နေ့စံညခံ မယ်တော်ကြီးနှစ်ပါးနဲ့ ငွေပေးရင် အကုန်ရတဲ့ ရွှေတိဂုံဂေါပကအဖွဲ့


နေ့စံညခံ မယ်တော်ကြီးနှစ်ပါးနဲ့ ငွေပေးရင် အကုန်ရတဲ့ ရွှေတိဂုံဂေါပကအဖွဲ့

တရုတ်နိုင်ငံထုတ် ဖျော်ဖြေရေးအရုပ် ၂ ခုကို မယ်တော်ကြီး ၂ ပါးဟုဆိုကာ ရွှေတိဂုံစေတီတော်ကားပါကင်တွင် လူအများ ကန်တော့ခံနေတဲ့ ဓာတ်ပုံများ  လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လာပြီးနောက် လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ ဝေဖန်မှုများ အများအပြား ထွက်ပေါ်နေတာပဲ ဖြစ်ပါတယ်။


အဆိုပါ ဖျော်ဖြေရေးအရုပ် ၂ ရုပ်ကို မြန်မာ့ရိုးရာ အဝတ်အစားများ ဝတ်ဆင်ပေးပြီး အရိယာ သောတာပန် သူရဿတီ မယ်တော်ကြီး နှင့် သီရိဒေဝီ မယ်တော်ကြီးဟူ၍ အမည်ပေးကာ ကားဖြင့် သယ်လာပြီးနောက် ရွှေတိဂုံစေတီကားပါကင်မှာ ရင်ငွေ့လှုံ အသက်သွင်းသည်ဟုဆိုကာ လူအများကို ကန့်တော့ခိုင်းခြင်းများ ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ရွှေတိဂုံစေတီလုံခြုံရေးနှင့် ဂေါပကအဖွဲ့များကလည်း ဝိုင်းရံ ခွင့်ပြုပေးထားတယ်လို့ သိရပါတယ်။




လူတိုင်းက သူယုံကြည်ရာကို ကိုးကွယ်ခွင့်ရှိပါတယ်။ဒါက သူတို့အခွင့်အရေးပါ။ ဒါပေမယ့် အများစုယုံကြည်လို့ ကိုးကွယ်တဲ့ ဘာသာတရား၊ အထွတ်အမြတ်ထားရာ ရွှေတိဂုံလိုနေရာမျိုးမှာ ဒီအရုပ်တွေကို ဗုဒ္ဓဘာသာလိုလို ထင်ယောင်ထင်မှားဖြစ်အောင် ဦးချကန်တော့ လာကိုးကွယ်နေတာမျိုးကျတော့ ဒါက သူ့အခွင့်အရေး မဟုတ်တော့ဘူး။ အများကိစ္စဖြစ်သွားပြီ ဖြစ်ကြောင်း စာရေးသူတဦးက ပြောပါတယ်။




နောက်တစ်ချက်ကတော့ ရွှေတိဂုံဘုရား ဂေါပကတွေအနေနဲ့ ဒါမျိုးကို ခွင့်ပြုပေးတာက အတော်မိုက်မဲတဲ့ လုပ်ရပ်ပါ။ သူတို့အနေနဲ့ ဗုဒ္ဓဘာသာကို စောင့်ရှောက်မယ်ပြောနေပေမယ့် ဒီလောက်လွယ်ကူရှင်းလင်းတဲ့ကိစ္စကို ဘယ်လိုအမြင်နဲ့ ခွင့်ပြုသလဲဆိုတာ မေးခွန်းထုတ်စရာပါပဲ။ နိုင်ငံတကာက သူတို့ ဖျော်ဖြေရေး လုပ်တဲ့အလုပ်တွေကို မြန်မာနိုင်ငံက လူတွေက ကန်တော့နေကြတယ်ဆိုရင် ဘယ်လိုတွေးကြမယ်ထင်လဲ ဆိုပြီး ပြောပါတယ်။




ရွှေတိဂုံ ဂေါပကအဖွဲ့က တာဝန်ရှိသူ တဦးကတော့ ယခုလို ပြန်ဖြေရှင်းထားပါတယ်။ “ရင်ပြင်တော်ပေါ်ကို ခွင့်မပြုပါဘူး။ ကားလမ်းဘေး ကားပါကင်မှာပဲ ရင်ငွေ့လာလှုံတာပါ။ နောက်ရက်တွေလည်း မရှိနိုင်ပါဘူး။ ဒီနေ့ တစ်ရက်ပါပဲ၊ အခုလည်း ရင်ငွေ့လှုံပြီး ပြန်သွားပါပြီ” လို့ သိရပါတယ်။ မြန်မာပြည်ရဲ့ သင်္ကေတ ဖြစ်တဲ့ ရွှေတိဂုံစေတီတော်လို နေရာမျိုးမှာ ယခုလို မထော်မနန်းတွေ ပြုလုပ်ခဲ့တာကို ပြည်သူတွေက အပြင်းအထန် ဝေဖန်နေကြပါတယ်။

>