မှားအပိတ်ခံရတဲ့ Kpay အကောင့်တွေ ဗဟိုဘဏ်ကို E-mail ပို့တင်ပြနိုင်တယ် လို့ KBZ Pay ထုတ်ပြန်


မှားအပိတ်ခံရတဲ့ Kpay အကောင့်တွေ ဗဟိုဘဏ်ကို E-mail ပို့တင်ပြနိုင်တယ် လို့ KBZ Pay ထုတ်ပြန်

မှားယွင်းအပိတ်ခံရတဲ့ KBZ Pay အကောင့်တွေ ဗဟိုဘဏ်ကို အီးမေးလ်တိုက်ရိုက်ပေးပို့တင်ပြနိုင်တယ်လို့KBZ Pay ကဒီနေ့စက်တင်ဘာ ၂၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။


ဗဟိုဘဏ်က တရားမဝင်ငွေလွှဲပြောင်းမှုနဲ့ ငွေကြေးလိမ်လည်မှု ကာကွယ်ဖို့ Mobile Pay အချက်အလက်တွေ ပြည့်စုံစွာ ဖြည့်သွင်းရမှာဖြစ်ပြီး လုပ်ဆောင်မှုမရှိပါက အပြီးတိုင်ပိတ်သိမ်းမယ်လို့ ကြေညာပြီးနောက်


KBZ Pay အသုံးပြုနေတဲ့ ပြည်သူတချို့ အကောင့်ပိတ်သိမ်းခံရမှုတွေ ဖြစ်ပေါ်နေတာဖြစ်ပါတယ်။“ KPay အကောင့်နဲ့ အရောင်းအဝယ်လုပ်နေတာ နေ့စဉ် ငွေလွှဲငွေထုတ်ကတော့ရှိမှာပဲ။


Sim Card တူ Level -2 ကိုယ်လည်းအပိတ်ခံရတယ်၊ ဘာလို့ပိတ်တာလည်းဆိုတော့ ငွေအဝင်အထွက်များလို့တဲ့။ Kpay Center ကိုမေးတော့ ဗဟိုဘဏ်ကပိတ်တာ မေးလ်ပို့ဖြေရှင်းရမယ်ဆိုပြီး


အသုံးပြုတွေရဲ့ အခက်အခဲကို မဖြေရှင်းပေးဘဲ မျက်နှာလွှဲခဲပစ်လုပ်သလို ဖြစ်နေတယ်”လို့ KBZ Pay အကောင့်ပိတ်ခံရသူတစ်ဦးက ပြောပါတယ်။


ပိတ်ခံရတဲ့ အကောင့်တွေမှာ ငွေကြေးပမာဏ အနည်းငယ်ကနေ ပမာဏများစွာရှိနေတဲ့အကောင့်တွေလည်း ပါ၀င်ပြီး ဘဏ်ကို ဆက်သွယ်ရာမှာ တိကျတဲ့အဖြေပေးမှုမရှိဘဲ


ဗဟိုဘဏ်ကိုသာ ဆက်သွယ်ရမယ်လို့ ဖြေကြားတယ်လို့ အကောင့်ပိတ်ခံရတဲ့ ပြည်သူတချို့က လူမှုကွန်ရက်ကတဆင့်ပြောကြားထားကြပါတယ်။


လက်ရှိ တချို့ Level အဆင့်မမြှင့်ရသေးတဲ့ အကောင့်တချို့ကလည်းဆက်လက်သုံးစွဲလို့ရနေဆဲဖြစ်ပြီး ငွေလွှဲငွေထုတ် မမှန်ကန်လုပ်မိတဲ့သူတချို့ကိုသာ ပိတ်တာလို့ ဘဏ်ကပြောကြောင်း


KBZ ဘဏ်ကို သွားရောက်မေးမြန်းခဲ့တဲ့ ပြည်သူတစ်ဦးကပြောပါတယ်။“ညီမ Level-1 နဲ့ 1.5 Kpayကို သုံးနေတာနေ့စဉ်ငွေအဝင်အထွက် လည်းများတော့ စိတ်ချရအောင်ဘဏ်သွားမေးပြီး အဆင့်လည်းသွားတင်တာ။


သူတို့ကတော့ အကောင့်တွေပိတ်ခိုင်းတာ အဆင့်မြှင့်ခိုင်းတာ အဲ့လို တိတိကျကျညွှန်ကြားလာတာတောင်မရှိသေးဘူးပေါ့။ ငွေလွှဲအကောင့်ဖြစ်လို့ ငွေဝင်ထွက်များနေမှာပဲ တချို့မှားယွင်းလုပ်မိလို့သာ ပိတ်ခံရတာမျိုးဖြစ်မှာပါလို့ပြောတယ်။


ဒါပေမယ့် လုံခြုံစိတ်ချရအောင် အဆင့်မြှင့်ထားတာကောင်းတယ်ပေါ့ ။ မှတ်ပုံတင်ပါတယ် ကိုယ်တိုင်သုံးတယ်ဆို Level-2 အကောင့်ချက်ချင်းရပါတယ်” လို့ ဘဏ်သွားရောက်ခဲ့တဲ့ပြည်သူတစ်ဦးကပြောပါတယ်။


လက်ရှိမှာ မှားယွင်းပိတ်ခံခဲ့ရတဲ့ KBZ Pay အကောင့်သုံးစွဲသူ ပြည်သူတွေအနေနဲ့ မိမိတို့အကောင့်ပြန်လည်ဖွင့်လှစ်အသုံးပြုနိုင်ဖို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို အီးမေးလ်တိုက်ရိုက်ပေးပို့ တင်ပြနိုင်တယ်လို့ KBZ Pay ကထုတ်ပြန်ထားပါတယ်။