ကျွန်တော်တို့နိုင်ငံဟာ မယုံနိုင်လောက်အောင် အဖက်ဖက် ပြိုကျနေတဲ့ အခြေအနေကို ရောက်သွားပါတယ်။ တချို့ပြဿနာတွေဟာ မူလ ဒီမိုကရေစီအခြေအနေကိုရောက်ရင် ချက်ခြင်းပြင်နိုင်တယ်၊ တချို့ပြဿနာတွေ ကတော့ ဆယ်စုနှစ် တခုကျော်ကျော်ပြန်စောင့်ပြီး ချော့ပြင်မှ ရတော့မယ့်ကိစ္စတွေ အသစ်မွေးဖွားနေတယ်။
ငွေကြေးတန်ဖိုး ပြန်တက်ဖို့၊ စီးပွါးရေးပြန်လည်ပတ်ဖို့၊ တရားဥပဒေစိုးမိုးဖို့၊ ပြည်ပပိတ်ဆို့မှုတွေရပ်တန့်သွားဖို့၊ ကမ္ဘာက ကိုယ့်ကိုလက်ခံဖို့၊ -က်နက်နဲ့ယဉ်ပါးမှုကို ဖျောက်ဖျက်ဖို့၊ အုပ်ချုပ်သူအသစ် အဟောင်းတွေရဲ့ မွေးရာပါနီးပါး ဖြစ်နေတဲ့ အာဏာရှင် စိတ်ဓါတ်ကို ပြောင်းလဲဖို့ဆိုတာတွေက အတော်ကိုကြာအောင် ပြင်ရမယ့် process တွေပါ။
တချို့ကိစ္စတွေဟာ ကြာလေလေ နောင်အစိုးရလက်ထက် နှစ်ဆက်လောက်အထိ ပြန်တည့်မတ်ဖို့ မလွယ်လေလေပါပဲ။ ဒီတော့ ဒီနှစ်နှစ်အတွင်း ယိုယွင်းသွားမှုဟာ နောင်လာမယ့် အနာဂါတ်ကာလများကပါ ပြည်သူတွေရဲ့ ဘဝက ဖဲ့ပေးရတော့မယ်။ ပြည်သူတွေဟာ မြေဇာပင်ထက်ပင် ပို မရေရာတဲ့ အခြေအနေ ရောက်နေတယ်။
လက်ရှိအခြေအနေဟာ အုပ်ချုပ်သူတွေအပါအဝင် ဘယ်နိုင်ငံသားကမှ လက်ခံနိုင်တဲ့အခြေအနေမဟုတ်ပါဘူး။ အခြေအနေဟာ ဒီမြေ ဒီရေ ဒီ identity နဲ့ နေတဲ့လူတိုင်း အတွက် အကြီးအကျယ် ဆက်ခက်ခဲလာဖို့ ရှိနေပါတယ်။
သက်ဆိုင်သူများ လက်ရှိ မိမိလက်ရှိဆွဲကိုင်ထားတဲ့ -တ်မယ်ဖြတ်မယ် ဖမ်းမယ် ဆီးမယ် တိုက်မယ် ခိုက်မယ် ထိမ်းမယ် သိမ်းမယ် ပိတ်မယ် ဆို့မယ် ဆိုတဲ့ မောဟမာနစိတ်တွေကို ပြန်ဆန်းစစ်စေလိုပါတယ်။ ပြည်သူပြည်သားတွေဟာ အုပ်ချုပ်သူတွေကပေးနိုင်တဲ့ ဘာအာမခံချက်မှ မရှိတော့ဘူး။ စီးပွါးရေး ကြီးပွါးရေး မပြောနဲ့၊ ယုတ်စွအဆုံး မိမိရှင်သန်နေသရွေ့ အတူရှိနေတဲ့ အသက်အပေါ်တောင် အာမခံချက် မပေးနိုင်တော့ဘူး။ နေ့မြင် ညပျောက်၊ မကြားဖူးတာတွေကြား၊ မကြုံဖူးတာတွေကြုံ နဲ့ အလွန်ကြေကွဲစရာကောင်းလှတယ်။
ကျွန်တော်တို့အခြေအနေဟာ ရန်သူ ကော မိတ်ဆွေပါ ကိုယ့်မျိုးနွယ်တူ စကားတူ ရေမြေတူ တွေ ဖြစ်နေတယ်။ ပြင်ပကလာတဲ့ ရန်သူကိုတုန့်ပြန်ရတာမဟုတ်ဘူး၊ ကင်ဆာလို ကိုယ့်ခန္ဓာတွင်းက ကလီစာတွေထဲမှာပဲ ပေါက်ဖွားပြီး နောင်ဆုံးဆေးကုမရ၊ ကိုယ်သာ သေဆုံးသွားမယ့်အခြေအနေ ဖြစ်နေပါတယ်။
ဉာဏ်နည်းလွန်းလို့ ဆေးသိပေမယ့် ဆေးမဖေါ်နိုင်တဲ့နိုင်ငံ ဖြစ်နေတယ်။ ရှေ့ဆက်လေ၊ ခက်ခဲလေ၊ အကြဉ်ခံရလေ၊ ကိုယ်အပါအဝင် ပြည်သူပြည်သားတွေတိုင်ပတ်လေ မို့ အုပ်ချုပ်သူတွေ အနာဂါတ်ကိုမျှော်ရည်ပြီး လေးလေးနက်နက် ပြန်သုံးသပ်သင့်တယ်၊ ကိုယ်ဖြစ်ချင်တာတွေ၊ အဖြေရှာတာတွေထက် ရှိနေပြီးသား အဖြေနောက်ကို လိုက်သင့်နေပါပြီ။ (Kyaw Swa Min)