စစ်တပ်ကိုထောက်ခံနေတဲ့ ဘုန်းကြီးတွေနဲ့ မအလ တို့ရဲ့ အရှုပ်တော်ပုံတွေ ဖွင့်ချခံ …see more


စစ်တပ်ကိုထောက်ခံနေတဲ့ ဘုန်းကြီးတွေနဲ့ မအလ တို့ရဲ့ အရှုပ်တော်ပုံတွေ ဖွင့်ချခံ …see more

ဆရာ – ဒကာ စီမံချက်ဖြင့် သိမ်းသွင်းခံလိုက်ရသော ဘုန်းကြီးများ


စစ်တပ်ရဲ့ လုပ်ထုံးလုပ်နည်းမှာ၊ plan နဲ့ လုပ်တာ၊ အစီအစဉ်နဲ့ စနစ်တကျ လုပ်တာ၊ စီမံချက်နဲ့ လက်တွေ့ကျကျ လုပ်တာမျိုးကို တွေ့ရတယ်။ မိမိလိုချင်တဲ့ အရာကို မစ်ရှင်တစ်ခုလို သဘောထားပြီး အဆင့်လိုက် အဆင့်လိုက် အလွှာလိုက် အလွှာလိုက် လက်တွေ့ကျကျ အကောင်အထည်ဖော်တာမျိုးကို စစ်တပ်က လုပ်လေ့ရှိတယ်။ အုပ်ချုပ်ရေးအာဏာနဲ့ နိုင်ငံရေးအာဏာကို စစ်တပ်က ဦးစီးချုပ်ကိုင်ပြီးနောက်ပိုင်း နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်း ကို ဘယ်လို ထိန်းကျောင်းရမလဲဆိုတာကို စစ်ခေါင်းဆောင်အဆက်ဆက်က သေချာ စဉ်းစားခဲ့ပါတယ်။ စစ်အုပ် ချုပ်အရေးအဖြစ် သက်ဆိုးရှည်ဖို့၊ စစ်တပ်ထောက်ခံရေးအင်အားစုကို အစဉ်တစိုက် မွေးထုတ်ဖို့ လိုကြောင်း တပ်ခေါင်းဆောင်တွေက သိပါတယ်။ တပ်ထောက်ခံရေးအင်အားစုတွေမှာ အလားအလာအရှိဆုံး အုပ်စုတွေ ရှိခဲ့ ပါတယ်။ အဲသည့်အထဲမှာ – ဗုဒ္ဓဘာသာဘုန်းကြီးတွေကို ပထမတန်းဦးစားပေးအုပ်စုအဖြစ် စစ်အစိုးရ ခေါင်း ဆောင်တွေက စည်းရုံးသိမ်းသွင်းခဲ့ပါတယ်။


■ စစ်တပ်လက်ဝေခံ အရပ်သားအသင်းအဖွဲ့


မြန်မာစစ်တပ်အနေနဲ့ “ဆရာ – ဒကာ စီမံချက်” ရယ်လို့ ချမှတ်ပြီး၊ တပ်ထောက်ခံရေးအင်အားစု အဖြစ် ဘုန်းကြီး တွေကို ပုံဖော်ဖို့ ကြိုးစားခဲ့ပါတယ်။ ဆရာ – ဒကာ စီမံချက်ကို အောင်မြင်အောင် လက်တွေ့ အကောင်အထည် ဖော်တဲ့ နေရာမှာ၊ ယခင်က မြန်မာစစ်တပ်လက်ဝေခံ အဖြစ် ဖွဲ့စည်းခဲ့တဲ့ ကြံ့ခိုင်ရေးအသင်းလည်း ပါဝင်ပါတယ်။ ကြံ့ခိုင်ရေးအသင်းဟာ – ၂၀၁၀ ခုနှစ် ဇူလိုင်လ (၂) ရက်နေ့မှာ အသင်းအဖြစ်မှ နိုင်ငံရေးပါတီအဖြစ် အသွင်ကူး ပြောင်းလာခဲ့ပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရယ်လို့ လူသိများပါတယ်။


