အမျိုးသား ညီညွတ်ရေး အစိုးရ၏ ယာယီ သမ္မတကြီး မှ တော်လှန်ရေး အင်အားစုများသည် နိုင်ငံ၏ တဝက် နီးပါးကို ထိန်းချုပ် နိုင်နေပြီ ဖြစ်သည်ဟု ပြောသွားခဲ့သည်။ လာမည့်နှစ်အတွင်း လူမဆန်သည့် စစ်အာဏာရှင် များကို အပြီးအပိုင် ဖယ်ရှားပြီး ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော် ထူထောင်သွားရန် ရည်မှန်းချက်ထား၍ ဆောင်ရွက်နေကြောင်း လည်း ဆိုသည်။
ဤရည်မှန်းချက်သည် အောင်မြင်နိုင်မည်လော၊ အကယ်၍ မအောင်မြင်ခဲ့လျှင် အခြား လမ်းကြောင်းရော ရှိနိုင် မည်လား ဆိုသည်ကို War on Rock အွန်လိုင်း စာစောင်မှ ဆောင်းပါးရှင် Nicola Williams မှ ချပြလာခဲ့သည်။
အာဏာသိမ်း စစ်တပ်အဖို့ စစ်ရေးအရ အနိုင်ရရှိသွားဖို့၊သို့မဟုတ်ကလည်း အာဏာခွဲဝေရေး ပုံစံမျိုးဖြင့် ထွက် ပေါက် ရနိုင်ဖို့ အရေးတွင် အလားအလာ မရှိသလောက် ဖြစ်နေသည်။ တဖက်တွင် အမျိုးသား ညီညွတ်ရေး အစိုးရသည် တိုင်းရင်းသား ညွှန်ပေါင်း အဖွဲ့ကို အောင်မြင်စွာ တိုးချဲ့ ဖွဲ့စည်းပြီး လက်နက်ကိုင် တော်လှန်နိုင် စွမ်းကို တိုးမြှင့် သွားနိုင်မည် ဆိုလျှင် အောင်ပွဲခံနိုင်မည့် အလားအလာများ ရှိနေပြီကို ထုတ်ဖေါ်ပြသ လာနိုင် ခဲ့သည်။
အကယ်၍ လာမည့် နှစ်များ အတွင်း ပြတ်ပြတ်သားသား အောင်ပွဲမခံနိုင်ခဲ့လျှင် တော်လှန်ရေး အရှိန်အဟုန်သည် လျော့ကျသွားနိုင်ပြီး ရေရှည်သွားနိုင်သည့် ကြိုကြားကြိုကြား တိုက်ပွဲများအဖြစ် အသွင် ကူးပြောင်းသွားနိုင် သည်။ ထိုသို့ ဆိုလျှင် စစ်အာဏာသိမ်း အဖွဲ့ အတွက် မဆိုသလောက် အောင်မြင်မှု ရသွားနိုင်ပြီး တည်ငြိမ်သော ဒီမို ကရေစီ နိုင်ငံတော်ကြီး ပေါ်ထွက်လာရေး မျှော်လင့်နေသူများ အတွက် အားလျော့သွားဖွယ်ရှိသည်။
ထိုသို့ ဖြစ်မသွားစေရန် အမေရိကန် နှင့် ဒေသတွင်းရှိ အကျိုးတူ နိုင်ငံများ၊ အာဆီယံ အဖွဲ့ဝင်များ အနေဖြင့် အမျိုးသား ညီညွတ်ရေး အစိုးရနှင့် ပို၍ မဟာဗျူဟာကျကျ လက်တွဲ လုပ်ဆောင်သွားသင့်ပေသည်။ စစ်ရေး အကူအညီ ပေးဖို့ နိုင်ငံအများအပြားက လိုလိုလားလား မရှိကြသော်လည်း NUG ၏ နိုင်ငံရေး မဟာဗျူဟာ နှင့် အုပ်ချုပ်နိုင်စွမ်းကို ခိုင်မာစေရန် ကူညီပေးနိုင်ရေး အတွက် ပို၍ လုပ်နိုင်မည့်နည်းလမ်းများ ရှိနေသည်။
တိုင်းရင်းသား အဖွဲ့များ အကွဲကွဲအပြားပြား ဖြစ် မသွားစေရန်၊ ၎င်းတို့ အချင်းချင်းကြား ဆက်ဆံရေး တိုးတက် လာစေရန်၊ ထိထိရောက်ရောက် ဝိုင်းဝန်း လုပ်ဆောင်ပေးရမည်။ သို့မှသာ အမှန်တကယ် အောင်မြင် နိုင်မည့် ညီညွတ်ရေးကို တည်ဆောက်နိုင်မည် ဖြစ်သည်။
