စနစ်ကောင်းတစ်ခုရဲ့အောက်မှာ ရှင်သန်ကြီးပြင်းရတဲ့ နိုင်ငံသားတွေရဲ့အကြောင်းကို ရေးသားလာတဲ့ ပန်ဆယ်လို


စနစ်ကောင်းတစ်ခုရဲ့အောက်မှာ ရှင်သန်ကြီးပြင်းရတဲ့ နိုင်ငံသားတွေရဲ့အကြောင်းကို ရေးသားလာတဲ့ ပန်ဆယ်လို

စနစ်ကောင်းတစ်ခုရဲ့အောက်မှာ ရှင်သန်ကြီးပြင်းရတဲ့ နိုင်ငံသားတွေရဲ့အကြောင်းကို ရေးသားလာတဲ့ ပန်ဆယ်လို


မနေ့ကရေးဖြစ်တာ ငယ်ဘဝမှာ အသားတုံးလေးတစ်တုံးနဲ့ ထမင်းဝအောင် စားတတ်တဲ့အကျင့်ကို လေ့ကျင့်လက်ဆင့်ကမ်းပေးခဲ့ရတဲ့ လူကြီးမိဘတွေ ဖြတ်သန်းခဲ့ရတဲ့ ခေတ်စနစ်ဆိုးကြီးအကြောင်း။


ဒီနေ့ရေးချင်တာက စနစ်ကောင်းတစ်ခုရဲ့အောက်မှာ ရှင်သန်ကြီးပြင်းရတဲ့ နိုင်ငံသားတွေရဲ့အကြောင်းပေါ့။ ဒီစာကို ဖတ်ရင်း US အကြောင်း ကြွယ်နေတယ်လို့ အထင်မရောက်စေချင်ဘူး။ စနစ်ကောင်းတစ်ခုရဲ့ အကြောင်းကို ရေးပြချင်ရုံသက်သက်ပါ။ ဝန်ခံရရင် US ရောက်တဲ့ တစ်နှစ်ဝန်းကျင်ကာလမှာ နည်းနည်းမှ မပျော်နိုင်သေးဘူးဆိုတာပါပဲ။


US ရောက်ခါစက စက်ရုံအလုပ်ရုံတွေများတဲ့ ပြည်နယ်တစ်ခုမှာ နေဖြစ်တယ်။ ဒီက စက်ရုံအလုပ်ရုံတွေက မြန်မာနိုင်ငံသားဆို သိပ်ကြိုက်တာ။ စက်ရုံတစ်ခုမှာ မြန်မာတစ်​ယောက် ရောက်လာပြီဆိုရင်


နောက်ပိုင်း စက်ရုံက မြန်မာတွေပဲ အလုပ်ခေါ်ချင်ကြတာ။ မြန်မာဆို တန်းခန့်ပဲ။ မြန်မာချင်း အလုပ်သွင်းပေးရင် စက်ရုံက ကျေးဇူးတင်လို့ Tip Money 200$ မျိုး 300$ မျိုး ပေးသေးတာ။


ဘာလို့လဲဆိုတော့ ဒီကနိုင်ငံသားတွေ အများစုက အလုပ်ဆိုရင် ၈ နာရီပြည့်တာနဲ့ ဗြုန်းဆို ထပြန်တာ။ အချိန်ပိုလား။ တစ်ဆခွဲပေးတယ်နော်။ ဆောရီးပဲ။ မလုပ်ဘူး။ မြန်မာတွေနော်… လာထား အချိန်ပိုဆို။ လုပ်တာပဲ။တစ်ဆခွဲရတယ်လေ။ ပြီးတော့ ကိုယ့်နိုင်ငံက လုပ်အားခနဲ့ တွက်ရင် မလုပ်ချင်စရာ အကြောင်းမှ မရှိတာ။ ကုန်းကြုံးလုပ်တာ။


ပင်ပန်းလွန်းပါတယ်ဆိုတဲ့ ဆူရှီလုပ်ငန်း။ မြန်မာတွေချည်းပဲ။ အခြားနိုင်ငံသားလား။ ရူးတောင် သွားမယ်။ မြန်မာတွေက ပြုံးပြုံးပဲ။ ဆူရှီလိပ်ရတယ်ဆိုလို့ အထင်မသေးနဲ့နော်။ အရင်းအနှီး ဒေါ်လာတစ်သောင်းနှစ်သောင်းနဲ့ ဆိုင်လေးဝယ်ပြီးရင် တစ်လဒေါ်လာသောင်းချီ ပြန်ရတာ။


