ကမ္ဘာကျော် သူဌေးကြီး အီလွန်မတ် တွစ်တာကို အပိုင်ဝယ်ယူလိုက်ရတဲ့ နောက်ကွယ်က အကြောင်းရင်း


ကမ္ဘာကျော် သူဌေးကြီး အီလွန်မတ် တွစ်တာကို အပိုင်ဝယ်ယူလိုက်ရတဲ့ နောက်ကွယ်က အကြောင်းရင်း

အီလွန်မတ် တွစ်တာကို ဝယ်လိုက်ခြင်း။ ယနေ့ပဲ စီအန်အန်၊ ဘီဘီစီ စတဲ့ သတင်းတွေမှာ ဆိုရှယ်မီဒီယာ တစ်ခုဖြစ်တဲ့ တွစ်တာကို ဘီလျံနာသူဌေးကြီး ‘အီလွန်မတ်’ က အမေရိကန်ဒေါ်လာ ၄၄ ဘီလီယံနဲ့ ဝယ်လိုက်တဲ့ သတင်းပါလာတယ်။ အီလွန်မတ်နဲ့ တွစ်တာ တို့ဟာ အရောင်းအဝယ်ဖြစ်ဖို့ ၆လကြာ တရားရင်ဆိုင်တာ၊ ဆွေးနွေးတာတွေ လုပ်ခဲ့ရတယ်။


ဒေါ်လာ ၂၂၀ ဘီလီယံချမ်းသာတဲ့ သူဌေးကြီးအီလွန်မတ်က တွစ်တာ ကို ဘီလီယံ ၄၀ နဲ့ ဝယ်လိုက်တာ မဆန်းဘူးဘို့ ထင်ရပါတယ်။ ဒါပေမဲ့ အဲဒီသတင်းမှာ ထူးခြားတဲ့ အချက်တချို့ကို တွေ့ရတယ်။ ထူးခြားတဲ့ ပထမအချက်က တွစ်တာမှာ ၁၀ နှစ်ကျော် CEO လုပ်လာခဲ့တဲ့ ပါရတ်အဂရာဝါ (Mr. Parag Agrawal) ဟာ ရုတ်တရက် နှုတ်ထွက်သွားပါတယ်။ သူ မနှုတ်ထွက်လည်း အီလွန်မတ်က သူ့ကို အလုပ်ဖြုတ်တော့မှာ သေချာပါတယ်။


ဘာကြောင့်လဲဆိုတော့ သူတို့နှစ်ယောက်ဟာ တွစ်တာကို ရောင်းဖို့ စီစဉ်နေကြချိန်မှာ တစ်ယောက်နဲ့တစ်ယောက် လူသိရှင်ကြား အီးမေးတွေနဲ့ တိုက်ခိုက်နေကြပါတယ်။ အဂရာဝါနဲ့အတူ ထိပ်ပိုင်းအရာရှိအတော်များများလည်း နှုတ်ထွက်ကုန်ကြတယ်။ သူတို့က အီလွန်မတ်နဲ့ လက်တွဲလုပ်လို့ မဖြစ်ဘူးလို့ ပြောကြတယ်။ အီလွန်မတ်ကလည်း အဂရာဝါနဲ့ အဲဒီလူတွေဟာ အရှုံးပေါ်နေတဲ့ တွစ်တာကို ကယ်တင်နိုင်တဲ့ အရည်အချင်းမရှိကြဘူးလို့ ပြောတယ်။ အဂရာဝါဟာ နှုတ်ထွက်လို့ သူပိုင်ထားတဲ့ ရှယ်ယာတွေကို ကုမ္ပဏီထံ ပြန်အပ်နှံရမယ်။ အဲဒီအတွက် ဒေါ်လာ ၄၂ သန်းလောက် အလျော်ရမှာဖြစ်တယ်။


ထူးခြားတဲ့ ဒုတိယအချက်က အီလွန်မတ်က တွစ်တာ ရှယ်ယာပိုင်ထားသူတွေဆီကနေ ရှယ်ယာအားလုံးကို ရှယ်ယာတစ်စုကို ၅၄.၀၂ ဒေါ်လာနဲ့ ပြန်ဝယ်မယ်လို့ ကြေညာလိုက်တယ်။ အဲဒါဆိုရင် တွစ်တာဟာ အများပိုင်ကုမ္ပဏီမဟုတ်တော့ဘဲ ပုဂ္ဂလိကကုမ္ပဏီပြန်ဖြစ်သွားမယ်။


အီလွန်မတ် ရှယ်ယာတွေကို ပြန်ဝယ်လိုက်တာ အကြောင်းရှိပါတယ်။ သူ့အကြောင်းရေးထားတဲ့ စာအုပ်တွေကို ဖတ်ကြည့်ရင် သူတည်ထောင်ခဲ့တဲ့ အိက်စ်ဒေါ့ကွန်း ကုမ္ပဏီက (ရှယ်ယာအများဆုံးပိုင်သူတွေနဲ့ ဖွဲ့စည်းထားတဲ့) ဒါရိုက်တာဘုတ်အဖွဲ့က သူ့ကို CEO ကနေ ဖြုတ်ချခဲ့တာ ဖတ်ရမယ်။ ဒါကြောင့် သူဟာ ကုမ္ပဏီမှာ တတ်နိုင်ရင် ရှယ်ယာမရောင်းချင်ဘူး။ ရှယ်ယာပိုင်သူတွေ မထားချင်ဘူး။


နောက်ပြီး သူဟာ CEO အရမ်းဖြစ်ချင်တယ်။ CEO ဖြစ်မှ ကုမ္ပဏီကို သူ့ခြေသူ့လက် လုပ်နိုင်မယ်လို့ ယုံကြည်တယ်။ ဒါကြောင့်လည်း အာကာသထဲ ဒုံးပျံထုတ်လုပ်လွှတ်တင်တဲ့ စပေ့အိက်စ်ကုမ္ပဏီနဲ့ လျှပ်စစ်ကားထုတ်တဲ့ တက်စ်လာ ကုမ္ပဏီတွေမှာ CEO ဖြစ်နေတဲ့ အီလွန်မတ်ဟာ တွစ်တာ မှာလည်း CEO ရာထူးယူလိုက်ပါတယ်။


ထူးထူးခြားခြားတွေလုပ်တတ်တဲ့ အီလွန်မတ်တစ်ယောက် တွစ်တာကို ဝယ်ပြီး ဘာတွေလုပ်မလဲဆိုတာ စောင့်ကြည့်ရအောင်ပါ။ ဗန်းမော်သိန်းဖေ ၂၈-၁၀-၂၀၂၂

>