မူလတန်းကလေးလွယ်အိတ်ထဲက သွေးစွန်းနေတဲ့ စာအုပ်လေးတွေနဲ့ ပြေးဖို့ လွယ်အိတ်ထဲ ထိုးထည့်ခဲ့တဲ့ ဖိနပ်တစ်ရံ


မူလတန်းကလေးလွယ်အိတ်ထဲက သွေးစွန်းနေတဲ့ စာအုပ်လေးတွေနဲ့ ပြေးဖို့ လွယ်အိတ်ထဲ ထိုးထည့်ခဲ့တဲ့ ဖိနပ်တစ်ရံ

မူလတန်းကလေးလွယ်အိတ်ထဲက သွေးစွန်းနေတဲ့ စာအုပ်လေးတွေနဲ့ ပြေးဖို့ လွယ်အိတ်ထဲ ထိုးထည့်ခဲ့တဲ့ ဖိနပ်တစ်ရံ


နာမည်လေးက ” မောင်ဘုန်းတေဇ ” တဲ့ 

ဘဝဆက်တိုင်း အဖြစ်ဆိုးတွေမှ ကင်းဝေးပါစေ သားလေးရေ…. 


စာဖတ်ပြီး ရင်နင့်ရပါတယ်လက်ယက်ကုန်းရွာမှာ စာအံသံတွေ အရင်လိုမကြားရတော့ပါ


အခါတိုင်းလည်း စစ်ရဟတ်ယာဉ်များ ရွာအပေါ်မှ ပျံဝဲသွားလေ့ရှိရာ ဒီတစ်ခေါက်ရဟတ်ယာဉ်များလာသည့်သတင်းကြားတော့ ကလေးများကိုသာ စုစုစည်းစည်းနဲ့ စာသင်ခန်းထဲဝင်ခိုင်းဖို့ ဆရာမ သီတာ(အမည်လွှဲ) တစ်ယောက် ကြိုးပမ်းခဲ့မိသည်။


KG တန်းမှ မူလတန်းအထိ စုစုပေါင်း ကျောင်းသူ၊ကျောင်းသား ဦးရေ ၂၄၀ ကျော်သည် ဆရာ၊ ဆရာမများ၏ ညွှန်ကြားမှုဖြင့် သက်ဆိုင်ရာအခန်းအသီးသီးတွင် ပြေးလွှားဝင်ရောက်နေကြသည်။


မကြာမီ ကျယ်လောင်လှသည့် အသံကြီးများ ရှေ့ဆင့်နောက်ဆင့် ဝုန်းတိုင်းကြဲ ကြားရအပြီး စက်သေနတ်ကျည်များ မိုးသီးကြွေသလို တရစပ် ကျရောက်လာတော့သည်။


ကွင်းပြင်အတွင်း ရှိနေသည့်ကလေးများ ဆောက် တည်ရာမရ ပြေးလွှားနေသလို တဝုန်းဝုန်းတဒိုင်းဒိုင်းအသံများသည်လည်း ဆက်လက်ကြားနေရဆဲဖြစ်သည်။ အနီးအနားရှိနေသည့် ကျောင်းသူ၊ ကျောင်းသားငယ်အား လက်ထဲမိသမျှ ဖမ်းဆွဲရင်း ကျည်ကွယ်အဆောက်အအုံထဲ ဆရာမ သီတာ(အမည်လွှဲ)လည်း အတင်းပြေးဝင်လိုက်ရသည်။


“အစ်မ ကျွန်တော်တော့ထိပြီ” ဟု ပြောလာသူ လက်နက်ကြီးစ ထိမှန်သွားသည့် ကျောင်းဆရာအား

“ ငါ့မောင်ကုတင်အောက်ကိုဝင် ၊ ကုတင်အောက်ကိုဝင် ဒီကလေးတွေကို အစ်မထပ်ဆွဲလိုက်မယ်” ဟု သူကပြောကာ ကလေးများကို ကုတင်အောက် နေရာလွတ်ထဲ အတင်းထိုးသွင်းနေခဲ့သည်။


