မြန်မာနိုင်ငံအတွင်း၌ လျှို့ဝှက်စွာနေထိုင်ပြီး ထူးဆန်း၍ ရှားပါးလှသော သမန်းကျားများ


မြန်မာနိုင်ငံအတွင်း၌ လျှို့ဝှက်စွာနေထိုင်ပြီး ထူးဆန်း၍ ရှားပါးလှသော သမန်းကျားများ

မြန်မာနိုင်ငံတွင် ထူးခြားသည့် သတ္တဝါတစ်မျိုး ရှိပါသည်။ ဒါကတော့ မြန်မာနိုင်ငံ အထက်ပိုင်းက သမန်းကျား တွေပါ။


သမန်းကျား ဆိုသည်မှာ လူကနေ ကျား အသွင်ပြောင်းလဲနိုင်သော မျိုးနွယ်စုကို ခေါ်ဆိုတာပါ။ ထိုလူမျိုးကို ထမန်းလူမျိုးဟုလည်း ခေါ်ဆိုကြပါသည်။


ထမန်းလူမျိုးသည် တိဗက်~မြန်မာ အစုဝင် သက်အုပ်စုခွဲတွင် ပါဝင်၍ မြန်မာနိုင်ငံအထက် ချင်းတွင်းခရိုင်၏ မြောက်ဘက် ရှမ်း၊ ကချင်နှင့် ချင်းနယ်မြေတို့ ဆုံရာဒေသတွင် နေထိုင်ကြပါသည်။ လူဦးရေ နှစ်သောင်းခန့် ရှိ၏။


ထမန်းတို့ ပြောဆိုသော စကားသည် ကချင်စကား၊ နာဂစကားတို့နှင့် အဆက်အစပ် ရှိသည်ဟု ယူဆရပါသည်။ သို့ရာတွင် ကဒူးစကား ကဲ့သို့ပင် ရှမ်းနှင့်ချင်းတို့၏ အငွေ့အသက် မကင်းသည်ကို တွေ့ရပါသည်။ လူမျိုးအဆက်အနွယ်အား ဖြင့် ကဒူးတို့နှင့် ဆက်စပ်မှုရှိသည်ဟု ယူဆရပါသည်။


ထမန်းလူဦးရေမှာ နည်းပါးလှပေရာ ထမန်းရွာဟူ၍ နာဂတောင်တန်းခရိုင် ဟုမ္မလင်းနယ်တွင် ထမန်သည် တစ်ရွာတည်းသာ ရှိပါသည်။ သို့သော် အထက် ချင်းတွင်းခရိုင်၏ မြောက်စူးစူးရှိ ရွာကလေးများ၌လည်း ထမန်းလူမျိုး အနည်းငယ်ကို တွေ့ရပါသည်။


ထမန်းတို့သည် လူစင်စစ်မှ ကျားအဖြစ်သို့ ပြောင်းလဲ၍ မိမိတို့ပိုင်ပစ္စည်းများကို ခိုးယူသူတို့အား ဒုက္ခပေးလေ့ ရှိကြောင်းကို ယခင် အထက်ချင်းတွင်းခရိုင်ဝန် ဖြစ်ခဲ့ဖူးသူ မစ္စတာ ဂရန့်ဗရောင်းဆိုသူက ၁၉၀၈ ခုနှစ်၌ စာအုပ်ရေးသား ထုတ်ဝေခဲ့ဖူးပါသည်။


သမန်းကျားဆိုသည်မှာ လူက ကျားအဖြစ် ပြောင်းလဲသော မိစ္ဆာအတတ်တစ်မျိုးဖြစ်သည်ဟု ယူဆကြပါသည်။ မူလအမည်မှာ ရှမ်းစကား ထမန် ဖြစ်သည်။ ထမန်ကျားဟု ခေါ်ရာမှ ကာလရွေ့လျားလာသော် သမန်းကျား ဖြစ်လာသည်။


ချင်းတွင်းမြစ်ညာတွင် (ထမံသည်) ထမံသီရွာဟူ၍ ရှမ်းလူမျိုးများ နေထိုင်သောရွာ ယခုတိုင် ရှိသေးသည်။ အင်းတော်ကြီးအိုင် ဝန်းကျင်နှင့် ချင်းတွင်းမြစ်ညာတွင် နေထိုင်ကြသော ရှမ်းနီလူမျိုးတို့က လူမှဖြစ်သောကျားကို မော်လခေါင်ကျားဟု ခေါ်ကြသည်။


