဆင့် ကူးစက်နိုင်ပါတယ်။


များသောအားဖြင့် လူသားတွေစားသုံးနေတဲ့ အစားအစာတွေမှာ ရောဂါပိုးမွှားတွေ ပါဝင်နေပါတယ်။ ဒါပေမယ့် ချက်ပြုတ်တဲ့ မီးအပူကြောင့် ရောဂါပိုးမွှားများဟာ သေကုန်ကြပါတယ်။ ကောင်းစွာချက်ပြုတ်ထားခြင်းမရှိတဲ့ အစိမ်းစားစရာတွေကတော့ ရောဂါကူးစက်ဖို့ အခွင့်အလမ်းများပါတယ်။ ချက်ပြုတ်ပြင်ဆင်သူများအနေနဲ့ အစားအစာတွေကို ပြင်ဆင်ချိန်မှာ လက်ကိုသေချာမဆေးရင် အစားအစာတွေကနေ ကူးစက်နိုင်ပါတယ်။ အသားငါး၊ ဥအမျိုးမျိုး၊ နို့ထွက်ပစ္စည်းတွေကနေ ကူးစက်နိုင်ပါတယ်။


အစာအဆိပ်သင့်ခြင်းကို ဘယ်လိုကာကွယ်မလဲ အစားအသောက်တွေကို သန့်ရှင်းစွာ ထားရပါမယ်။ လတ်လတ်ဆတ်ဆတ် စားသောက်ရပါမယ်။ အစားအစာတချို့ကတော့ ပြင်ဆင်တဲ့ပုံစံအရကို အစာအဆိပ်သင့်ဖို့ အခွင့်အလမ်းများနေပါတယ်။ အသားငါး၊ ကြက်ဘဲ၊ ဥအမျိုးမျိုး၊ ငါး စတာတွေကို ပြင်ဆင်ချက်ပြုတ်ရာမှာ သေချာစွာ အပူပေးချက်ပြုတ်သင့်ပါတယ်။ ကောင်းကောင်းမကျက်ဘဲစားမိရင် အစာအဆိပ်သင့်ခြင်း ကြုံနိုင်ပါတယ်။ ဒါ့အပြင် ပြင်ဆင်ချက်ပြုတ်ချိန်မှာ လက်ကို သန့်ရှင်းစင်ကြယ်စွာ ဆေးသင့်ပါတယ်။ 


သေချာစွာ ထုပ်ပိုးသိုလှောင်ထားတဲ့ အစားအစာတွေကိုပဲ ရွေးချယ်ဝယ်ယူပါ။ အသီးအနှံ ဟင်းသီးဟင်းရွက်များကို မချက်ပြုတ်ခင် ရေသေချာဆေးပါ။ အစိမ်းစားတဲ့ အသီးအရွက်များကိုလည်း သေချာစွာ စိစစ်ဝယ်ယူပြီး ရေသေချာဆေးပါ။ (Hello Sayarwon)