အခြားနိုင်ငံသားတွေ အကုန်လုံးတော့ မဆိုလို။ အများစု အလုပ်လုပ်ပုံကိုင်ပုံက အားမနာတမ်းပြောရရင် နင်တို့လေ ငါတို့လိုနိုင်ငံမျိုးမှာ မွေးလာရင် ဒီအလုပ်လုပ်ပုံနဲ့ ထမင်းပါငတ်မှာလို့ ပြောချချင်တာ။


တကယ်တမ်းက သူတို့မှားနေတာ မဟုတ်ဘူး။ ကိုယ်တွေက မှားနေတာ။ ခေတ်စနစ်ဆိုးအဆက်ဆက်မှာ ရှင်သန်ကြီးပြင်းခဲ့ရလေတော့ အလုပ်ဆိုလည်း ရှားပါးတော့ အရာရာကို ပုံမှန်ထက် ကျိုးနွံ၊ ပုံမှန်ထက် ကြိုးစားနေဖြစ်ကြတာ အကျင့်ပါနေတာ။


နောက်တစ်ခုပြောရရင် ကိုယ်တွေ မြန်မာစကားပုံမှာ ချွေတာစုဆောင်း သူဌေးလောင်းဆိုတဲ့ စကားရှိတယ်။ ချွေတာရတယ်။ စုဆောင်းရတယ်။ အစိုးရအထောက်အပံ့ဆိုတာက အမေစုခေတ်ရောက်မှ COVID ကာလမှာ လေးသောင်းရဖူးတာ ပထမဆုံးကိုး။ နောက်ထပ်စကားတစ်ခု ရှိသေးတယ်။ တုံးလုံးစာ၊ ပက်လက်စာတဲ့။ အသက်ကြီးလို့ နေမကောင်းလို့ အိပ်ရာထဲလဲတဲ့အခါ အဆင်ပြေအောင် ကြိုတင်စုဆောင်းထားရတာ။


နောက်ထပ်စကားတစ်ခု ရှိသေးတယ်။ အကြွေးမရှိရင် သူဌေးတဲ့။ US မှာတော့ ဒါတွေ အားလုံးက ပြောင်းပြန်ပဲ။ မသုံးရက် မစားရက်ဘဲ စု။ ဘာမှ ဖြစ်မလာဘူး။ များများရှာ များများသုံး။ အကြွေးများများယူ၊ မြန်မြန်ပြန်ဆပ်။ လူဖြစ်ကျိုးနပ်နပ် သုံးစွဲနေထိုင်ရင်း မစုဆောင်းဘဲနဲ့ကို ဘဝအာမခံချက် ရှိနေတာ။


များများသုံး၊ အကြွေးနဲ့ပါသုံး။ ပြန်မဆပ်နိုင်ရင်တော့ လမ်းဘေးရောက်မယ်။ ပြန်ဆပ်နိုင်လို့ကတော့ ဆင်ပါ အကြွေးနဲ့ဝယ်လို့ရတယ်။ အကြွေးနဲ့ ဝယ်လိုက် သုံးလိုက် ပြန်ဆပ်လိုက်နဲ့ လည်ပတ်လို့ကတော့ ကာလအတိုင်းအတာတစ်ခုကြာတဲ့အခါ ကြွေးဆပ်မှန်တာနဲ့အမျှ Credit Score ကောင်းလာရင် အိမ်ဝယ်မလား၊ ကားဝယ်မလား၊ လုပ်ငန်းအတွက် ပိုက်ဆံချေးမလား။ ငွေထုတ်ပိုက်စောင့်နေတဲ့သူဌေးတွေမှ ပုံလို့။


အသက်ကြီးလာလို့ လက်ထဲ ဘာမှမရှိလည်း ကျန်းမာရေး နေရေးထိုင်ရေးအတွက် လောက်ငှမှုရှိတဲ့ ပင်စင်လစာ ပေးထားတယ်။ မြန်မာပြည်မှာဆိုရင် ပင်စင်လစာဆိုတာ အစိုးရဝန်ထမ်းနဲ့ပဲ သက်ဆိုင်တဲ့ စကားလုံး။ ပေးတော့ မဝရေစာ။ US မှာကတော့ အစိုးရကို တရားဝင်အခွန်ဆောင်အလုပ်လုပ်တဲ့ နိုင်ငံသားတိုင်းကို ပေးတာ။ များများအခွန်ဆောင်ခဲ့ရင် များများပြန်ပေးတယ်။ ဘဝနေဝင်ချိန်တွေအတွက် ပူစရာမလိုသလို ဘယ်သားသမီး ပေးစာကမ်းစာမှ မျှော်လင့်စရာ မလိုဘူး။


