ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်း၌ ဖြစ်ပွားခဲ့သော အောက်တိုဘာလ ၂၁ ရက် တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီ၏ စခန်းငယ်တစ်ခုကို KNLA ပူးပေါင်းတပ် ကျားဖြူစစ်ကြောင်း တပ်စိတ်တစ်ခုက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး သေနတ် ၄ လက်နှင့် စစ်အသုံးအဆောင်အချို့ ရရှိခဲ့ကြောင်း သတင်းရရှိသည်။
“အဖူး ဗိုလ်ဂဏန်း ဦးဆောင်တဲ့ တပ်စိတ်က ကော့ကရိတ်တိုက်ပွဲမှာ ခွေး စခန်းငယ်တစ်ခုကို ဝင်စီးပြီး ရတာ” ဟု ကျားဖြူစစ်ကြောင်း တပ်ရင်းရုံးတပ်ဖွဲ့ (Eagle Brigade) မှာ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
အောက်တိုဘာလ ၂၁ ရက် နံနက်တွင် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ အုပ်ချုပ်နယ်မြေအတွင်းရှိ ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့များကို ကော်သူးလေ Army မှ ဗိုလ်အယ်စေးဝါး ဦးဆောင်သော Lion Battalion နှင့် ဗိုလ်ကျော်သက် ဦးဆောင်သည့် KNLA ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲသည် ၈ နာရီကျော် ကြာမြင့်ခဲ့သည်။
အဆိုပါ တိုက်ပွဲတွင် စစ်တပ်ဘက်မှ အနည်းဆုံး ၂၀ ဦး သေဆုံးခဲ့ပြီး အထိနာသဖြင့် စစ်ကောင်စီက လေကြောင်းမှ အကြိမ်ရေ ၅၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ကော့ကရိတ်မြို့တွင်းတိုက်ပွဲတွင် ခလရ ၉၇ တပ်ရင်းမှ အများပြည်သူပိုင် နေအိမ်၊ ခြံဝင်းများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး လေကြောင်းမှလည်း မြို့အနီးဝန်းကျင်ရှိ ကျေးရွာများအတွင်းသို့ အကြိမ်ရေများစွာ ဗုံးကြဲပစ်ခတ်ခဲ့သည်။
စစ်ကောင်စီဘက်မှ ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ပြည်သူ အနည်းဆုံး ၂ ဦး သေဆုံးခဲ့သလို ၁၀ ဦးကျော် ဒဏ်ရာရခဲ့ပြီး ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၁၀ လုံးခန့် လက်နက်ကြီးထိမှန် ပျက်စီးခဲ့သည်။
အလားတူ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဖီးဖြူပင်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက အောက်တိုဘာလ ၂၂ ရက် ယမန်နေ့ နံနက်တွင် မိုင်းခွဲတိုက်ခိုက်ရာ အရာရှိ ၂ ဦးအပါအဝင် စစ်သား ၁၂ ဦး သေဆုံးကြောင်း သတင်းရရှိသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ကျောက်ဆည်လေး ကျေးရွာကို မီးရှို့ဖျက်ဆီးပြီး ဇီးဖြူပင်ကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်လာသော အဖွဲ့ဖြစ်ကြောင်း၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များက အသင့်ထောင်ထားသော မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နတ်ဆိုး မြေအောက်တော်လှန်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
တိုက်ခိုက်မှုကို နတ်ဆိုး (မြေအောက်တော်လှန်ရေးတပ်ဖွဲ့)၊ နဂါးညီနောင် PDF၊ တိုက်သိမ်း (မြေအောက်တော်လှန်ရေးတပ်ဖွဲ့)၊ ဇာမဏီ PDF၊ ဒေါင်းစစ်သည် PDF၊ MDY PDF (Mongoose Squadron) တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။