မနေ့ညက မြန်မာနိုင်ငံ ငွေကြေးအမည်ပျက်စာရင်း အသွင်းခံလိုက်ရတဲ့ သတင်းကြောင့် ရန်ကုန်မြို့လယ် ဒေါ်လာအရောင်းအဝယ်လုပ်နေတဲ့ဈေးကွက်မှာ ဒီနေ့နေ့လယ်အထိ လှုပ်လှုပ်ရှားရှားဖြစ်နေပါတယ်။ ဈေးကွက်ပေါက်ဈေးကလည်း အမျိုးမျိုးဖြစ်နေပြီး ဒေါ်လာဈေးကို စုံစမ်းဖို့ခက်နေပါတယ်။
“တချို့ကလည်း ပါးစပ်ဈေးတွေ လျှောက်ပြောနေကြတယ်။ ဒါပေမယ့် သူတို့ပြောတဲ့ဈေးနဲ့ ဘယ်သူမှ မဝယ်ကြပါဘူး။ လိုချင်တဲ့ဈေးကိုပဲ ပြောတာ။ အားလုံးကတော့ စောင့်ကြည့်နေကြဆဲပါပဲ” ဆိုပြီး အရောင်းအဝယ်သမားတစ်ဦး က ပြောပါတယ်။
“ဒေါ်လာက ၃၇၀၀ နဲ့ ၄၀၀၀ အကြား တစ်ပတ်ချာလည်မှာ။ ရွှေစျေးက သိန်း ၃၀ တစ်ပတ်ချာလည်မှာပဲ။ စနေနေ့၊ တနင်္ဂနွေ၊ တနင်္လာ ၃ ရက်လုံးက ပိတ်ရက်တွေလည်းဖြစ်နေတာကြောင့် အကုန်လုံးစောင့်ကြည့်နေတယ်။ တချို့လည်း တစ်ဒေါ်လာ ၃၃၀၀ လောက်နဲ့ အဝယ်အရောင်းလုပ်တာလည်း ရှိတယ်။ အများစုက ရပ်နေတယ်။
ရွှေဆိုင်တွေလည်း စျေးရယ်လို့ မဖွင့်ဘူး။ ငွေလွှဲတွေလည်း စောင့်ကြည့်တယ်။ စျေးကွက်ကို အားလုံးက စောင့်ကြည့်ပါပဲ။ ဝယ်အားတော့ရှိတယ်။ အရောင်းအဝယ် မလုပ်တာ” ဟု ပြည်တွင်းစီးပွားရေးသမားတချို့က ဆိုသည်။
အလားတူ ယနေ့ (အောက်တိုဘာလ ၂၂ ရက်) မနက်ပိုင်းအထိ ဘတ်ငွေနှင့် ကျပ်ငွေလဲလှယ်စျေးနှုန်းများ အတည်တကျ သတ်မှတ်နိုင်ခြင်းမရှိသေးဘဲ ငွေလဲစျေးကွက်ကမောက်ကမဖြစ်နေကာ ကြိုက်ရောင်းကြိုက်ဝယ်စျေးများဖြင့် လုပ်ဆောင်နေရကြောင်း ထိုင်း-မြန်မာနယ်စပ် ငွေလဲလုပ်ငန်းရှင်များထံမှ သိရသည်။
“အခုက မြန်မာငွေ ၁ သိန်းကို ထိုင်းဘတ် ၁၁၀၀ ကနေ ၁၃၀၀ ကြားထဲ ကြိုက်ရောင်းကြိုက်ဝယ်စျေးနဲ့ပဲ အရောင်းအဝယ် ဖြစ်နေကြတယ်။ မြန်မာနိုင်ငံက အမည်ပျက်စာရင်းအသွင်းခံလိုက်ရတော့ ငွေလဲစျေးကွက်က ညတွင်းချင်းကို ကမောက်ကမတွေ ဖြစ်ကုန်တာ။ ဒီမနက်အထိ ငွေလဲစျေးနှုန်း အတည်တကျ မထုတ်နိုင်ကြသေးဘူး”ဟု ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ ငွေလဲလုပ်ငန်းရှင်တစ်ဦးက ပြောပါသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက မြန်မာကျပ်ငွေတန်ဖိုးများ ဆက်တိုက်ကျဆင်းခဲ့သဖြင့် ထိုင်းငွေ ၁ ဘတ်လျှင် ၁၀၀ ကျပ်အထိ ယာယီရောက်ရှိခဲ့ပြီး အောက်တိုဘာလဆန်းပိုင်းကစတင်ကာ မြန်မာငွေတန်ဖိုး အနည်းငယ် ပြန်တက်လာခဲ့ကာ ထိုင်း ၁ ဘတ်လျှင် မြန်မာငွေ ၇၀ ကျပ်ဝန်းကျင်အထိ ရောက်ရှိခဲ့သည်။ FATF အဖွဲ့က မြန်မာနိုင်ငံကို အမည်ပျက်စာရင်း ကြေညာခဲ့သည့်နောက် နာရီပိုင်းအတွင်း မြန်မာငွေတန်ဖိုးများ ရုတ်တရက် ထိုးကျခဲ့ခြင်းဖြစ်သည်။
ငွေလဲနှုန်း မတည်ငြိမ်မှုကြောင့် မဖြစ်မနေ အလုပ်လုပ်ရန်လိုအပ်သူများသာ ငွေလဲခြင်းများ ပြုလုပ်နေကြပြီး အများစုမှာ စျေးကွက်အခြေအနေကို စောင့်ကြည့်နေကြကြောင်း၊ လက်ရှိစျေးကွက်အနေအထားအရ မြန်မာငွေ တန်ဖိုးဆက်တိုက်ကျဆင်းနိုင်ပြီး ထိုင်း ၁ ဘတ်လျှင် မြန်မာငွေ ၁၀၀ ကျပ်အထိ ရောက်ရှိသွားမည့်အခြေအနေ ရှိနေကြောင်း ထိုင်း-မြန်မာနယ်စပ် စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ပြောဆိုသည်။
ရန်ကုန်မြို့မှာ ဒေါ်လာနဲ့ ပတ်သက်ပြီး လုပ်ကိုင်ရတဲ့ ကုန်ပစ္စည်း လက်ကားဆိုင်ကြီးများလဲ ယနေ့ အရောင်း ရပ်နားထားကြောင်း စုံစမ်းသိရှိရသည်။ ရန်ကုန်၊ မန္တလေးရှိ စက်သုံးဆီအရောင်းဆိုင်များ စက်သုံးဆီများ တန်းစီ ဝယ်ယူရမှုများရှိနေပြီး ကုန်တိုက်များနှင့်စျေးဝယ် စင်တာများတွင်လည်း ယနေ့ လာဝယ်ကြသူများဖြင့် ပြည့်နှက် များပြားနေကြကြောင်း သိရှိရသည်။