ဒေါ်လာ တရားမဝင်ကိုင်ဆောင်သူများကို တိုင်ကြားရန် ကြေညာချက်ထုတ်


ဒေါ်လာ တရားမဝင်ကိုင်ဆောင်သူများကို တိုင်ကြားရန် ကြေညာချက်ထုတ်

နိုင်ငံခြားငွေကြေးများ တရားမဝင်ကိုင်ဆောင်ခြင်း၊ ဉပဒေမဲ့အရောင်းအဝယ်ပြုလုပ်ခြင်း၊  ဈေးကစားခြင်းပြုလုပ်သူများကို ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြတ်မတ်ရေးလုပ်ငန်းကော်မတီ၏ တိုင်ကြားစာစိစစ်ရေးအဖွဲ့သို့ တိုင်ကြားနိုင်ကြောင်း အဆိုပါ ကော်မတီက ထုတ်ပြန်ကြေညာသည်။


ငွေကြေးဈေးကွက်တည်ငြိမ်မှုကို ထိခိုက်စေနိုင်သော ဆောင်ရွက်မှုများဖြစ်သည့် အိမ်ခြံမြေ၊ မော်တော်ယာဉ်ကဲ့သို့ အခြေပစ္စည်းများအားရောင်းဝယ်ပြီးပိုင်ဆိုင်မှုလွှဲပြောင်းရာတွင် ဗဟိုဘဏ်၏ ငွေပေးချေမှု ကန့်သတ်ချက်များအတိုင်း လိုက်နာမှုမရှိသူများ၊ ဘဏ်များတွင် အပ်နှံထားသည့် ငွေသားထုတ်ယူရာ၌ ရာခိုင်နှုန်းယူ၍ ငွေသားထုတ်ပေးခြင်း၊ ဘဏ်ပြင်ပတွင် ငွေသားလက်ဝယ်ထိန်းသိမ်းထားသူများက ဘဏ်အကောင့်တွင် အပ်နှံထားသည့် ကျပ်ငွေများကိုရာခိုင်နှုန်းယူ၍ ငွေသားဖြင့် လဲလှယ်ထုတ်ပေးခြင်းများတွင် ပါဝင်ပတ်သတ်သူများကိုလည်း တိုင်ကြားနိုင်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။


ကော်မတီ၏ တိုင်ကြားစာစိစစ်ရေးအဖွဲ့ တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၀၉၄၆၃၊ လက်ကိုင်ဖုန်းနံပါတ် ၀၉-၄၃၀၀၆၈၃၃နှင့် Emailလိပ်စာ gmm.complaint@cbm.gov.mmသို့ တိုင်ကြားနိုင်ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

ဗဟိုဘဏ်က ဩဂုတ်လ ၅ရက်နေ့တွင် ငွေလဲလှယ်နှုန်း အမေရိကန်တဒေါ်လာလျှင် ၁၈၅၀ကျပ်မှ ၂၁၀၀ကျပ်သို့ပြောင်းလဲသတ်မှတ်ပြီး ပို့ကုန်ရငွေ၏ ၆၅ရာခိုင်နှုန်းကို မြန်မာကျပ်ငွေဖြင့်လဲလှယ်ဆောင်ရွက်ရန်လည်း ထုတ်ပြန်ခဲ့သည်။