စစ်အာဏာသိမ်း အဖွဲ့သည် ယခုအခါ မြန်မာ၏ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး ကို ပြန်လည် ပုံသွင်းလာပြီ ဖြစ်သည်။ ၎င်းတို့လုပ်ရပ်များကြောင့် အမေရိကန် နှင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့ ဒဏ်ခတ်ခြင်းကို ခံနေ ရသော်လည်း တဖက်တွင် ရုရှား နှင့် တရုတ်တို့၏ နိုင်ငံရေး နှင့် စစ်ရေး အထောက်အပံ့များ ရရှိနေသည်။
တရုတ်သည် အာဏာသိမ်း အစိုးရ အဖြစ် လက်ခံလိုစိတ် ရှိနေခြင်းသည် တော်လှန်ရေး အင်အားစုများကို ထိန်းချုပ်သွားနိုင်မည်ဟု မျှော်လင့်နေခြင်းကြောင့် ဖြစ်သော်လည်း ထိုသို့ အနေအထားသည် လာမည့် နှစ်များ အတွင်း ဖြစ်ပေါ်လာနိုင်စရာ အကြောင်းမရှိပေ။ ရုရှား နှင့် တရုတ်သည် အာဏာသိမ်း အဖွဲ့အား လက်နက် အရရော၊ နိုင်ငံရေး အရ ပါ ကာဗာ ပေးနိုင်ခဲ့သော်လည်း တော်လှန်ရေး အင်အားစုများ၏ ရန် နှင့် စစ်တပ် အတွင်း အခြေအနေ ယိမ်းယိုင်လာနေခြင်းများကိုတော့ အကာအကွယ် ပေးနိုင်စွမ်း မရှိပေ။
တကယ်တမ်းတွင် အင်အားအရ ဆိုက လက်နက်ငယ်များ၊ လက်လုပ်မိုင်းများ ဖြင့် တိုက်ပွဲဝင်နေသည့် တော် လှန်ရေး အင်အားစုများကို ရက်သတ္တပတ် အနည်းငယ်အတွင်း ချေမှုန်းနိုင်ရမည် ဖြစ်သော်လည်း ထိုသို့ ဖြစ် မလာခဲ့ပေ။ တော်လှန်ရေး အင်အားစုများသည် စိတ်ဓါတ်ရေးရာ အရရော၊ လူထု ထောက်ခံမှု အရရော မြင့်တက်လာနေသည်။ စစ်တပ်သည် စစ်မျက်နှာ ပေါင်းစုံ ဖွင့်တိုက်နေရသည့်အပြင် တပ်မှ ထွက်ပြေးမှုများ နှင့် လက်နက်အင်အားအရလည်း လျော့ပါးကုန်ခမ်းလာနေပြီ ဖြစ်သည်။
တနှစ်ကြာမျှ စစ်တပ် အား ရင်ဆိုင်တိုက်ခိုက်လာနိုင်ခဲ့ပြီးနောက်တွင်မူ တော်လှန်ရေး အင်အားစုများသည် ရှင်သန် နိုင်မည့် အလားအလာ များ မြင့်မားလာခဲ့သည်။ ပြည်တွင်းစစ်ပွဲတိုင်းလိုလို၌ စစ်တပ်သည် ပုန်ကန် တိုက်ခိုက်နေသူများကို ပထမနှစ်မှာပင် အနည်းဆုံး ၅၀ ရာနှုန်းခန့် အောင်မြင်နိုင်ရမည် ဖြစ်သော်လည်း လက်ရှိ အနေအထားတွင် တော်လှန်ရေး အင်အားစုများ အပေါ် အနိုင်ရရှိနိုင်ဖို့က တနေ့ထက် တနေ့ ပို၍ ပို၍ ခက်ခဲ လာနေပြီ ဖြစ်သည်။
နယ်ခြားဒေသများရှိ လူမျိုးစု ပေါင်းစုံ နှင့် ဖြစ်ပွားနေသော ပဋိပက္ခသည် ယခုအခါ နိုင်ငံတွင်းရှိ လက်နက်ကိုင် တော်လှန်ရေး နှင့် ချိတ်ဆက်မိလာနေသည်။ လက်ရှိ အပြင်းအထန် တိုက်ပွဲဝင်နေသော ဒေသများသည် စစ်တပ်အတွက် အစဉ်အလာအရ လူသစ်များ စုဆောင်းနေကျ ဖြစ်နေပြန်သည်။
