ပြီးခဲ့တဲ့ရက်ပိုင်း နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်မှာ ကျင်းပနေတဲ့ အထွေထွေညီလာခံရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့ တတိယ ကော်မတီရဲ့ အစည်းအဝေးမှာ လက်ရှိ မြန်မာဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းရော၊ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို စောင့်ကြည့် လေ့လာပြီး အစီရင်ခံစာ ရေးသား တင်းသွင်းရတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ထောမတ်စ် အင်ဒရူးပါ၊ နှစ်ယောက် စလုံး ရှိနေခဲ့ကြပါတယ်။
အဲဒီ တတိယ ကော်မတီဆိုတာ လူ့အခွင့်အရေးနဲ့ စာနာမှုဆိုင်ရာ အကျပ်အတည်းတို့ အပါအဝင် လူမှု အသိုင်းအဝိုင်းနဲ့ ယဥ်ကျေးမှုဆိုင်ရာ ကိစ္စချင်းရာတွေ အပေါ် အာရုံစိုက် ကိုင်တွယ်ဖို့ ဖွဲ့စည်းထားတာ ဖြစ်ပြီး၊ အထွေထွေ ညီလာခံကြီးရဲ့ အဓိက ကော်မတီကြီး ၆ ခုထဲက တစ်ခု ဖြစ်ပါတယ်။
ဦးကျော်မိုးထွန်းနဲ့ တွမ်အင်ဒရူးစ်တို့ ကော်မတီကို ပြောကြားတဲ့ အထဲမှာ အာဏာသိမ်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူတွေ အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရတဲ့ ဖားကန့် ဂီတပွဲ ဖြစ်ရပ် အကြောင်း ပါဝင်ပါတယ်။
“ယူကရိန်းပြည်သူတွေ တိုက်ခိုက် ခံနေရတဲ့ လက်နက် အမျိုးအစားတွေကိုပဲ သုံးပြီး မြန်မာပြည်သူတွေ တိုက်ခိုက် ခံနေရတာ ဖြစ်တယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ရုရှားဆိုတဲ့ ရင်းမြစ်တစ်ခုတည်းကနေ လာတဲ့ လက်နက်တွေ ဖြစ်နေလို့ပဲ။
ယူကရိန်းနဲ့ မြန်မာပြည်ဟာ အခြေအနေတွေ ထပ်တူ ကြုံတွေ့ နေရပေမယ့်၊ မြန်မာအရေး အပေါ် ကမ္ဘာကြီးရဲ့ အရေးယူ တုန့်ပြန်မှုကျတော့ ဘာဖြစ်လို့ လျော့နည်း နေရသလဲ” ဆိုပြီး မစ္စတာ အင်ဒရူးစ်က မေးခွန်းထုတ်ပါတယ်။