လူမှုကွန်ယက်ကတစ်ဆင့် လျှပ်စစ်ကားတွေရောင်းတယ်ဆိုပြီး ငွေကြိုတင်လွှဲခိုင်းကာလိမ်လည်မှုများရှိနေ


လူမှုကွန်ယက်ကတစ်ဆင့် လျှပ်စစ်ကားတွေရောင်းတယ်ဆိုပြီး ငွေကြိုတင်လွှဲခိုင်းကာလိမ်လည်မှုများရှိနေ

ပြည်တွင်းစက်သုံးဆီဈေးကြီးမြင့်မှုဟာတစ်နေ့တစ်ခြားမြင့်တက်လာနေရာ လူမှုကွန်ယက်စာမျက်နှာများကတစ်ဆင့် လျှပ်စစ်အားသွင်းမောင်းနှင်ရတဲ့လျှပ်စစ်ကားများ ရောင်းချမှုတွေရှိလာပြီး



ကြိုတင်ငွေလွှဲ ခိုင်းပြီး အချို့မှာ အလိမ်တွေဖြစ်နေကြောင်း ကားဝယ်ယူရန်စုံစမ်းသူတွေထံကနေသိရပါတယ်။အဆိုပါ လျှပ်စစ်အားသွင်းကားများရောင်းချနေတဲ့လူမှုကွန်ယက်စာမျက်နှာက အရောင်းပို့စ်မှာ




လျှပ်စစ်ကားတစ်စီးကိုသိန်း၃၀ကျော်မှ သိန်း၂၀ကျော်ဈေးစသဖြင့် ရေရေရာရာသတ်မှတ်ထားတာမရှိတဲ့ဈေးအမျိုးမျိုးနဲ့ရောင်းချနေပြီး ကားကိုအသုံးပြုရမယ့်နည်းလမ်းတွေကို ရေးသားထားတယ်လို့သိရပါတယ်။



” မနက်က လျှပ်စစ်ကားတစ်စီးကို ၃၅သိန်းနဲ့ ရောင်းချနေတယ်။အခုလိုချိန်မှာ ဆီထည့်စရာမလိုပဲ၄နာရီအားသွင်းတာနဲ့မိုင်၆၀ပတ်လည်အသုံးပြုနိုင်မယ် အာမခံလည်း၃နှစ်ရှိတယ် တရုတ်ကထုတ်တာဆိုပြီး




လူမှုကွန်ယက်မှာ postတစ်ခုတင်ထားတာတွေ့လို့ စိတ်ဝင်စားတာနဲ့ အဲ့ဒီ့မှာပါတဲ့ဖုန်းကို ဆက်မေးတာ ဖုန်းကအမြဲ အခြားသူနဲ့စကားပြောနေတယ်မအားဘူးပဲ အင်္ဂလိပ်လိုပြန်ပြောနေတယ်။


စုံစမ်းလို့မရဘူး ။ အဲ့ဒါနဲ့ လူမှုကွန်ယက်မှာဆက်လေ့လာကြည့်တော့ အလိမ်ခံရသူတွေရှိနေတယ်။အချို့လည်းတောသူတောင်သားတွေတော်တော်များများအလိမ်ခံလိုက်ရတာရှိပါတယ်”လို့ လျှပ်စစ်ကားဝယ်ယူရန်စုံစမ်းသူတစ်ဦးကပြောပါတယ်။



Honda အမှတ်တံဆိပ် လျှပ်စစ်အားသွင်းကား နဲ့မော်တော်ဆိုင်ကယ်တွေကို ဖေ့ဘုတ်လူမှုကွန်ယက်ကတစ်ဆင့် အွန်လိုင်းpageပြုလုပ်ကာ တာချီလိတ်မြို့နဲ့ မြဝတီမြို့က ဆိုင်လိပ်စာ ဖုန်းနံပါတ်အစုံနဲ့ ရောင်းချနေတာရှိပြီး



သာမာန်ထက် ဈေးချိုချိုနဲ့ ရောင်းချနေတာဖြစ်ပြီး အခြားမြို့များမှ ငွေလွှဲပြီးဝယ်ယူပါက ငွေလွှဲပြီးတစ်ပြိုင်နက် အဆက်အသွယ်ဖြတ်တောက်သွားကြောင်း လူမှုကွန်ယက်ကတစ်ဆင့်အလိမ်ခံရသူများကသတိပေးရေးသားနေတာဖြစ်ပါတယ်။




”  ဆိုင်ကယ်တွေ လျှပ်စစ်အားသွင်းကားတွေကို ခုလို စက်သုံးဆီဈေးကြီးတဲ့အချိန်ကြေညာအားကောင်းကောင်းနဲ့ ဖေ့ဘုတ်ပေါ်ကနေလိမ်နေကြပါတယ်။



ကျွန်တော့်အသိတစ်ယောက်ဆို kpayကနေ ငွေသိန်း၃၀လွှဲပြီးတာနဲ့ ဟိုဘက်က ငွေလွှဲတဲ့ဖုန်းရော ဆိုင်လိပ်စာပါ ဖုန်းပါစက်ပိတ်သွားတယ်။



မြဝတီရော တာချီလိတ်မှာပါ သူတို့ပြောတဲ့ဆိုင်အမှတ်နဲ့လိပ်စာ ကိုသွားရှာကြည့်တဲ့အခါရှိမနေပါဘူးလို့” ကိုတိုး(အွန်လိုင်းကားဝပ်လျော့)အမည်နဲ့ လူမှုကွန်ယက်သုံးစွဲသူတစ်ဦးက သူ့အတွေ့အကြုံကိုမျှဝေထားပါတယ်။



ကျပ်သိန်း ၃၀ နဲ့ ရောင်းချမယ်ဆိုတဲ့ လျှပ်စစ်အားသွင်းကားနဲ့ပတ်သက်ပြီး လိပ်စာပါဖုန်းနံပါတ်ကို ဆက်သွယ်အတည်ပြုမေးမြန်းခဲ့ရာ ဖုန်းနံပါတ်မှာ လိုင်းမအားပဲခေါ်ဆိုမရဖြစ်နေကြောင်းသိရပါတယ်။


>