ထမန်တို့သည် ရှမ်းလူမျိုးများ ဖြစ်ကြပြီး တစ်ချိန်က အင်းတော်ကြီး အိုင် ဖြစ်လာမည့် နေရာတွင် စည်ခမ်းအမည်ရှိသည့် မြို့ကို တည်ထောင်နေထိုင်ခဲ့ကြသည်။


စည်ခမ်းမြို့ ရေအောက် ရောက်သွားပြီးနောက် ကျန်ခဲ့သော အဆက်အနွယ်များသည် အနောက်ဘက်သို့ ရွှေ့ပြောင်းသွားကြပြီး အခြားသူများနှင့် သွေးနှောခြင်း မပြုဘဲ(အခြားသူများကလည်း ယင်းတို့နှင့် သွေးနှောခြင်းမပြု) သီးခြား နေထိုင်ခဲ့ကြသည်။


အခြားသူများက ယင်းတို့ကို ထမန်များဟု ခေါ်ကြသည်။ ထမန်တို့ကလည်း မိမိတို့ ပညာများကို သားစဉ် မြေးဆက် သင်ကြားပေးခဲ့ပြီး ပြင်ပသို့ မပေါက်ကြားအောင် ထိန်းသိမ်းခဲ့ကြသဖြင့် ယင်းပညာတတ်ကြောင်း အခြားလူများ မသိနိုင်ကြချေ။


ရှမ်းလေးမြို့ ရာဇဝင်တွင် စည်ခမ်းမြို့မှ မင်းသားတစ်ယောက်သည် ကျားဖြူဘဝနှင့် တောလိုက်နေစဉ် တာပိန်မြစ်ညာရှိ တိုင်းပြည်တစ်ခုမှ ရေထဲမျောလာသော အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ကျရာမှ မွေးဖွားလာသော ကလေးများသည် နောင်ကြီးပြင်းလာချိန်တွင် မိုးညှင်း၊ မိုးကောင်းမြို့၊ မိုးမိတ် မြို့များကို တည်ထောင်သည်ဟု ပါရှိသည်။


ထိုမင်းသားအား ကျားဖြူရှင်ဟူ၍ သိရှိကြပေသည်။ ခရီးသွားလာရာတွင် လူခန္ဓာကိုယ်ဖြင့် သွားလာသည်ထက် ကျားခန္ဓာကိုယ်ဖြင့် သွားလာသည်က များစွာ သက်သာခြင်း၊ အမဲလိုက်ရာတွင် လက်နက် ကိရိယာ မလိုဘဲ အချိန်ကုန်၊ လူပန်း သက်သာခြင်းကြောင့် ယင်းလုပ်ငန်းများတွင် အသုံးပြုသည်။


ယခုအခါ ယင်းအယူအဆများ ကွယ်ပျောက်သလောက် ရှိနေပြီ ဖြစ်သည်။လူသားအဖြစ်မှ ကျားအဖြစ်သို့ ပြောင်းလိုသည့်အခါ ကျားဖြစ်မည့်သူနှင့် အတူ အဖော်တစ်ဦးလည်း လိုအပ်ပါသည်။ ထိုအဖော်နှင့်အတူ ကျားအဖြစ် ပြောင်းမည့်နေရာ သို့ သွားရောက်ရသည်။


အထူးသဖြင့် လူတို့နှင့် မနီးစပ်ရာ တောထဲသို့ သွားရောက်ကာ ကျားအဖြစ် ပြောင်းမည့်သူက ဝတ်ထားသည့် အဝတ်အစားများ အားလုံးကို ချွတ်ပြီး ပါလာသည့် အဖော်အား ပေး ထားရပါသည်။ ထို့နောက် အဖော်ဖြစ်သူမှ အဝတ်အစားများယူကာ လုံခြုံမှုရှိသော အန္တရာယ်ကင်းသော သစ်ပင်အမြင့်ပေါ်သို့ တက်နေရပါသည်။


ထိုသို့တက်ရခြင်းသည် လူမှ သမန်းကျား ဖြစ်သောအခါ မိမိအဖော်အား အန္တရာယ် မဖြစ်စေရန် ဖြစ်၏။ ထို့နောက် ကျားဖြစ်မည့်သူက ကျားစိတ် ကျားမာန်များ ဝင်လာရန် အစီအမံများကို တဆင့်ချင်းပြုလုပ်ကာနောက်ဆုံး ကျွမ်းသုံးခေါက် ထိုးကာ ကျားအဖြစ်သို့ ရောက်ရှိသွားပြီး တောကောင်လိုက်ရန် တော အတွင်းသို့ စီးနင်းဝင်ရောက်တော့၏။