ကြံ့ခိုင်ရေးအသင်း ဟာ – ၁၉၈၈ ခုနှစ် လူထုဒီမိုကရေစီလှုပ်ရှားမှုနောက်ပိုင်း၊ တပ်ထောက်ခံရေး အရပ်သားအသင်းအဖွဲ့အနေနဲ့ ဖြစ် တည်ခဲ့ပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေဟာ ကြံ့ခိုင်ရေးအသင်းကို ဂွန်ဂို (GONGO – Government owned Non-Government Organization) တစ်ခုအနေနဲ့ လက်သပ်မွေးမြူခဲ့ပါတယ်။ ကြံ့ခိုင်ရေးအသင်းဟာ အရပ်သားတွေနဲ့ စုဖွဲ့ထားတဲ့ လူမှုရေးအသင်းအဖွဲ့တစ်ခုလို့ ဆိုပေမယ့်၊ တပ်ထိပ်ပိုင်းခေါင်းဆောင်တွေ ဦးဆောင် တဲ့ (တနည်း) စစ်ဗိုလ်ချုပ်အငြိမ်းစားတွေ ဦးဆောင်ပြီး ဖွဲ့စည်းထားတဲ့ စစ်တပ်လက်ဝေခံ အရပ်ဘက် အဖွဲ့အစည်း တစ်ခု ဖြစ်ခဲ့ပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေဟာ သူတို့ လက်ဝေခံ အသင်းအဖွဲ့တစ်ခုကို အသုံး ချပြီး၊ ဗုဒ္ဓဘာသာသံဃာ့အဖွဲ့အစည်းကို စည်းရုံးသိမ်းသွင်းဖို့ ကြိုးစားခဲ့ပါတယ်။


■ဘုန်းကြီး နဲ့ ရွာသူကြီး


ဗုဒ္ဓဘာသာဘုန်းကြီးတွေဟာ၊ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ တစုံတရာ ဩဇာရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ အညာကျေးလက်ဒေသက ရွာတစ်ရွာကို ကြည့်ရင်၊ အဲသည့်ရွာမှာ အခမ်းနားဆုံး အဆောက်အအုံဟာ ဘုန်းကြီး ကျောင်းပဲ…လို့ သမိုင်းဆရာ ဒေါက်တာအောင်ခင်က ပြောပါတယ်။ မြန်မာဘုရင်အဆက်ဆက်ကလည်း ဒေသန္တရ အုပ်ချုပ်ရေးမှာ ဩဇာညောင်းအောင်၊ ရွာဦးဘုန်းကြီးကျောင်းကို ရွာသူကြီးနဲ့ ပူးပေါင်းပြီး ရပ်ရွာ တည်ငြိမ်ရေးကို လုပ်ဆောင်စေခဲ့ပါတယ်။ ရွာတစ်ရွာမှာ သူကြီးဟာ အာဏာရှိသူဖြစ်ပြီး ဘုန်းကြီးဟာ ဩဇာ ရှိ သူဖြစ်ပါတယ်။ ဘုန်းကြီးနဲ့ ရွာသူကြီးဟာ – နိုင်ငံတော်အတွင်းမှာ ကျောင်းတော်နဲ့ နန်းတော် ဆက်ဆံရေးကဲ့သို့ လူ့အဖွဲ့အစည်းကို ထိန်းကျောင်းထားပါတယ်။ အောက်ခြေရပ်ရွာမှာလည်း ဆရာ – ဒကာ ဆက်ဆံရေးကောင်းမွန် အောင် လုပ်ပြီး လူ့အဖွဲ့အစည်းကို ငြိမ် – ဝပ် – ပိ – ပြား အောင် လုပ်ထားပါတယ်။ နိုင်ငံတော် – ပြည်ထောင်စု အလွှာမှာလည်း သူ့အလွှာလိုက် ဆရာ – ဒကာ ဆက်ဆံရေးကောင်းမွန်အောင် လုပ်ဆောင်ထားပါတယ်။


