အသက်နဲ့ခန္ဓာတည်မြဲနေသရွေ့ ဆက်လက်တော်လှန်သွားမယ်လို့ ကြွေးကြော်လိုက်တဲ့ ဒေါက်တာ တေဇာဆန်း


အသက်နဲ့ခန္ဓာတည်မြဲနေသရွေ့ ဆက်လက်တော်လှန်သွားမယ်လို့ ကြွေးကြော်လိုက်တဲ့ ဒေါက်တာ တေဇာဆန်း

တော်လှန်ရေးကြီးမှာ အစွမ်းကုန်ပါဝင်ခဲ့တဲ့မန္တလေးတိုင်းရဲ့ ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Dr တေဇာဆန်း ကိုတော့ အားလုံးပဲသိကြမှာပါနော်။ဆန္ဒပြပွဲတွေမှာ ရှေ့ဆုံးကနေပါဝင်ခဲ့ပြီး စစ်ကောင်စီဘက်ကနေ အသည်းအသန်လိုက်လံဖမ်းဆီးနေရတဲ့ ရဲရဲတောက်နှင်းဆီတစ်ပွင့်ပဲ ဖြစ်ပါတယ်။


Dr တေဇာဆန်း ကတော့ အသက်နဲ့ခန္ဓာတည်မြဲသရွေ့ ဆက်လက်တော်လှန်သွားမယ်လို့ ကတိသစ္စာပြုလိုက်ပါတယ်။ဒါအပြင် သူ့ကိုစိတ်ပူနေကြတဲ့သူတွေအတွက်သူ့လိုင်းရတဲ့အချိန်လေးမှာ ” အင်တာနက်လိုင်း ရရှိနိုင်မှု အခက်အခဲကြောင့် အွန်လိုင်းပေါ်တွင် ပေါ်လိုက် ပျောက်လိုက် ဖြစ်နေရပါသည်။


ကျနော် နေကောင်း၊ ကျန်းမာလျက် ပြည်သူ့တော်လှန်ရေးအတွက် အုတ်တချပ် သဲတပွင့် တတ်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက်နေပါသည်။အသက်နဲ့ ခန္ဓာတည်သရွေ့၊ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ တော်လှန်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်နေမည်သာ။


ယခုရက်များအတွင်း၌ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးတွင် ပြည်သူ့အစိုးရ NUG နှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ တရားဝင်ကိုယ်စားပြုခွင့်ရရှိရေး (Credential Campaign) အတွက်ပြည်သူတရပ်လုံးက အင်နဲ့အားနဲ့ ပါဝင်တိုက်ပွဲဝင်နေကြကြောင်း သိရှိရ၍လည်း အထူးကျေးဇူးတင်ပါသည်။


ဒီတိုက်ပွဲက အရေးကြီးလှသလို ရက်၊ လချီ တိုက်ပွဲဝင်ရမည်ဖြစ်သဖြင့်ပြည်သူအများ စဉ်ဆက်မပျက် ဆက်လက်ပါဝင်‌ကြဖို့ ယုံကြည်မျှော်လင့်လျက်ပါ။


အာဏာရှင်စနစ်ဟူသမျှ မုချ ‌ကျဆုံးရမည်။ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု မုချ တည်ဆောက်နိုင်ရမည်။အရေးတော်ပုံ အောင်ရမည်။ ပုံစာ။ အရေးပေါ် ရွေ့ပြောင်း စားဖိုဆောင်၏ ဒုတိယလက်ထောက်စားဖိုမှူးကြီးကို လျှပ်တပြက် တွေ့ရစဉ် ” လို့ ရေးသားထားပါတယ်။


>