တာချီလိတ်မှာ ဖြစ်ခဲ့တဲ့ ထူးဆန်းတဲ့ ကော်ဖီရဲ့ ပါဝင်ပစ္စည်းများနှင့် သိထားသင့်တဲ့ အချက်များ
အရှေ့တောင်အာရှက လူငယ်တွေကြားမှာ အခုနှစ်ပိုင်း နာမည်ကြီးလာတဲ့ ဟက်ပီးဝါးတား အကြောင်းပြောပါမယ်။ အခုခေတ်လူငယ်တွေရဲ့ ညဘဝ ဆိုတာ ထုံးစံအတိုင်း မီးရောင်တွေ၊ ရောင်စုံအလင်းတွေ၊ အီလက်ထရောနစ် ဂီတတွေနဲ့ ပျော်ဖို့ကောင်းအောင်၊
ကလို့ကောင်းအောင် အမျိုးမျိုး ပံ့ပိုးကြတဲ့ထဲမှာ တားမြစ်ဆေးတွေကလဲ အဓိကနေရာ တနေရာကနေ ပါဝင်ပတ်သက်လာကြပါတယ်။ (ဒီနေရာမှာ ပျော်တယ်လို့ပဲ သုံးချင်ပါတယ်၊ အခြားစကားလုံးတွေက လူတိုင်းနဲ့ မသင့်တော်လို့ပါ။)
ဒီလိုတားမြစ်ဆေးတွေထဲမှာ အရောင်မရှိ၊ အနံ့မရှိ၊ အရည်ပုံစံ ဟက်ပီးဝါးတားလို့ခေါ်တဲ့ ပစ္စည်းတမျိုးကိုလဲ အသုံးပြုလာကြတာရှိပါတယ်။ ဓာတ်ခွဲစမ်းသပ်ချက်တွေအရ ဟက်ပီးဝါးတားမှာ ကဖိန်း၊ ဒိုင်ယာဇီပင်၊ ကီတာမင်း၊ အက်တက်စီ၊ မီသာဖီတမင်း၊ ထရာမာဒေါလ် စတဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲစေတဲ့ ဓာတ်ပစ္စည်း ၆ မျိုးလောက်ထိပါဝင်တတ်ပါတယ်။
၄ ခုက စိတ်ကြွတက်စေတဲ့ အမျိုးအစားတွေဖြစ်ပြီး ၂ ခုက မှိန်းတတ်တဲ့ အမျိုးအစားတွေဖြစ်ပါတယ်။ စတင်သုံးစွဲစမှာတော့ အူမြူလားမယ် စိတ်ခံစားမှုတွေ ပိုအားကောင်းလာမယ် မအိပ်ပဲနေနိုင်မယ် ကလို့ခုန်လို့ကောင်းမယ်။
တစ်ချိန်တည်းကို သုံးစွဲတဲ့ ပမာဏများလာရင် မကြားရတဲ့ အသံတွေကြားတယ်လို့ ခံစားရမယ် မမြင်ရတာတွေ မြင်ရတယ်လို့ ဖြစ်နေမယ်။ သူတို့အပြော ကမ္ဘာပါတ်နေတယ်လို့ ခံစားရမယ်။
ထိလို့ထိမှန်းမသိ ယိမ်းယိုင်လာမယ် ပိုဆိုးလာရင် လူ့ခန္တာကိုယ်ကြီးက သပ်သပ် စိတ်ကသက်သပ်လွတ်နေပြီး ပြန်မြင်နေရတယ်လို့ ခံစားရတယ်။ လုံးဝသုံးစွဲတာ များသွားရင်တော့ နှလုံးခုန် အရမ်းမြန်မယ် ချွေးတွေအရမ်းထွက်မယ် ဖျားမယ်