ထိုစဉ် လက်ယက်ကုန်းရွာပေါ် ပျံဝဲနေသည့် စစ်ရဟတ်ယာဉ်လေးစီးကလည်း လက်နက်ကြီးတစ်လှည့် စက်သေနတ်တစ်လှည့် အလှည့်ကျပစ်ခတ်နေဆဲဖြစ်သည်။


လူမမယ်ကလေးငယ်များနှင့် ကျောင်းဆရာ၊ဆရာမများအား စစ်ကောင်စီလေကြောင်းတပ်ဖွဲ့ပစ်ခတ်မှုကို ကာကွယ်ပေးနိုင်သည်မှာ ဘုန်းတော်ကြီကျောင်း ဆောင်ထဲရှိ ထူထဲလှသည့် ရှေးဟောင်းကုတင်ကြီးများသာ ရှိသည်။


ဆရာမ မသီတာနှင့် ကလေးဆယ်ဦးခန့် ဝပ်နေရာထိုကုတင်အနီးသို့ လက်နက်ကြီးကျည် တချို့ကျရောက်ပေါက်ကွဲပြန်သည်။


လက်နက်ကြီးသံ ခဏရပ်သွားချိန် ကျောကုန်းထိမှန်သွားသည့် ၁၀ ကျော်သက်အရွယ် ကျောင်းသူကလေးမှာ တစ်ကိုယ်လုံးသွေးများ နစ်နေအောင် စိုရွှဲနေသည်။ ထိုအနီးတွင် အခြားကလေးတစ်ဦးမှာ ဗိုက်ပွင့်လျှက်မလှုပ်ရှားတော့။ အချို့ကလေးများမှာ ခြေထောက်၊လက် ပြတ်ကုန်သည်။


ခဏအကြာမှာပင် လက်နက်ကြီးကျည် ထိမှန်ထားသည့် ကျောင်းဆရာထံမှ “..ဆရာမရေ ကျွန်တောတို့ဘက်လည်း ထိကုန်ပြီ….ဒီဘက်မှာဒဏ်ရာရကုန်ပြီ လုပ်ကြပါဦး ကယ်ကြပါဦး ….”ဟု အော်သံ သူကြားလိုက်ရပြန်သည်။


“ငါ့မောင်ရေ အစ်မတို့လည်းအဲ့ဘက်မရွှေ့နိုင်သေးဘူး ထိတဲ့ကလေးတွေကို အင်္ကျီနဲ့စည်းထားပေး…” ဟု ဆရာမသီတာက ပြန်လည်အော်ဟစ် ညွှန်ကြားလိုက်သည်။


စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်သံများမှာလည်း ဆက်လက်ကြားနေရဆဲဖြစ်သည်။ ပစ်ခတ်မှုများကြား အဆောက်အအုံထဲ ရောက်မလာနိုင်သေးသည့် ကလေးငယ်များလည်း ကျောင်းဝန်းကွင်းပြင် အပင်များအောက်တွင် အလျှိုအလျှို အော်ဟစ်ပြေးလွှားလျက်။


စက်တင်ဘာလ ၁၆ ရက် မွန်းလွဲ ၁ နာရီ ဝန်းကျင်တွင် စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာရှိ ကလေးများ စာသင်ရာ ရွာဘုန်းကြီး ကျောင်းအတွင်းသို့ စစ်ကောင်စီတပ်ကလေကြောင်း ဖြင့် ပစ်ခတ်ခြင်းဖြစ်သည်။


မုံရွာ(နမခ)မှ တက်လာသည့် ရဟတ်ယာဉ်လေးစင်းသည် တစ်နာရီနီးပါးကြာ ထိုရွာပေါ်မှ ပျံဝဲပြီး ထိုဘုန်းကြီးကျောင်းဝန်းအတွင်းရှိ အဆောက်အအုံများအား သဲကြီးမဲကြီး ပစ်ခတ်ကြခြင်းဖြစ်သည်။


