နှစ်ပေါင်း ၂၅၀၀ ကျော်မှ အရှက်ခွဲခံရတဲ့ ရွှေတိဂုံဘုရားနဲ့ မလုပ်သင့်တာကို လုပ်ခဲ့သူရဲ့ နိဂုံး


နှစ်ပေါင်း ၂၅၀၀ ကျော်မှ အရှက်ခွဲခံရတဲ့ ရွှေတိဂုံဘုရားနဲ့ မလုပ်သင့်တာကို လုပ်ခဲ့သူရဲ့ နိဂုံး

ယနေ့ အွန်လိုင်းပေါ်မှာ ပွဲဆူနေတဲ့ ကိစ္စကတော့ လူကြီးဖျော်ဖြေရေး အရုပ် ၂ ခုကို ရွှေတိဂုံဘုရား ပရဝဏ်ထဲကို ယူလာပြီး ရွှေတိဂုံ စေတီတော်ရဲ့ ရင်ငွေ့လှုံတယ်ဆိုတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ အဆိုပါ သတင်းဓာတ်ပုံများ လူမှုကွန်ရက်ပေါ် ရောက်ရောက်ချင်း ဝေဖန်မှု အများအပြားနဲ့ ကြုံတွေ့ခဲ့ရပြီး ပွဲဆူခဲ့ပါတယ်။


အဆိုပါ ဖျော်ဖြေရေးအရုပ်တွေရဲ့ ကန်တော့ပွဲကို ဘုရားဂေါပကတွေရဲ့ ခွင့်ပြုချက်နဲ့ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ဘုရားလုံခြုံရေးတွေက စောင့်ကြပ်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် သတင်းများ လူမှုကွန်ရက်ပေါ် ရောက်ရှိလာပြီးနောက် ပြည်သူများက အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ်။




လက်ရှိအချိန်မှာ ဖျော်ဖြေရေး အရုပ်ပိုင်ရှင်ကို တရားစွဲထားပြီး အရုပ်ကိုရော လူကိုပါ ဒဂုံမြို့မရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ “သူက ဂေါပကအဖွဲ့မှာ သူရဿတီ မယ်တော်ပွဲ လုပ်မယ်ဆိုပြီး စာတင်ထားတာ။ ဂေါပကအဖွဲ့ကလည်း ခွင့်ပြုပေးထားတယ်။ လုံခြုံရေးတွေကလည်း ခွင့်ပြုမိန့်ပါတော့ ဝိုင်းကူ လုပ်ပေးတာပါ။ နောက်မှ ဒီအရုပ်ကြီးတွေနဲ့ အွန်လိုင်းကနေ တိုက်ရိုက်လွှင့်တော့မှ သိကုန်ကြတာ။ အမှုဖွင့်ဖို့တော့ လုပ်ထားပြီးပါပြီ” လို့ ရွှေတိဂုံဘုရား ဂေါပကအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။


စကစ လက်အောက်ခံ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနကတော့ အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး အောက်ပါအတိုင်း ဖြေကြားသွားပါတယ်။ (၁) ရွှေတိဂုံစေတီတော် တောင်ဘက်ကားကွင်းရှိ ကျောက်စာတိုင်အနီးတွင်သာ လာရောက်ဆောင်ရွက်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပါသည်။




(၂) ထေရဝါဒဗုဒ္ဓဘာသာနှင့် ဆန့်ကျင်သည့် ရုပ်တုများဖြစ်၍ ရွှေတိဂုံစေတီတော်တွင် လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတာဝန်ခံမှ ခေါ်ယူမေးမြန်းစိစစ်ပြီးနောက် ၎င်းတို့၏ ဆောင်ရွက်နေမှုများကို ဖယ်ရှားရှင်းလင်းစေခဲ့ရာ နံနက်(၁၀)နာရီအချိန်တွင် ပစ္စည်းများသိမ်းဆည်း၍ ပြန်လည်ထွက်ခွာသွားကြောင်း ဖြေကြားအပ်ပါသည်။


ယခုဖြစ်ရပ်ဟာ မြန်မာနိုင်ငံရဲ့ ဘာသာရေး အထွဋ်အမြတ်နေရာသာမက သမိုင်းဝင်နေရာ တခုဖြစ်တဲ့ ရွှေတိဂုံစေတီတော်ရဲ့ ဂုဏ်ကျက်သရေကို ညှိုးနွမ်းစေတယ်လို့ ပြည်သူများက ဝေဖန်လျက် ရှိပါတယ်။ ယခုဖြစ်ရပ်ကို ထိုင်းနိုင်ငံ လူမှုကွန်ရက် စာမျက်နှာများမှာလည်း အကျယ်တဝင့် ဖော်ပြလျက် ရှိနေပြီး မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့အလယ်မှာ အရှက်ရစရာ ဖြစ်နေပါတယ်။




လူတဦးတယောက်ရဲ့ ဆင်ခြင်တုံတရားကင်းမဲ့တဲ့ အပြုအမူကြောင့် တနိုင်ငံလုံး အရှက်ရခဲ့ရပြီ ဖြစ်ပါတယ်။ အဆိုပါ လုပ်ရပ်ကို ပြုလုပ်သူ၊ ခွင့်ပြုပေးသူ၊ မသိချင်ယောင်ဆောင်နေကြသူ စတဲ့ တာဝန်ရှိသူအားလုံးကို တပြေးညီ အရေးယူပေးဖို့ ပြည်သူတွေက အလိုရှိနေကြပါတယ်။ နှစ်ပေါင်း ၂၅၀၀ ကျော်မှ အရှက်ခွဲခံရတဲ့ ရွှေတိဂုံဘုရားနဲ့ ဖျော်ဖြေရေးရုပ်ထုကို ထိုင်ကန်တော့နေတဲ့ မြန်မာတွေရဲ့ ပုံရိပ်ကတော့ ကမ္ဘာကျော်သွားခဲ့ပြီ ဖြစ်ပါတယ်လို့ ဝမ်းနည်းစွာ ဖော်ပြလိုက်ရပါတယ်။

>