စစ်တပ်သည် တိုက်ပွဲ အချို့တွင် အနိုင်ရကောင်း ရရှိနိုင်သော်လည်း လူထု၏ ခုခံတွန်းလှန်စစ်ကို မဟာဗျူဟာ မြောက် အနိုင်ရရှိ နိုင်မည့် အခွင့်အလမ်းက မရှိသလောက်ပင် နည်းပါးနေသည်။
NUG သည် အောင်ပွဲရရှိနိုင်မည့် အလားအလာများ ကြောင့် တက်ကြွနေပြီး အနောက်နိုင်ငံများမှ လက်နက် အကူအညီများ တောင်းခံလျှက် ရှိသည်။ ပြည်ပမှ လေ့လာသူများကလည်း ၎င်းတို့ကဲ့သို့ပင် အကောင်းဖက်မှ ရှုမြင်လာကြသည်။
ကမ္ဘာပေါ်တွင် ပြီးခဲ့သည့် နှစ်ပေါင်း ၇၀ အတွင်း ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်များတွင် လက်ရှိ အုပ်ချုပ် နေသူ များကို အနိုင်ရရှိခဲ့သည်မှာ ၉ ရာနှုန်းခန့်သာ ရှိနေသည်။ မြန်မာ့ တော်လှန်ရေး အဖွဲ့များသည် အောင်ပွဲ ခံနိုင်ရန် လိုအပ်သည့် အရင်းအမြစ်များ၊ ကွပ်ကဲစီမံထိန်းချုပ်နိုင်မှုများ နှင့် တပ်ဖွဲ့အချင်းချင်း မြေပြင် အနေ အထား ပေါ် မူတည်ပြီး ညှိနှိုင်းဆောင်ရွက်မှု များ လိုအပ်နေဆဲ ဖြစ်သည်။
တော်လှန်ရေး တိုင်းလိုလိုသည် ယခုကဲ့သို့ အသေးစား ပုံစံဖြင့် စတင်ခဲ့ကြရသည်ချည်း ဖြစ်ရာ တဖြေး ဖြေးနှင့် တိုက်ရည်ခိုက်ရည် ပြည့်ဝလာခဲ့ပြီး ရန်သူ အနေအထားကို ကြည့်၍ တပ်များကို စုစည်း တည်ဆောက် နိုင်မည့် ဗျူဟာများ တိုးတက်လာခဲ့ရစမြဲပင် ဖြစ်သည်။
အနည်းဆုံး တိုက်ခိုက်နိုင်စွမ်း ရှိသည့် တပ်ဖွဲ့ ပေါင်း ၂၅၀ ကျော် ရှိနေလျှင်ပင် တပန်းသာနေပြီ ဖြစ်သည်။ စစ်တပ်သည် လိုက်လံ တိုက်ခိုက် ချေမှုန်းနေရသဖြင့် အင်အားကို နဲနဲ နှင့် ကျဲကျဲ ဝိုင်းနေရသည်။ ရည်မှန်းချက် ဟူ၍လည်း မယ်မယ်ရရ ချမှတ်နိုင်ခြင်း မရှိတော့ဘဲ ရန်သူ ခေါင်းဆောင်ပိုင်းကို လက်ရဖမ်းဆီးနိုင်ခြင်းမျိုးလည်း မရှိပေ။
တော်လှန်ရေး အဖွဲ့များ နှင့် NUG သည် တနှစ်အတွင်းမှာပင် ပဋိပက္ခ အနေအထားကို စစ်ရေး နှင့် နိုင်ငံရေးအရ ပြန်လည် ပုံသွင်းလာနိုင်ခဲ့ပြီ ဖြစ်သည်။ ရရှိထားသော နယ်မြေများကို ခိုင်မာစွာ တည်ဆောက်နိုင်ခဲ့ပြီး ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုများ နှင့် အုပ်ချုပ်ရေး ပုံစွ သွတ်သွင်းနိုင်ခဲ့ကြသည်။ ဒေသခံ ပြည်သူများကလည်း တရားဝင် အစိုးရအဖြစ် ရှုမြင်ခဲ့ကြပြီး တိုက်ပွဲမှ ပြန်လာသည့် စစ်သည်များကို လမ်းဘေးတွင် စီတန်းကာ ပန်းကုံးစွပ် ဂုဏ်ပြုလာခဲ့ကြသည်။
