“ငါတို့ကျရှုံးပါစေ တရားကသာအနိုင်ရပါစေ” လို့ ဗိုလ်စနေ မကျဆုံးခင်ဆုတောင်းသွားတယ်


“ငါတို့ကျရှုံးပါစေ တရားကသာအနိုင်ရပါစေ” လို့ ဗိုလ်စနေ မကျဆုံးခင်ဆုတောင်းသွားတယ်

မနက်က မြောင်တွင် ထိတွေ့ပစ်ခတ်မှုဖြစ်ပြီး MUA ၏ ဒုတပ်စိတ်မှူး ဗိုလ်စနေ ကျဆုံး၊ စကစ ၂ ဦးသေပြီး ကိုရင်တစ်ပါးကို နှိပ်စက်သွား


ယနေ့မနက် ၄ နာရီခန့်က မြောင်မြို့နယ်တွင် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီး မြောင်ပြည်သူ့တပ်မတော်မှ ဒုတပ်စိတ်မှူး ဗိုလ်စနေ ကျဆုံးခဲ့ကြောင်း သိရသည်။


ယနေ့မနက် ၄ နာရီခန့်တွင် ကျောက်ရစ်ရဲစခန်းမှ စစ်ကောင်စီတပ် အင်အား ၆၀ ခန့်သည် မိုးတစ်ဖြိုက်ဖြိုက်ကျနေချိန် အမှောင်ထုကိုအားပြုပြီး ဆင်မင်းကျေးရွာကိုဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ယင်းအချိန်တွင် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီး Myaung Farmer အဖွဲ့မှ မြောင်ပြည်သူ့တပ်မတော် MUA ၏ ဒုတပ်စိပ်မှုး မောင်မျိုးသန့်ခိုင် (ခ) ဗိုလ်စနေမှာ ကျဆုံးခဲ့ကြောင်း မြောင် PDF CDSOM က သတင်းထုတ်ပြန်လာသည်။


အပြန်အလှန်ပစ်ခတ်မှုများကြောင့် စစ်ကောင်စီတပ်ဘက်မှ ၂ ဦး ကျဆုံးပြီး ဒဏ်ရာရ ၅ ဦးရှိကာ ထမ်းစင်နှင့်ပြန်ပြေးသွားခဲ့ကြောင်း CDSOM ကဆိုသည်။


“သူရဲကောင်းစိတ်ဓာတ်အပြည့်ဖြင့် တာဝန်ကျေပွန်စွာထမ်းဆောင်ပြီး နှုတ်ဆက်ထွက်ခွာသွားသော ရဲဘော် ဗိုလ်စနေအား ကျွန်ုပ်တို့ တော်လှန်ရေးအင်အားစုများမှ အလေးနီပြုလိုက်ပါသည်” ဟု သတင်းထုတ်ပြန်ထားသည်။


စစ်ကောင်စီတပ်သည် ဆင်မင်းကျေးရွာထဲရှိ ဘုန်းကြီးကျောင်းကိုရောက်ချိန် ကိုရင်လေးတစ်ပါးအားခေါ်ကာ PDF ရှိမရှိမေးမြန်းရာ မသိကြောင်း ပြန်ဖြေသဖြင့် ကိုရင်၏ဦးခေါင်းကို ခြေထောက်များနှင့်ကန်၍ ကျောကိုထိုးနှက်နှိပ်စက်ခဲ့ကြောင်း သိရသည်။


” ကျနော်နှင့်တွေ့ချိန်အထိ နာကျင်လွန်းလို့ အငိုတောင်မရပ်နိုင်သေးပဲ ရှိနေခဲ့ပါတယ်” ဟု CDSOM ကဆိုသည်။


ဘုန်းကြီးကျောင်းဝင်းထဲရှိ ပြည်သူ့ဆိုင်ကယ် ၄ စီးကိုလည်း စစ်ကောင်စီတပ်က မီးပုံရှို့ခဲ့ပြီး ဆင်မင်ရွာပြည်သူအိမ်တစ်အိမ်ကိုလည်း ခြံတံခါးများကျော်တက်ကာ ငွေသိန်း ၁၀၀ ခန့်နှင့် ဖုန်း ၄ လုံး ခိုးယူသွားခဲ့ကြောင်း သိရသည်။