ထိုသို့ တစ်နာရီနီးပါး စိတ်ရှိလက်ရှိ ပစ်ခတ်ပြီးချိန်တွင် စစ်ကောင်စီတပ်သားများ ရဟတ်ယာဉ်ပေါ်မှ ဆင်းလာပြီး “ဟေ့…..အကုန်ထွက်ခဲ့ကြ …….ခေါင်းငုံ့ထားကြ…” ဟုအော်ဟစ်ကာ သေနတ်များ ပစ်ဖောက်ကြသည်။


“ဟာ ..ကလေးတွေ အများကြီးပါလား ….” ဆိုသည့် စစ်ကောင်စီတပ်သားတစ်ယောက်၏ ရေရွတ်ပြောဆိုသံကို ဆရာမသီတာက ကြားလိုက်ရသည်ဟု ဆိုသည်။


ထို့နောက် အခြားစစ်သားတစ်ဦးက “ဒီထဲမှာ PDF တွေရှိတယ်ဆိုလို့ လာစီးတာ ဆိုင်ကယ်တွေနဲ့လေ အဲ့ကောင်တွေ ဘယ်ကို သွားလဲ..” ဟု ဒေါသသံဖြင့်မေးသည်။


“ မရှိပါဘူးဆရာတို့်ရယ်။ တစ်ယောက်မှ မရှိပါဘူး ကျွန်မတို့် စာသင်နေတာပါ”ဟု ဆရာမသီတာ အရဲစွန့်ပြီးဖြေလိုက်သည်။


ဆဲဆိုသံနှင့်အတူ “ သတင်းပေးတဲ့ကောင် မှားပြီကွာ” ဆိုပြီး အရာရှိဖြစ်ဟန်တူသူရဲ့အသံကိုလည်း သူ ကြားလိုက်ရသည်။


ပစ်ခတ်မှုအတွင်း ခုနစ်နှစ်အရွယ် ကလေးငယ်နှစ်ဦး၊ ကိုးနှစ်အရွယ် တစ်ဦး၊ ၁၁ နှစ်အရွယ်တစ်ဦးနှင့် အခြားအတည် မပြုနိုင်သေးသည့် ကလေးငယ်နှစ်ဦး စုစုပေါင်း ခြောက်ဦး သေဆုံးခဲ့ရသည်။


စစ်သားများ၏ အမိန့်ပေးမှုဖြင့် ဒဏ်ရာရသူများကို ရှေ့ထုတ်တန်းစီရာ ဦးရေ ၂၀ နီးပါးရှိသည်။ ထိုအထဲတွင် ကျောင်းဆရာ၊ ဆရာမများနှင့် ကလေးငယ် အများစု ပါဝင်နေသည်။


ဖြစ်စဉ်အတွင်း ကျောင်းသားမိဘတစ်ဦးမှာ အရဲစွန့်ပြီး ဒဏ်ရာပြင်းထန်နေသည့် သူ၏ သားငယ်အား တောင်းသည်။


ထိုအချိန် သတိပြန်လည်လာသည့် ကလေးငယ်မှာ “မေမေ သားသားကို ကယ်ပါဦး”ဟူသည့် အသံနှင့်အတူ အနီးအနားတွင် ပုံလျက်သား လဲကျနေသည့် ကလေးငယ်သုံးဦးကိုလည်း တွေ့ခဲ့ရကြောင်း ထိုမိဘထံက တဆင့်သိခဲ့ရသည်ကို ဆရာမ မသီတာကပြန်ပြောပြသည်။


သေဆုံးသွားသည့် ကလေးငယ်များ၏ ရုပ်အလောင်း များနှင့် ဒဏ်ရာရသူများအပြင် အခြား မသင်္ကာသည့် ပြည်သူများအား စစ်ကောင်စီတပ်က ဖမ်းဆီးသွားရာ စုစုပေါင်း ၂၅ ဦးဝန်းကျင်ရှိကြောင်း သိရသည်။


