ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို သပိတ်မှောက်သွားမယ့် ဂျာမနီအသင်းခေါင်းဆောင်ဟောင်းဖီးလစ်လမ်း


ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို သပိတ်မှောက်သွားမယ့် ဂျာမနီအသင်းခေါင်းဆောင်ဟောင်းဖီးလစ်လမ်း


ဂျာမနီနှင့်ဘိုင်ယန်မြူးနစ်အသင်းခေါင်းဆောင်ဟောင်းဖီးလစ်လမ်းဟာကမ္ဘာ့ဖလားအိမ်ရှင်ကာတာရဲ့လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့်ဆောင်းရာသီတွင်ကျင်းပလာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲကိုသပိတ်မှောက်သွားပါမယ်။


ဖီဖာဟာလူဦးရေနှစ်သန်းကျော်မျှသာရှိတဲ့ကာတာကိုကမ္ဘာ့ဖလားအိမ်ရှင်အဖြစ်ရွေးချယ်ခဲ့မှုအတွက်အကြီးအကျယ်ဝေဖန်မှုများကြုံခဲ့ရပြီးဖြစ်ပါတယ်။


ကာတာဟာကမ္ဘာ့ဖလားခြေစစ်ပွဲတစ်ကြိမ်မျှအောင်မြင်ခဲ့ဖူးခြင်းမရှိဘဲကမ္ဘာ့အဆင့်၁၁၃တွင်သာရပ်တည်နေတဲ့အသင်းဖြစ်ပါတယ်။




ဖီဖာဟာကာတာကိုကမ္ဘာ့ဖလားအိမ်ရှင်အဖြစ်ရွေးချယ်ခဲ့မှုနှင့်အတူပူပြင်းတဲ့နွေရာသီတွင်ကမ္ဘာ့ဖလားပြိုင်ပွဲကိုဆောင်းရာသီတွင်ပထမဆုံးအကြိမ်အဖြစ်ကျင်းပလာရပါမယ်။


တဖက်တွင်ကာတာဟာ၂၀၁၀ခုနှစ်တွင်ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ်ရွေးချယ်ခံရပြီးနောက်ပိုင်းတွင်ကမ္ဘာ့ဖလားအတွက်တည်ဆောက်မှုများတွင်နိုင်ငံခြားသားအလုပ်သမားများအားလူ့အခွင့်အရေးချိုးဖောက်မှုများအတွက်အပြင်းအထန်ဝေဖန်မှုများကြုံနေရပါတယ်။




ဘိုင်ယန်မြူးနစ်အသင်းခေါင်းဆောင်ဖီးလစ်လမ်းဟာဂျာမနီနှင့်အတူ၂၀၁၄ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ခဲ့တဲ့အပြင် ဂျာမနီဘောလုံးအဖွဲ့ချုပ်ရဲ့ယူရို၂၀၂၄ပြိုင်ပွဲကျင်းပရေးဒါရိုက်တာအဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။


ဒါပေမဲ့အသက်၃၈နှစ်ရှိဖီးလစ်လမ်းဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲသို့သွားရောက်ကြည့်ရှုသွားမှာမဟုတ်ပါဘူး။




ဖီးလစ်လမ်းက “ကျွန်တော်ကကိုယ်စားလှယ်အဖွဲ့မှာလည်းမပါဝင်ပါဘူး။ပရိသတ်တစ်ဦးအနေနဲ့လည်းသွားရောက်ဖို့ဆန္ဒမရှိပါဘူး။ဒီပြိုင်ပွဲကိုအိမ်ကပဲကြည့်ချင်ပါတယ်။လူ့အခွင့်အရေးကကမ္ဘာ့အိမ်ရှင်အဖြစ်ရွေးချယ်ရာမှာအရေးပါတဲ့အခန်းကဏ္ဍကပါဝင်သင့်ပါတယ်။ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ်ရွေးချယ်ချိန်မှာစံနှုန်းတွေကိုထည့်သွင်းစဉ်းစားရပါမယ်။နောက်ပိုင်းမှာဒါမျိုးမဖြစ်သင့်ပါဘူး။လူ့အခွင့်အရေး၊ရေရှည်တည်တန့်ခိုင်မြဲရေး၊နိုင်ငံအရွယ်အစားတွေက ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ်ရွေးချယ်ရာမှာပါဝင်ခဲ့ပုံမရပါဘူး”လို့ပြောကြားသွားပါတယ်။




၂၀၁၀ခုနှစ်တုန်းကဂါးဒီးယန်းသတင်းစာရဲ့စုံစမ်းစစ်ဆေးမှုအရကာတာကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရေးတည်ဆောက်မှုများတွင်အလုပ်သမားပေါင်း၆၅၀၀ကျော်တို့သေဆုံးခဲ့ကြောင်းသိရပါတယ်။


ကာတာဟာပထမဆုံးအစ္စလာမ်နိုင်ငံအဖြစ်ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ်ကျင်းပခွင့်ရခဲ့တာလည်းဖြစ်ပါတယ်။၎င်းတို့ဟာကာတာကမ္ဘာ့ဖလားကျင်းပစဉ်အတွင်းလိင်တူချစ်သူများကိုပါနိုင်ငံအတွင်းဝင်ရောက်ခွင့်ပြုထားတယ်ဆိုပေမဲ့လည်း ဟိုတယ်အခန်းဘုတ်ကင်လုပ်ရာတွင် အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦး ဘုတ်ကင်လုပ်မှုကိုမူကန့်သတ်ထားပါတယ်။


>