ရဲ ၃ ဦးက အချုပ်သား ၁၁ ဦးခေါ်ဆောင်ကာ ရဲစခန်းကထွက်ပြေး


ရဲ ၃ ဦးက အချုပ်သား ၁၁ ဦးခေါ်ဆောင်ကာ ရဲစခန်းကထွက်ပြေး

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ အောက်တိုဘာလ ၁၈ ရက်နေ့က မြို့မရဲစခန်းမှာ တာဝန်ကျတဲ့ ရဲ ၃ ဦး ဦးဆောင်ပြီး အချုပ်သား ၁၁ ဦးကို ခေါ်ဆောင်ကာ ရဲစခန်းက ထွက်ပြေးမှုဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့ အသိုင်းဝိုင်းကသိရပါတယ်။


မြို့မရဲစခန်း အချုပ်ခန်း ၁ မှာရှိတဲ့ နိုင်ငံရေးမှုနဲ့ဖမ်းဆီးချုပ်နှောင်ခံထားရသူများကို ခေါ်ဆောင်ပြီး အချုပ်ခန်း စောင့်ရဲတပ်သားရဲ့ သေနတ် ၁ လက်ကို ယူဆောင်ကာ ထွက်ပြေးခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ပြောပါတယ်။


“ နိုင်ငံရေးနဲ့ပတ်သက်တဲ့သူတွေထားတဲ့ အချုပ်ခန်းက တရားခံတွေကို ခေါ်ပြီးပြေးတာ ခုလောလောဆယ်တော့ ပြန်ဖမ်းမိတာ ၅ ဦးရှိပြီ ကင်းသားကိုတွန်းလှဲပြီးတော့ သေနတ်လုယူထွက်ပြေးသွားတာ အကုန်ဖမ်းမိဖို့တော့ ကြိုးစားနေတယ်”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ပြောပါတယ်။


ခန္တီးမြို့မရဲစခန်းမှာတာဝန်ကျနေတဲ့ ရဲ ၃ ဦးဟာ အချုပ်ခန်း ၃ ခန်းရှိတဲ့အထဲက အချုပ်ခန်း အမှတ် ၁ ရဲ့ အိမ်သာနားက သံဆူးကြိုးနဲ့ သံတိုင်ကို ဖြတ်ပြီး အချုပ်သားတွေကို ကယ်တင်ထွက်ပြေးသွားတာလို့ ဆိုပါတယ်။


ထွက်ပြေးသွားတဲ့အထဲက ရဲတပ်ဖွဲ့ဝင် ၃ ဦးနဲ့ အချုပ်သားတွေကို ပြန်ဖမ်းမိဖို့အတွက် မြို့နယ်တိုင်းမှာရှိတဲ့ ရဲစခန်းတွေကို ဓါတ်ပုံတွေဖြန့်ပြီး မြို့အဝင်ထွက် ဂိတ်တွေမှာ စစ်ဆေးဖို့အတွက် သတင်းဖြန့်ထားတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။


>