မျက်လုံး သူငယ်အိမ်ကျယ်ပြီး သတိလစ်မယ် တစ်ချို့မှာ နှလုံးခုန်နှုန်းရမ်းမြနိပြီး စည်းချက်မမှန်တာတွေ ဖြစ်နိုင်ပြီး အချိနိမှီကုသမှုမရရင် အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ ကြာရှည်သုံးပြီး စွဲလာတဲ့သူမှာတော့ အကြောက်လွန်တာ စိတ်ဖောက်ပြန်တာတွေအထိ ဖြစ်နိုင်ပါတယ်။
ထို ဓာတ်ပစ္စည်းများကို ရေပူပူနဲ့ ပျော်အောင်ဖျော်ပြီး အဝင်ကောင်းအောင် အချိုအရသာရှိတဲ့ အရည်တခုခုနဲ့ ပြန်လည် ပြုလုပ်ထားတဲ့ ဆေးမျိုးစုံကောက်တေးလို့ သိရပါတယ်။ တစ်ညလုံး မပင်ပန်းပဲ ကခုန်ပျော်ရွှင်နိုင်ဖို့ (ကြည်နူးရွှင်ပျခြင်း အဆင့် (euphoria stage) ကို ဆက်တိုက်ရနေစေဖို့) အတွက် အဓိက အသုံးပြုကြပါတယ်။
ဟက်ပီးဝါးတားကို သုံးစွဲရတာကလဲ လွယ်ကူရှင်းလင်းပါတယ်။ အရောင်၊ အနံ့ မထင်ရှားတဲ့အတွက် အခုမှ တားမြစ်ဆေးတွေကို စမ်းသပ်ကြည့်ချင်တဲ့ လူငယ်များအတွက် အသုံးပြုရတာ လွယ်ကူစေပြီး သာမန်အစားအသောက်ထုတ်ပိုးမှု ပုံစံတွေနဲ့ ရောထွေးနေတတ်တာမျိုး တွေ့ရတတ်ပါသေးတယ်။
တရုတ်ကနေ အဓိက ထုတ်လုပ်ပြီး မြန်မာနဲ့ ထိုင်းမှာ သုံးစွဲမှု အရမ်းများတဲ့ ပစ္စည်းတမျိုးဖြစ်ပါတယ်။ ဟက်ပီးဝါးတားကနေ အစပြုပြီး နောက်ပိုင်း အခြား တားမြစ်ဆေးတွေကိုပါ ထပ်မံအသုံးပြုချင်အောင် ဆွဲဆောင်နိုင်ပါတယ်။ ဆေးလွန်မှု ကိစ္စမျိုးတွေလဲ ဖြစ်တတ်ပါတယ်။
ပျော်ရွှင်မှုကို ရှာဖွေတာ လူငယ်သဘာဝဖြစ်ပင်မဲ့ (Self-relaxation အတွက် အသုံးပြုရင်တောင်မှ) အချို့ကိစ္စတွေကို ကိုယ့်အသိဉာဏ်နဲ့ကိုယ်ဆုံးဖြတ်ရပါမယ်။ အထူးသဖြင့် အလွဲသုံးစားပြုလုပ်ဖို့ သီးသန့် ပြုလုပ်ထားတဲ့ ဓာတုဗေဒပစ္စည်းတွေက ပေးတဲ့ ပျော်ရွှင်မှုနဲ့ ပြန်ရတဲ့
ဘေးထွက်ဆိုးကျိုးတွေကို ကိုယ်တိုင်ပြန်လည်ချိန်စကြည့်ဖို့ အကြံပေးရင်း ဒီစာကို အဆုံးသတ်ပါရစေ။ (တားမြစ်ဆေးတွေ ခဏခဏ သုံးတာ ဘာနဲ့တူလဲဆိုတော့ ခွဲစိတ်ခန်းထဲ ခဏခဏဝင်ပြီး မေ့ဆေး သွားသွားထိုးနေတာနဲ့ တူပါတယ်)
အွန်လိုင်းမှာ ဆေးခြောက်ရေကို ဟက်ပီးဝါးတားဆိုပြီး ပြောရောင်းနေတာတွေရောရှိလို့ ဖြည့်စွက်ထပ်ပြောပေးတာပါ။ ဆေးခြောက်ရေက Happy Water မဟုတ်ပါဘူးခင်ဗျာ။ (Ref – Dr. SATZ)