တောအတွင်းသို့ ဝင်ရောက်လာပြီးနောက် သွက်လက်ဖျက်လတ်သော ရဲရင့် စွမ်းအား ပြည့်ဝသော ကျားတစ်ကောင်ကဲ့သို့ သားကောင်များအား ဖမ်းဆီး ကိုက်ဖြတ်တော့သည်။


သားကောင်များ ရရှိလာပြီးနောက် အဖော်ရှိရာသို့ ပြန်လာ၏။ ထိုအခါ အဖော်က ကျားဘဝမှ လူသားအဖြစ်သို့ ပြန်ဖြစ်လာရန် သူ၏ အဝတ်အစားများအား ပြသပေးရပါသည်။


အဝတ်အစားကို မြင်မှ တဖြည်းဖြည်း သတိရလာပြီး လူစိတ်ပြန်ဝင်ကာ လူသားဘဝ ပြန်ဖြစ်လာလေသည်။ထိုအခါမှ အဖော်ဖြစ်သူက အဝတ်အစားများ ပေးပြီး သားကောင်များ ယူဆောင်ကာ ရွာအတွင်းသို့ အတူ ဝင်ကြလေ၏။


သမန်းကျား အတတ်ပညာမှာ အဓိက သုံးမျိုး ရှိပါသည်။


(၁) မွေးကတည်းက ထူးခြားစွာ ပါလာသော သမန်းကျား အတတ်


(၂) မျိုးရိုးစဉ်ဆက် တတ်ကျွမ်းခဲ့သော သမန်းကျား အတတ်


(၃) ဆေးဝါးမန္တန်တို့ဖြင့် သင်ယူထားသော သမန်းကျား အတတ်တို့ ဖြစ်ပါသည်။


သမန်းကျား အမျိုးအစား သုံးမျိုးရှိပါသည်။


(၁) လူစင်စစ်ကနေ တကယ့် ကျားအဖြစ် ကူးပြောင်းသွားသော အမျိုးအစား (များသောအားဖြင့် ၁၂ နာရီ ခန့် ကျားဘဝ ရောက်သွားပါတယ်)


(၂) လူစင်စင်ကနေ တကယ့် ကျားအဖြစ် ကူးပြောင်းမသွားဘဲ ကျားကဲ့သို့ တိရစ္ဆာန်စိတ် ဝင်လာသော အမျိုးအစား (နှစ်ဆယ့်လေးနာရီခန့် တိရစ္ဆာန်စိတ် ဝင်နေတတ်ပါတယ်)


(၃) လူဖြစ်လိုက် တကယ့် ကျားဖြစ်လိုက်နှင့် တစ်လှည့်စီ ကူးပြောင်းနေသော အမျိုးအစား (ဆိုလိုတာက လူနေအိမ်တွေနား ရောက်ရင် သာမန်လူ ဖြစ်သွားပြီး တောတွင်းထဲ ရောက်သွားရင် တကယ့်ကျား ဖြစ်သွားတာမျိုး၊ အဲဒီအမျိုးအစားကတော့ အချိန်အကြာဆုံး ကူးပြောင်းနိုင်ပါတယ်)


သမန်းကျားတွေမှာ လူစင်စစ်ကနေ ကျားအဖြစ် ကူးပြောင်းမယ့် အမျိုးအစားတွေက အချိန်အားဖြင့် လပြည့်ညနဲ့ လကွယ်ညတွေမှာ ကူးပြောင်းကြပါသည်။


လူစိတ်ကနေ ကျားတိရစ္ဆာန်စိတ် ဝင်တတ်တဲ့ အမျိုးအစားကတော့ အချိန် လပြည့်နေ့ လပြည့်ကျော် တစ်ရက် လကွယ်နေ့တွေမှာ လူစိတ်ပျောက်ပြီး ကျားတိရစ္ဆာန်စိတ် ဝင်တတ်ပါ သည်။


ကူးပြောင်းပုံကတော့ လူသူမရှိတဲ့ ကွင်းပြင်လို နေရာမျိုးမှာ လူ့စိတ်ကနေ တိရစ္ဆာန်စိတ် ဝင်စေသတည်းလို့ အာရုံပြုလိုက်တာနဲ့ စိတ်ပြောင်းသွားပြီး တကယ် ကျားတစ်ကောင်လိုပဲ သွားလာ လှုပ်ရှားပါတော့သည်။


