အကောင်ဆုံး တာထွက်တွေ နှင့် သုံးပွဲဆက် အနိုင်ရပြီး အမှတ်ပေးဇယားကို ဦးဆောင်လိုက်တဲ့ ဂန်းနား များ


အကောင်ဆုံး တာထွက်တွေ နှင့် သုံးပွဲဆက် အနိုင်ရပြီး အမှတ်ပေးဇယားကို ဦးဆောင်လိုက်တဲ့ ဂန်းနား များ

စကော့ပါကားရဲ့ တန်းတက်ဘုန်းမောက်က အာဆင်နယ်အတွက် ပြိုင်ဘက်မဖြစ်ခဲ့ပါဘူး။ အိုဒီဂတ်ရဲ့ဂိုး စောစောစီးစီးရသွားခဲ့တာကလည်း အာဆင်နယ်ကို သက်သောင့်သက်သာဖြစ်စေခဲ့ပြီး (၃) ပွဲဆက်နိုင်ပွဲနဲ့အတူ မန်စီးတီးမကန်ခင်မှာ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ အာတီတာကတော့ ဒီရာသီမှာ သူ့အတွက် အကောင်းဆုံးဖြစ်နေတဲ့ လူစာရင်းနဲ့ပဲ ပွဲထွက်လာခဲ့ပါတယ်။


ပွဲစပြီး မကြာခင်မှာတင် ဂျီးဆပ်စ်ရဲ့ တကိုယ်တော်စွမ်းရည်ကတဆင့် မာတီနယ်လီရဲ့ ကန်ချက် ပြန်လျှံထွက်လာတာကို အိုဒီဂတ်က အဆင်သင့်ပိတ်သွင်းယူခဲ့ပါတယ်။ အာဆင်နယ်ကပဲ ပုံစံကောင်းဆက်လက်ပြသခဲ့ပြီး ဂျီးဆပ်စ် ကန်ဖို့ လုပ်နေတဲ့ ဘောလုံးကို အိုဒီဂတ်ကပဲ ထပ်မံ ကန်သွင်းခဲ့ပြီး အာဆင်နယ်တို့ ဒုတိယဂိုးရရှိခဲ့ပါတယ်။ အာဆင်နယ်အတွက်ကတော့ အကောင်းဆုံးယုံကြည်ချက်တွေရှိနေတာကို ဒီပွဲမှာ ထပ်မံမြင်တွေ့ခဲ့ရပါတယ်။


ဂျီးဆပ်စ်၊ မာတီနယ်လီတို့ရဲ့ ဘရာဇီးအတွဲက ပြိုင်ဘက်ခံစစ်အတွက် အချိန်မရွေး အန္တရာယ်ဖြစ်စေနိုင်တဲ့ ချိန်ကိုက်ဗုံးတလုံးလိုဖြစ်လာခဲ့ပြီး သူတို့နှစ်ယောက် ဘောလုံးရတိုင်း ဘုန်းမောက်ခံစစ်က ရုန်းကန်ခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ ဘုန်းမောက်က ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် သူတို့အကွက်က တောင်ပံကတဆင့် ဧရိယာထဲ အမြင့်ဘောပေးတာလောက်ရှိခဲ့ပါတယ်။




ဆာလီဘာ၊ ဂါဘရီရယ်တို့ရဲ့နောက်တန်းကို ဒီပုံစံနဲ့ ထိုးဖောက်ဖို့ဆိုတာတော့ ဘုန်းမောက်အတွက် မဖြစ်နိုင်ခဲ့ပါဘူး။ အဲ့ဒီနောက်မှာတော့ အာဆင်နယ်တို့ပဲ သုံးဂိုးမြောက် ပွဲသိမ်းဂိုးထပ်ရခဲ့ပါတယ်။ ပြစ်ဒဏ်ဘောအတွက် ရှေ့ရောက်နေတဲ့ ဆာလီဘာက ချာကာခင်းပေးလိုက်တဲ့ဘောလုံးကို ဘယ်ခြေနဲ့ လှလှပပကန်သွင်းယူခဲ့တာပါ။ အာတီတာရဲ့ အာဆင်နယ်ကတော့ ဒီရာသီ နေရာစုံမှာ တော်တော်လေး ကျေနပ်စရာကောင်းနေပါတယ်။




ချာကာ၊ ပါတေးတို့ရဲ့ ကွင်းလယ်ပိုင်းက တည်ငြိမ်လာခဲ့သလို ချာကာဆီကလည်း သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေကို ဆက်တိုက်မြင်တွေ့နေရပါတယ်။ ဒီကြားထဲမှာ ဆာကာတောင်မှ နည်းနည်းလေးငုပ်သွားပြီး ဒီပွဲမှာ အိုဒီဂတ်၊ ဒီရာသီမှာ ဆာလီဘာ၊ ချာကာ၊ ဂျီးဆပ်စ်၊ မာတီနယ်လီတို့က အာဆင်နယ်အတွက် အကောင်းဆုံးခြေစွမ်းတွေကို ဆက်တိုက်ပြသနေတာလည်းဖြစ်ပါတယ်။




စနေညရဲ့ တစ်ခါးပွဲတွေမှာတော့ ပြီးခဲ့တဲ့အပတ်က ယူနိုက်တက်ကို လေးဂိုးပြတ်နိုင်ခဲ့တဲ့ ဘရန့်ဖို့ဒ်တို့ ဒီတပတ်မှာတော့ တန်းတက်ဖူလ်ဟမ်ကို အဝေးကွင်းမှာ ပြန်လည်ရှုံးနိမ့်ခဲ့ပါတယ်။ လမ်းပတ်ရဲ့အဲဗာတန်က နိုင်ပွဲပျောက်နေဆဲဖြစ်ပြီး ဗီအဲရာရဲ့ပဲလေ့စ်ကလည်း ဂျရတ်ရဲ့ ဗီလာကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။