သို့သော်လည်း NUG သည် တိုင်းရင်းသား အဖွဲ့အားလုံး၏ ထောက်ခံမှုကို တော့ မရရှိသေးပေ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချို့နှင့်သာ မဟာမိတ်ပြုနိုင်ခဲ့သည်။ ကျန် အဖွဲ့များက သံသယ ဖြင့် ရှုမြင်နေကြဆဲ ဖြစ်သည်။ ဗမာတို့က NLD ကဲ့သို့ ဗဟိုအစိုးရအဖြစ် ၎င်းတို့ အပေါ် ခေါင်းဆောင်လာမည်ကို လက်ခံလိုကြပုံ မရပေ။ လက်ရှိ အာဏာသိမ်းလုပ်ရပ်ကိုလည်း ဗမာ အချင်းချင်း ကြား ပဋိပက္ခ အဖြစ် သဘောထားခဲ့ကြသည်။
ဖက်ဒရယ် ဒီမိုကရေစီ ထူထောင်ရေး ရည်မှန်းချက် ရှိနေသော NUG အဖို့ စစ်တပ် ကို အနိုင်တိုက်နိုင်ရေးသည် တိုင်းရင်းသား ပေါင်းစုံ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်မည့် ညွှန်ပေါင်း အဖွဲ့ ဖွဲ့စည်းနိုင်မှသာ ဖြစ်မည်။ ထို့အတွက် အာဏာအချို့ကို စွန့်လွှတ်ပြီး ခွဲဝေပေးနိုင်ဖို့ လိုသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် ဒေသခံများ ကြားတွင် အုပ်ချုပ်သူ အဖြစ် ကာလကြာမြင့်စွာ လက်ခံထားကြပြီး ဖြစ်၍ ၎င်းတို့ အဖို့ ရွေးကောက်ပွဲတွင် အများစုမဲ ဖြင့် အနိုင်ရရှိကြမည်သာ ဖြစ်သည်။
NUG သည် တိုင်းရင်းသားများ နှင့် လူမျိုးရေး အရ တင်းမာမှုများ အပြင် နိုင်ငံရေးအရ စိန်ခေါ်မှုများ ရှိနေ သော်ငြားလည်း အောင်မြင်နိုင်မည့် အလားအလာများ ရှိနေသည်။ သို့သော် လတ်တလော ဖြစ်လာဖို့ တော့ မဖြစ်နိုင်သေးပေ။
စစ်အာဏာသိမ်း အဖွဲ့သည် တိုင်းပြည်ကို နောက်ပြန်ဆွဲပြီး ယခင်လို တံခါးပိတ်ထားကာ ရက်စက် ကြမ်းကြုပ် သည့် အာဏာရှင် အုပ်ချုပ်ရေး ပုံစံဖြင့် ပဋိပက္ခများကို ရေရှည်ဆွဲကာ တရုတ် အပေါ် မှီခိုနေမည်ကို သိနေသော အနောက်တိုင်း အစိုးရများက ၎င်းတို့ အစား NUG ကိုသာ လိုလားကြပေသည်။ NUG သည် အာဆီယံ အတွက် အတူလက်တွဲလုပ်နိုင်မည့် ပါတနာ မျိုးလည်း ဖြစ်သည်။ မြန်မာပြည်၏ စစ်အာဏာရှင်များသည် ၎င်းတို့ အတွက် ဆူးတချောင်း စိုက်ဝင်နေသလို ဖြစ်နေသည်မှာ ဆယ်စုနှစ် နှင့် ချီ ရှိနေပြီ ဖြစ်သည်။
၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးအား အကြမ်းဖက် ဖြိုခွဲခဲ့ခြင်း၊ ၂၀၁၇ တွင် ရိုဟင်ဂျာ များ အပေါ် လူမျိုးတုံး သတ်ဖြတ်ခဲ့ခြင်း နှင့် ၂၀၂၁ တွင် အာဏာသိမ်းလုပ်ရပ်များကြောင့် ၎င်းတို့ အတွက် ပဋိပက္ခများ နှင့် ဝရုန်းသုံးကား ဖြစ်ရပ်များသာ သယ်ဆောင်လာခဲ့ကြသဖြင့် ပြည်တွင်းရေး ဝင်မစွက်ရ မူအား တတ်နိုင်သမျှ ဆွဲဆန့် အဓိပ္ပါယ် ဖေါ်ခဲ့ကြရသည်။
ဆက်လက်တင်ပြသွားပါမည်။
Photo - SHAN NEWS
Crd: Hla SoeWai