“ဦးသန်းရွှေ လက်စွဲစာအုပ်နဲ့ မင်းအောင်လှိုင် ဖော်ထုတ်ပေးတဲ့ အမာခံဒေါက်တိုင်များ”


“ဦးသန်းရွှေ လက်စွဲစာအုပ်နဲ့ မင်းအောင်လှိုင် ဖော်ထုတ်ပေးတဲ့ အမာခံဒေါက်တိုင်များ”

စွမ်းအင် နဲ့ နည်းပညာလုပ်ငန်းတွေအကျိုးအမြတ်ကြီးမားပါတယ်။ဒီလို လုပ်ငန်းကြီးတွေကို စစ်အာဏာရှင်တွေက အလွယ်တကူလုပ်ကိုင်ခွင့်ပေးလေ့မရှိပါဘူး။နအဖခေတ်တလျှောက်လုံးမှာ အစိုးရပိုင်အဖြစ်နဲ့ အပြည့်အ၀ ချုပ်ကိုင်ခဲ့တာပါ။

(၂၀၀၉-၂၀၁၀) ခုနှစ်တွေကြားမှာတော့ ပုဂ္ဂလိက လွှဲပေးဖို့ စီစဉ်ခဲ့ပါတယ်။စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဘယ်သူတွေကို ရွေးချယ်ပြီး ဘယ်လိုပုံစံနဲ့ စဉ်းစားပြီး ပေးခဲ့သလဲဆိုတာကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ပထမဦးဆုံးအနေနဲ့ မြတ်မေတ္တာမွန် ကုမ္ပဏီက စက်သုံးဆီလုပ်ငန်းနဲ့ ပတ်သက်ပြီး အများဆုံး လုပ်ကိုင်ခွင့်ရခဲ့ပါတယ်။မြတ်မေတ္တာမွန် ကုမ္ပဏီကို ဒေါက်တာဝင်းမြင့်က ပိုင်ဆိုင်တာပါ။


ဒါပေမဲ့ နောက်ကွယ်ကနေ ဦးသန်းရွှေရဲ့ မြေး ဖိုးလပြည့်က အကျိုးတူ ပါဝင်နေတာ ဖြစ်ပါတယ်။ဒေါက်တာဝင်းမြင့် ရဲ့ သားဖြစ်သူနဲ့ အာဏာရှင်ကြီးရဲ့ မြေးဖြစ်သူ ဖိုးလပြည့်ကလည်း သူငယ်ချင်းတွေ ဖြစ်ကြပါတယ်။


နောက်ပြီး တပည့်ရင်းဖြစ်သူ ဦးရွှေမန်းရဲ့သား ဦးအောင်သက်မန်း ပါဝင်ပါတယ်။အဲ့ဒီနောက် အစဉ်အတိုင်းကြည့်ရင် ဦးတေဇ၊ ဧဒင်အုပ်စု ဦးချစ်ခိုင် နဲ့ ကမ္ဘောဇဘဏ်အုပ်စု ဦးအောင်ကိုဝင်းရဲ့ နီလာရိုးမ တို့ကို မြင်တွေ့ရမှာပါ။


ထူးခြားတာကတော့ ကြံ့ခိုင်ရေးပါတီကိုပါ ရံပုံငွေအတွက် အခြားအမည်ခံပြီး New Day ဆီဆိုင်တွေကို ဖန်တီးပေးခဲ့ပါတယ်။ကိုယ်ကျိုးစီးပွားဦးစားပေးလွန်းတာကြောင့် မအောင်မြင်ဘဲ ဝန်ထမ်းစရိတ်ရုံးတဲ့အတွက် နောက်ပိုင်းမှာ ကြံ့ခိုင်ရေးက အခြားကို ပြန်ရောင်းစားလိုက်တယ်လို့လည်း သိရပါတယ်။


ဒါကိုကြည့်ရင် ဦးသန်းရွှေဟာ သူ့ရဲ့ အရင်းနှီးဆုံး၊ အယုံကြည်ရဆုံး ဖြစ်ပြီး ဘယ်တော့မှ သစ္စာမဖောက်မယ့် ဒေါက်တိုင်တွေကိုသာ စနစ်တကျ ရွေးချယ်ပြီး စက်သုံးဆီလုပ်ငန်းကို ပေးအပ်ခဲ့တာ အထင်အရှား တွေ့ရမှာပါ။အခုလည်း မင်းအောင်လှိုင်က ရုရှကနေ စက်သုံးဆီတင်သွင်းခွင့်ပြုတဲ့ ကုမ္ပဏီတွေကို ကြည့်ရင်လည်း ရှေ့ကအတိုင်း ခြေရာတထပ်တည်း နင်းထားတာပါပဲ။


ဦးသန်းရွှေက သူ့မြေး နဲ့ ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်းကို ပေးခဲ့သလို မင်းအောင်လှိုင်က သူ့သား နဲ့ ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်း ကို ပေးပါတယ်။ဦးသန်းရွှေက သူ့တပည့် သူရရွှေမန်းကို ပေးခဲ့သလို မင်းအောင်လှိုင်ကလည်း သူ့တပည့် ဖြစ်သူ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း MEC ဥက္ကဋ္ဌ ညိုစောကို ကော်မတီ ဥက္ကဋ္ဌ ပေးပါတယ်။


အဲဒီနောက်မှာတွေ့ရတဲ့ စစ်တပ်ပိုင် Star Hight ကုမ္ပဏီနဲ့ ပြင်ပ BOC, PT Power ကုမ္ပဏီ တို့ကိုလည်း မင်းအောင်လှိုင် ရဲ့ အရင်းနှီးဆုံး စိတ်အချရဆုံး ဒေါက်တိုင်တွေအဖြစ် နားလည်သဘောပေါက်ရမှာပဲ ဖြစ်ပါတယ်။သူ့ကိုယ်သူ ခေတ်မီပြီး ပိုထက်မြက်တဲ့သူအဖြစ် စစ်တပ်အတွင်း ဝါဒဖြန့်လေ့ရှိတဲ့ မင်းအောင်လှိုင်ဟာ ဦးသန်းရွှေ နည်းအဟောင်းကိုလည်း လက်မလွှတ်နိုင်ဘဲ ရံဖန်ရံခါ သုံးနေတာလည်း တွေ့ရလေ့ရှိပါတယ်။


ဦးသန်းရွှေ လက်စွဲစာအုပ်နဲ့ မင်းအောင်လှိုင် ကိုယ်တိုင်ဖော်ထုတ်ပေးတဲ့ ဒီဒေါက်တိုင် လူပုဂ္ဂိုလ်တွေ၊ ကုမ္ပဏီတွေဟာ စစ်အာဏာသိမ်းမှုရဲ့ နောက်ကွယ်မှာ တနည်းမဟုတ် တနည်းနဲ့ အဓိက ပါဝင်ပတ်သတ်မှုရှိနိုင်ပါတယ်။

Credit