ထိုကလေးငယ်များအား ဆေးကုပေးမည်ဟု ဆိုကာ ကျေးရွာအတွင်းရှိကားများဖြင့် ရေဦးနယ်ဘက်သို့ စစ်ကောင်စီတပ်သားများက ခေါ်ဆောင်သွားခဲ့သည်။


ထိုဖြစ်ရပ်အတွင်း အရပ်သားလေးဦး နှင့် ကာကွယ် ရေးတပ်သား သုံးဦးကိုလည်း စစ်ကောင်စီတပ်က သတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ် တာဝန်ရှိသူတစ်ဦီးက အတည်ပြုပြောကြားသည်။


စစ်ကောင်စီတပ်သားများ ထွက်ခွါသွားချိန် လွန်ခဲ့သည့်သုံးလက ကလေးငယ်များ၏ စာအံသံများနှင့် မြိုင်မြိုင်ဆိုင်ဆိုင်ရှိနေသည့် ဆရာမသီတာတို့ ကိုယ်ထူကိုယ်ထကျောင်းကလေးမှာ မြင်ရက်စရာမရှိတော့ပေ။


ကလေးငယ်များ၏ သွေးအိုင်ကွက်များ၊ လက်နက် ကြီးကျည် ထိမှန်ထားသဖြင့် ပျက်စီးနေသည့် အဆောက်အအုံများ ၊ပြန့်ကျဲနေသည့် ကလေးငယ်များ၏ ကျောင်းသုံးစာအုပ်များ ၊အချို့ကလေးငယ်များ၏ အဝတ်အထည်အပိုင်းအစများဖြင့် အရာရာ ပျက်စီးကုန်သည်။


“ကလေးတွေက စာမတက်မှာ အတန်းမတက်မှာသိပ်ကြောက်ကြတာ နေမကောင်းဖြစ်နေရင်တောင်ခွင့်မတိုင်ဘူး။ သိပ်ကြိုးစားကြတာ သူတို့ကိုလည်း ကျွန်မကတိပေးထားတယ် ။ စာမေးပွဲတွေပြီးရင် စုံညီပွဲတော်တွေ လုပ်ပေးမယ် အားကစားပွဲတွေလုပ်ပေးမယ်ဆိုပြီး….”ဆရာမ မသီတာအသံတိမ်ဝင်သွားသည်။


ပစ်ခတ်မှုများတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူ စစ်ကောင်စီတပ်သားတစ်ဦးက “ဒါငါတို့ကြောင့်မဟုတ်ဘူး PDF တွေကြောင့်ဖြစ်တာ”ဆိုသော

ပြောဆိုသံကိုလည်း ဆရာမမသီတာ ပြန်ကြားယောင်နေမိသည်။


ရင်နှင့်သည်းခြာ သားသမီးများနှင့်မခြား နိစ္စဓူဝ ထိတွေ့ဆက်ဆံရင်း ဖြူစင်လှသည့် သူ့တပည့်ကလေးငယ်များ ယခုကဲ့သို့ ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခံရသည့်အတွက် ဆရာမသီတာ စစ်ကောင်စီတပ်သားများကို အလွန်နာကြည်းကြောင်းစကားဆိုသည်။


“ရှင်တို့မှာ သားသမီးမရှိဘူးလား ။ ရှင်တို့ကလေးတွေ ရက်ရက်စက်စက် ပိုးလိုးပက်လက် အသတ်ခံထားရရင်ကော ဘယ်လိုနေမလဲ ။ တောင်းပန််ပါတယ်။ စိတ်မကောင်းပါဘူး ဆိုတာလေးနဲ့ကျေနပ်နိုင်မလားလို့ မေးချင်လိုက်တာ” ထိုအဖြစ်အပျက်အား ကျူးလွန်ခဲ့သည့် စစ်ကောင်စီတပ်သားများအား မျက်နှက်ချင်းဆိုင်ပြီး အထက်ပါအတိုင်းမေးလိုကြောင်း ဆရာမသိီတာပြောသည်။