ဆိုလိုတာက US အရမ်းကောင်းတယ် ပြောနေတာ မဟုတ်ဘူးနော်။ စနစ်ကောင်းတစ်ခုရဲ့အောက်မှာ လူဦးရေ သန်းသုံးရာကျော်ကို ဒါမျိုး လုပ်ပေးထားနိုင်တာကို ဆိုလိုတာ။သယံဇာတ ပိုးဆိုးပက်စက်ထွက်တဲ့ ကိုယ်တို့ ရွှေမြန်မာများမှာ အဘအဆက်ဆက် ဝိုင်းအုပ်ခဲ့ကြတာ အာရှကျားကနေ အာရှမှာပြားလို့။ ဒီမိုကရေစီ အလင်းလေးတစ်စ လက်ထဲရလာလို့ အားနဲ့အင်နဲ့ ရုန်းကြကြုံးကြ ကြိုးစားကြမဟဲ့ ကြံသေး စောက်ပုတစ်ကောင် အာဏာရူးတာ တိုင်းပြည်က တွင်းဆုံးပြန်ကျ။


လွန်ခဲ့တဲ့ ၇နှစ်လောက်က စင်္ကာပူကို အလည်အပတ်စသွားဖူးတယ်။ Universal Studio ကြီးရောက်တော့ ပျော်လိုက်တာလေ။ ဒါပေမယ့် စင်္ကာပူမှာ နေချင်လားဆိုတော့ မနေချင်ပါဘူး။ ဒါကြီးကို နှစ်သက်တယ် ပျော်တယ် ကိုယ်ပဲ လာပျော်ချင်တယ်ဆိုတာထက် ဒီ Universal Studio ကြီးကို တစ်စစီဖြုတ်ယူသွားလို့ ရရင်တောင် ယူသွားချင်တာ။ ငါတို့နိုင်ငံသားတွေ လာကြ၊ ပျော်ကြ။ ငါတို့ကလေးတွေ လာကြ၊ ပျော်ကြ။ ဒီလိုမျိုး ဖြစ်ချင်တာ။


အခု US က စနစ်ကောင်းကြီးတွေကို ငေးရင်း ဒါကြီးကို ငါရပြီဟဲ့လို့ ပျော်နေတာ မဟုတ်ဘူး။ ဒီစနစ်ကြီး ငါတို့နိုင်ငံမှာ ဖြစ်ထွန်းဖို့ဆိုတာမျိုးကို အိပ်မက်မက်ရင်း ငေးမောအားကျနေမိတာ။


မြန်မာနိုင်ငံသားပါ။ စာရွက်စုတ်ပေါ်က အမိန့်စာတစ်ခုနဲ့ အသွေးအသားထဲက နိုင်ငံသားဆိုတဲ့ မှတ်ကျောက်ကို ဖောက်ထုတ်ပစ်လို့ မရဘူး။ ဘယ်လောက် စိတ်ပျက်စရာကောင်းကောင်း ချစ်မြဲချစ်ရတဲ့ နိုင်ငံပဲ။ အိပ်မက်ထဲအထိ လွမ်းရတဲ့မြေပဲ။


ဒီက အများစုရဲ့ လုပ်ရည်ကိုင်ရည်တွေကို ကြည့်ရင်း ကိုယ်တွေနိုင်ငံသားတွေရဲ့ ဇွဲ၊ လုံ့လ၊ အားမာန်၊ ကျင့်သားရမှုတွေနဲ့ တိုင်းပြည်ဟာ စနစ်ကောင်းတစ်ခုကို ရောက်တဲ့အခါ ဘယ်လိုပြာပုံထဲကမဆို ပြန်ရုန်းထနိုင်မယ်ဆိုတာ ယုံကြည်နေတော့တာမျိုး။


ဘဝကို အေးအေးသက်သာ ပုံမှန်အလုပ်လေးလုပ်ရင်း ငြိမ့်ငြိမ့်ညောင်းညောင်း ဖြတ်သန်းခွင့် ရှင်သန်ခွင့်ရတဲ့အဖြစ်မျိုး လူချင်းအတူတူ ငါတို့က ဘာအကြောင်းကြောင့် မရရတာလဲ။


အဖြေက တစ်ခုပါပဲ။ စနစ်ဆိုးတွေကို ဖန်တီးတဲ့ မအေလိုးတွေကြောင့်ပဲ။ ငါတို့ အမြစ်ဖြတ်နိုင်မှကို ဖြစ်မှာပါ။