အသံကအစ လူလို မပြောတတ်တော့ဘဲ ကျားလို ဟိန်းဟောက်တာမျိုး ဖြစ်လာပါသည်။ လူဖြစ်လိုက် ကျားဖြစ်လိုက် အမျိုးအစားကတော့ ကြိုက်တဲ့နေရာ ကြိုက်တဲ့ဒေသမှာ လူကနေ ကျားအဖြစ် ကူးပြောင်းနိုင်သလို ကျားအဖြစ်ကနေ ချက်ချင်း လူအဖြစ် ကူးပြောင်းနိုင်ပါသည်။


အမှတ်(၁) အမျိုးအစားနဲ့ အမှတ်(၂) အမျိုးအစားကတော့ သူတို့ ကူးပြောင်းရမယ့် အချိန်မကုန်သရွေ့ လူ့ဘဝ လူ့စိတ် ပြန်မရောက်နိုင်ပါဘူး။


သမန်းကျားတွေမှာ လူကနေ ကျားစင်စစ် ဖြစ်သွားရင်သော် လည်းကောင်း။ လူ ကနေ ကျားစိတ်ပေါက်သွားရင်သော်လည်းကောင်း လူတွေကို ဘယ်တော့မှ အန္တရာယ် မပြုပါဘူး။


သူတို့ဘာသာ စိတ်ကြိုက် ကျားဘဝနဲ့ ကျားစိတ်နဲ့ ခုန်လိုက် ပေါက်လိုက် ဟိန်းလိုက်ဟောက်လိုက် နေကြပါ သည်။ တစ်ခါတလေတော့ ကျားသဘာဝ အမဲလိုက်ကြပါသည်။


တောထဲက ယုန်လေးတွေ ဆိတ်က လေးတွေ ကိုက်ချီလာမျိုး ရှိပေမယ့် လူတွေကို အန္တရာယ် မပေးတတ်ပါဘူး။


အမှတ်(၃) အမျိုးအစားကတော့ လူကို ဒုက္ခမပေးပါဘူး။ အဲဒီ အမျိုးအစားက အရမ်းရှားပါးလို့ပါ။ အရင်တုန်းကတော့ ပဲခူးရိုးမ ရှမ်း ရိုးမ တောင်ခြေတစ်ဝိုက်မှာ သမန်းကျား မျိုးနွယ်ဝင်တွေဟာ ကိုယ့်ရွာကိုယ်တည်ပြီး နေကြပါသည်။ အခု ခေတ်အခါမှာတော့ အဲဒီအမျိုးအနွယ်တွေဟာ လူတွေနဲ့ ရောနှော နေထိုင်နေကြပါသည်။


သမန်းကျား ပညာသည်တွေဟာ သာမန်လူတွေလိုပါပဲ။ ပုံသဏ္ဌာန် ထူးခြားမှု၊ ခန္ဓာကိုယ် တည်ဆောက်ပုံ ထူးခြားမှု လုံးဝမရှိပါဘူး။


သမန်းကျား အချင်းချင်းတော့ သိကြပါသည်။ သမန်းကျားပညာရှင် အချင်းချင်း တွေ့ရင် နှစ်ယောက်စလုံးက အမှတ်တမဲ့ ကိုယ့်ခြေတစ်ဖက်ကို နောက်ကို ဆုတ်လိုက်ကြပါသည်။


သမန်းကျား ပညာရှင် အချင်းချင်းတွေ့သည့် အချိန်ကျလျှင် တစ်ယောက်ကိုတစ်ယောက် လေးစားသောအားဖြင့် ခြေထောက်ကို နောက်ပြန်ဆုတ်တဲ့ ပုံစံနဲ့ အရိုသေ ပေးပါသည်။ အထက်လမ်း ဆရာတွေကို တွေ့တဲ့ အခါကျရင်လည်း ဒီလိုပဲ ခြေတစ်လှမ်း နောက်ဆုတ် ပြီး အရိုအသေပေးပါသည်။


အောက်လမ်းတို့ စုန်း စသည့် အတတ်ပညာရှင်တို့နဲ့ တွေ့တဲ့အခါကျရင်တော့ ရှေ့ကို ခြေနှစ်လှမ်းတိုးပြီးတော့ မင်းတို့ကို ငါ သိတယ်ဆိုတဲ့ ပုံစံပြပါသည်။


ဘုန်းကြီးတွေ ဘာတွေ တွေ့ရင် နောက်ကို ခြေတစ်လှမ်းဆုတ်ကာ လက်အုပ်ချီသည်။ ငွေတစ်ထောင် လှူဒါန်းပါသည်။ အရင်ခေတ်ကတော့ ငွေတစ်ကျပ်၊ ငွေတစ်မတ်၊ ငွေဒင်္ဂါးတစ်ပြား လှူဒါန်းပါသည်။


crd,မူရင်း


>