သီတင်းကျွတ်လကွယ်နေ့ နေကြတ်၍ တန်ဆောင်မုန်းလပြည့်နေ့ လကြတ်မည်။ နေကြတ်ခြင်း၊ လကြတ်ခြင်း ဖြစ်စဉ်များဟာ နေ၊ ကမ္ဘာ နှင့် လ တို့ တတန်းတည်းကျရောက်ချိန် (တနည်းအားဖြင့်) လပြည့်၊ လကွယ် အချိန်မှာသာ ဖြစ်ပေါ်လေ့ရှိပါတယ်။ သီတင်းကျွတ်လကွယ်နေ့ (အမှန်) ဖြစ်တဲ့ ၂၀၂၂ အောက်တိုဘာလ ၂၅ ရက်နေ့မှာတော့ နေ တပိုင်းကြတ်ခြင်းဖြစ်စဉ် ပေါ်ပေါက်မှာဖြစ်ပြီး နေ နဲ့ ကမ္ဘာအကြားကို လ ရောက်ရှိသွားတဲ့အတွက် လရဲ့အရိပ်ဟာ ကမ္ဘာပေါ်သို့ ကျရောက်လာမှာဖြစ်ပါတယ်။
အဆိုပါ နေကြတ်ခြင်းဖြစ်စဉ်ကို တွေ့မြင်ရမည့် နိုင်ငံတွေကတော့ နော်ဝေ၊ ဖင်လန် အပါအဝင် ဥရောပ အရှေ့ပိုင်းနိုင်ငံများ၊ ရုရှား နဲ့ တရုတ် အနောက်ပိုင်း နဲ့ အာရှ အရှေ့အလယ်ပိုင်းဒေသများဖြစ်ပါတယ်။ နေကြတ်မည့်အချိန်ကတော့ မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲ (15:30) မှ ၇ နာရီ ၃၁ မိနစ် (19:31) အထိ ဖြစ်ပါတယ်။ (မြန်မာနိုင်ငံမှ မမြင်ရပါ။) နေ နှင့် လတို့ အတူရှိနေမည့် ကြယ်တာရာကတော့ Virgo လို့ခေါ်တဲ့ ကန်ရာသီ ကြယ်စုများပဲ ဖြစ်ပါတယ်။
တန်ဆောင်မုန်းလပြည့်နေ့ (အမှန်) ဖြစ်တဲ့ ၂၀၂၂ နိုဝင်ဘာလ (၈) ရက်နေ့ ညဦးပိုင်းမှာတော့ လအပြည့်ကြတ်ခြင်း ဖြစ်စဉ် ပေါ်ပေါက်မှာဖြစ်ပြီး မြန်မာနိုင်ငံမှလည်း မြင်တွေ့ရနိုင်ပါတယ်။ လကြတ်မည့် အချိန်ကတော့ မြန်မာစံတော်ချိန် ညနေ ၃ နာရီ ၄၀ မိနစ် (15:40) မှ ၇ နာရီ ၁၉ မိနစ် (19:19) အထိ ဖြစ်ပါတယ်။ နေဟာ ညနေ ၅ နာရီ ခွဲလောက်မှ ဝင်မှာဖြစ်လို့ လ ပေါ်ထွက်လာတဲ့အချိန်ဟာ လကြတ်ခြင်းရဲ့ အမြင့်ဆုံးအမှတ်ကို ရောက်ရှိနေချိန် ဖြစ်မှာပါ။ ဆိုလိုတာကတော့ လ ဟာ နိုဝင်ဘာ (၈) ရက်နေ့ညမှာ အရှေ့အရပ်ကနေ နီရဲပြီး ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။
နေကြတ်ခြင်း၊ လကြတ်ခြင်းတို့ဟာ သဘာဝအလျောက် ဖြစ်ပေါ်တတ်တဲ့ နက္ခတ်ဖြစ်စဉ်များ ဖြစ်ပါတယ်။ ပြက္ခဒိန်ရက်နဲ့ ကွာနေရတာကတော့ ကျနော်တို့ဟာ လ ကို အချေယူပြီး ရက်တွေသတ်မှတ်ထားလို့ဖြစ်ပါတယ်။ ဉပမာ လဆန်း ၁၄ ရက် လဆုတ် ၁၄ ရက် စသည်ဖြင့်ပါ။
တကယ်တမ်း လပြည့်အမှတ်တစ်ခုကနေ နောက်ထပ် လပြည့်အမှတ်တစ်ခုကို ရောက်ဖို့ ကမ္ဘာရက် ၂၉.၅ ရက် ကြာမြင့်ပါတယ်။ အဲ့ဒီကွာဟချက်ကြောင့်ပဲ ပြက္ခဒိန်ရက်တွေနဲ့ တစ်ရက် နှစ်ရက်ခန့် ကွာဟတတ်တာဖြစ်ပြီး ဝါထပ်ခြင်းများ ပြုလုပ်ခြင်းဖြင့် ပြန်လည်ညှိယူကြရပါတယ်။ အနာဂတ်ပညာရေးအတွက် သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)