လားရှိုးမြို့တွင်း ရေချောင်းထဲ အနီရောင် ရေအဖြစ် ပြောင်းလဲ စီးဆင်းနေတယ်ဆိုတဲ့ ရုပ်သံ


လားရှိုးမြို့တွင်း ရေချောင်းထဲ အနီရောင် ရေအဖြစ် ပြောင်းလဲ စီးဆင်းနေတယ်ဆိုတဲ့ ရုပ်သံ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် ၁၂ အတွင်း ရေနုတ်ချောင်းထဲတွင် ချောင်းရေများ အနီရောင်အဖြစ် ပြောင်းလဲပြီး စီးဆင်းလာနေကြောင်း စုံစမ်းသိရှိရသည်။


ယမန်နေ့ အောက်တိုဘာ ၂၉ ရက် နေ့လည် ၁၂ ခွဲအချိန်မှ စတင်ပြီး ကောက်ကွေ့ချောင်းမှ စီးဆင်းလာသော ချောင်းရေသည် အနီရောင်အဖြစ် ပြောင်းလဲပြီး စီးဆင်းနေသည်ကို တွေ့ခဲ့ရကြောင်း ရပ်ကွက် ၁၂ အတွင်းရှိ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။


“ မနေ့က ချောင်းရေသွေးအနီ ပြောင်းပြီး စီးလာနေတယ်လို့ ကြားတော့ သွားကြည့်တယ်။ သွေးညီနံ့ မရတော့ သွေးတော့ မဟုတ်လောက်ဘူး။ တချို့က ပြောကြတယ် အပေါ်မှာ သူများဆေးထည့်တာတဲ့။ တချို့ကလည်း ဝက်သတ်တယ် ပြောကြတယ်။ တကယ့် သွေးဆိုရင် ဒီလောက်အကြာကြီး မစီးလာနိုင်ဘူး။ ကျမတို့ကလည်း အပေါ်ထက်ပိုင်း သွားမကြည့်တော့ သူများဘာလုပ်နေမှန်းလည်း မသိဘူး “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။


အဆိုပါ ချောင်းရေ အနီရောင်အဖြစ် စတင်စီးဆင်းလာရာ ယမန်နေ့ နေ့လည် ၁၂ နာရီခွဲဝန်းကျင် ဖြစ်ပြီး နေ့လည်ပိုင်း ၂ နာရီ ဝန်းကျင်လောက်တွင် ချောင်းရေများ ပြန်ကြည်လာကြောင်း သိရသည်။


ကောက်ကွေ့ချောင်းသည် လားရှိုးမြို့၏ အထက်ပိုင်းတွင်တည်ရှိပြီး တောတောင် သဘာဝမှ စီးဆင်းလာပြီး ရပ်ကွက် ၁၂ ထဲရှိ ရေနုတ်ချောင်းထဲသို့ စီးဝင်လာကြောင်း သိရသည်။“ ဒီနေ့တော့ ချောင်းရေက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီ။ အရင်တုန်းက ဒီကောက်ကွေ့ချောင်းရေကို သောက်သုံးရေအနေနဲ့ သုံးသေးတယ်။ နောက်ပိုင်း ချောင်းရေတွေက အညစ်အကြေးတွေနဲ့ အရမ်းညစ် ပတ်လာတော့ သူများမသုံးတော့ဘူး။


အခုဆိုရင်တောင် ရေအနီရောင်ပြောင်းပြီး စီးလာတော့ မသိတဲ့သူဆို ကြောက်နေကြတယ် “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။ထို့အပြင် မိုးတွင်းကာလအချိန်မှာလည်း ကောက်ကွေ့ချောင်းသည် ရေကြီးရေလျှံပြီး ရပ်ကွက် ၁၂ အတွင်းရှိ ရေနုတ်ချောင်းထဲသို့ ရေစီးဝင်လာသဖြင့် ရေအဆမတန်မြင့်တက်လာခဲ့ဖူးကြောင်း သိရသည်။