ထိုယူကြုံးမရဖြစ်ရပ်ကြီးတွင် ကလေးငယ်ခြောက်ဦးသေဆုံးမှုရှိပြီး စစ်ကောင်စီတပ်ဘက်မှ ဆေးကုပေးနေသည်ဆိုသည့် ကျန်ကလေးငယ်များ၏ အခြေအနေကို လက်ရှိအချိန်အထိမသိရသေးပေ။


သားသမီးများဆုံးရှုံးရသည့် လက်ယက်ကုန်းရွာမှ မိဘများမှာလည်း ၎င်းတို့သားသမီးများ၏ ရုပ်အလောင်းများ ကိုယ်တိုင်သင်္ဂြိုလ် မြေချခွင့်မရခဲ့ပေ။ စစ်ကောင်စီတပ်က ၎င်းတို့သင်္ဂြိုလ်ပေးကာ အရိုးပြာယူလာပေးမည်ဖြစ်ကြောင်း ပြောသည်ဟုဆိုသည်။


ထ်ိုသ်ို့စစ်ကောင်စီက စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်သည့် စစ်ရာဇဝတ်မှု အတွက် တရားမျှတမှုဖော်ဆောင်ရေး နိုင်ငံတကာက အားဖြည့်ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန လူ့အခွင့်အရေးဝန်ကြီးဌာန နှင့် အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးတွဲ ထုတ်ပြန်တောင်းဆိုထားသည်။


စာသင်ကျောင်းကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် လူမဆန် ကြမ်းကြုတ်သည့် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်ဖြစ်ပြီး ပြင်းထန်စွာရှုတ်ချကြောင်း ၊ ဖမ်းဆီးထားသူများကို အမြန်ဆုံးပြန်လွှတ်ရန် လိုအပ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အသေးစိတ်မှတ်တမ်းတင်ပြီး တရားမျှတမှုကို နည်းလမ်းအမျိုးမျိုးဖြင့် ဖော်ဆောင်နိုင်ရန် ကြိုးပမ်းနေကြောင်း အသိပေးထားသည်။


ထိုဖြစ်စဉ်ကြုံရသည့် ကလေးငယ်များမှာ ကြီးမားတဲ့ စိတ်ဒဏ်ရာတွေရခဲ့ကြရသည်။


အချို့ ကလေးငယ်များမှာ ဒဏ်ရာကြောင့် သွေးအလိမ်းလိမ်းထွက်နေသည့် သူငယ်ချင်းဖြစ်သူအား တင်းတင်းကျပ်ကျပ်ဖက်ထားသည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရကြောင်း ဆရာမမသီတာက ပြန်ပြောပြသည်။


ထိုကလေးငယ်များမှာ ညအချိန်များတွင် မအိပ်ရဲကြတော့ဘဲ အချို့မှာ ရက်ဆက်ငိုနေကြသည်ဟုဆိုသည်။ “


သမီးတို့်ကျောင်းတက်ချင်တယ် လေယာဉ်တွေလာမှာလည်းကြောက်တယ်” ဟု ဆရာမမသီတာအနား မရဲတရဲစကားဆိုသည့် ကလေးငယ်များအားစာပြန်သင်နိုင်ရန် သူကြိုးစားမည်ဖြစ်ကြောင်းဆိုသည်။


သို့သော် စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုနှင့် ရုတ်တရက် ဝင်ရောက်စီးနင်းမှုများကို သူ မကာကွယ်နိုင်သည့်အတွက် စိတ်သောကရောက်နေရသည်ဟု ဆိုသည်။


စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး


Mizzima

Credit