■ ထက် – အောက် ဖွဲ့စည်းပုံ အားဖြင့်


စစ်အစိုးရတွေဟာ သံဃာ့အဖွဲ့အစည်းကို ထိန်းကျောင်းဖို့၊ ဗုဒ္ဓဘာသာဘုန်းကြီးတွေကို ထက်-အောက် တည်ဆောက်မှု ပုံစံနဲ့ ပုံသွင်းခဲ့ပါတယ်။ သံဃမဟာနာယကအဖွဲ့တွေဟာ အဓိက ထင်ရှားတဲ့အချက်ပါပဲ။ သံဃမဟာနာယကအဖွဲ့တွေကို၊ ဗဟိုအဆင့် ၊ တိုင်း / ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်…. စသည်ဖြင့် အဆင့်ဆင့် ဖွဲ့စည်းပုံသွင်းထားပြီး ဗုဒ္ဓဘာသာဘုန်းကြီးလောကကို ထိန်းအုပ်ဖို့ ကြိုးစားတာတွေ့ရပါ တယ်။ သံဃမဟာနာယကအဖွဲ့ အဆင့်ဆင့်ကို စစ်ခေါင်းဆောင်အလွှာအသီးသီးက ဆိုင်ရာ ဆိုင်ရာအလိုက် ပူဇော်ဆည်းကပ်မှုတွေ လုပ်ပြီး ဆရာ – ဒကာ ဆက်ဆံရေးကောင်းမွန်အောင် လုပ်ထားဖို့ စစ်ခေါင်းဆောင်တွေ က ကြံရွယ်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း စစ်တပ်လက်ဝေခံ အရပ်သားအဖွဲ့အစည်းတွေကို ကြားခံထားပြီး သံဃာ့အဖွဲ့အစည်းကို စည်းရုံးသိမ်းသွင်းဖို့ လုံ့လထုတ်ကြိုးစားခဲ့ပါတယ်။ အထူးသဖြင့် – အမျိုးဘာသာသာသနာ ကို ကာကွယ်စောင့်ရှောက်ရန်အတွက် ဆိုတဲ့ ဇာတ်ညွှန်းကို ပုံသွင်းပြီး သံဃာ့အဖွဲ့အစည်းအတွင်းမှာ တပ်ထောက်ခံရေး အင်အားစုကို မွေးမြူပုံသွင်းတာဖြစ်ပါတယ်။


■ ဆရာ – ဒကာ စီမံချက်


ယခုလက်ရှိမှာ ဗုဒ္ဓဘာသာဘုန်းကြီးအုပ်စုအတွင်းမှာ၊ တပ်ထောက်ခံရေးအင်အားစုဟာ တစုံတရာအတိုင်းအတာ တစ်ခုအထိ ရှိနေပါပြီ။ အမျိုးသားရေးဝါဒနဲ့ ဝါဒသွတ်သွင်းပြီး သံဃာ့အဖွဲ့အစည်းကို တပ်ထောက်ခံရေးအင်အား စု ဖြစ်လာအောင် လုပ်ခဲ့တယ်။ ထိုနည်းလည်းကောင်း တပ်ရင်းမှူး၊ ဗျူဟာမှူး၊ တပ်မမှူး၊ စစ်တိုင်းမှူး အဆင့်ဆင့် ကလည်း မြို့နယ်အလိုက်၊ ခရိုင်အလိုက်၊ တိုင်းဒေသကြီး ပြည်နယ်အလိုက် အဆင့်ဆင့် ပူဇော်ဆည်းကပ် လှူဒါန်း မှု ပြုတဲ့ ပုံစံနဲ့ တပ်ထောက်ခံရေးအင်အားစုကို သံဃာ့အဖွဲ့အစည်းထဲမှာ ထိန်းသိမ်းထားတာကို တွေ့ရပါတယ်။


၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း စစ်ခေါင်းဆောင်တွေဟာ အဆင့်လိုက် အဆင့်လိုက် ဘုန်းကြီး သံဃာတွေကို ပူဇော်ဆည်းကပ်ပြီး တပ်ထောက်ခံရေးအင်အားစုကို ဆရာ – ဒကာ စီမံချက်နဲ့ တုပ်နှောင်ထားတာကို တွေ့ရပြန်ပါတယ်။ ထိပ်ပိုင်းစစ်ခေါင်းဆောင်တွေဟာ ဗဟိုသံဃမဟာနာယကဆရာတော် ကြီးတွေကို ဆည်းကပ်ပူဇော်ပြီး နိုင်ငံရေးအရ သိမ်းသွင်းတာမျိုး လုပ်တယ်။ ပြည်နယ် တိုင်းဒေသကြီးအဆင့်မှာ လည်း စစ်တိုင်းမှူးတွေဟာ တိုင်းနဲ့ ပြည်နယ်အဆင့် သံဃမဟာနာယကအဖွဲ့နဲ့ ဒေသတွင်း ဩဇာကြီးတဲ့ ဆရာ တော် သံဃာတော်တွေကို ဆရာ – ဒကာ စီမံချက်အတိုင်း စည်းရုံးသိမ်းသွင်းတာကို တွေ့ရတယ်။ တိုင်းစစ်ဌာနချုပ် အလိုက်၊ စစ်ဒေသအလိုက် ဆိုင်ရာ ဆိုင်ရာ ဘုန်းကြီးကျောင်း၊ စာသင်တိုက်တွေကို ဆရာ – ဒကာ စီမံချက်အတိုင်း သိမ်းသွင်းစည်းရုံးတာကို တွေ့ရပါတယ်။


■ ဘုန်းကြီးတွေကို နားချ စည်းရုံးခိုင်း


စစ်ခေါင်းဆောင်အဆက်ဆက်က မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ဘာသာရေးလွှမ်းမိုးကြီးစိုးတဲ့ အခင်းအကျင်း မျိုးကို ဖန်တီးပြီး ဘုန်းကြီးတွေနဲ့ ရပ်ရွာ ငြိမ်ဝပ်ပိပြားရေးကို တည်ဆောက်ထားကြပါတယ်။ စစ်တပ် လုပ်သမျှ ဆိုးယုတ်မှုတွေနဲ့ ညှင်းပန်းနှိပ်စက်မှုတွေကို နာကျည်းချက် မဖြစ်အောင် ဘုန်းကြီးတွေက လူထုကို နားချ စည်းရုံး တာမျိုးကို လုပ်ရပါတယ်။ ဘာသာရေးအားဖြင့် – ဝဋ်ရှိလို့ ခံရတာ။ အကုသိုလ်ကံ‌တွေ နောက်ထပ် မကျူးလွန် ချင်နဲ့၊ သည်းခံကြ… ဆိုတဲ့ လော့ဂျစ်ကို ဖန်တီးပြီး ဘုန်းကြီးတွေက ပြည်သူကို နားချစည်းရုံး သိမ်းသွင်းပါတယ်။


စစ်ခေါင်းဆောင်တွေဟာ သံဃာ့လောကအတွင်းမှာ စစ်တပ်ဆန့်ကျင်ရေးလေထုကို လျော့ပါးနိုင်သမျှ လျော့ပါး အောင် နည်းအမျိုးနဲ့ လုပ်ဆောင်ခဲ့တာတွေ့ရပါတယ်။ အဲသည့်အထဲမှာ ဆိုင်ရာ ဆိုင်ရာ အလိုက် လာဘ်လာဘ၊ ပူဇော်သက္ကာယနဲ့ သိမ်းသွင်းစည်းရုံးတာမျိုးကို အများဆုံး လုပ်ပါတယ်။ ဘုန်းကြီးလောကအတွင်းမှာလည်း မင်းကိုးကွယ်တဲ့ ဘုန်းကြီး၊ တိုင်းမှူး ကိုးကွယ်တဲ့ ဘုန်းကြီး၊ ဗျူဟာမှူး ကိုးကွယ်တဲ့ ဘုန်းကြီး၊ တပ်ရင်းမှူး ကိုးကွယ်တဲ့ ဘုန်းကြီး …. စသည်ဖြင့် ဒကာရဲ့ ဂုဏ်ဒြပ်ကို လိုက်ပြီး အဆင့်အတန်း ကွဲပြားတာမျိုးတွေ ဖြစ်လာခဲ့ပါတယ်။


■ တပ်ထောက်ခံရေး အင်အားစု ဘုန်းကြီးများ


စစ်တပ်ခေါင်းဆောင်တွေဟာ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးမှာ အစဉ်တစိုက်ပါဝင်ဖို့ ဦးတည်တာကြောင့်၊ မြန်မာ့ လူ့အဖွဲ့အစည်းထဲမှာ ဩဇာကြီးတဲ့ ဘုန်းကြီးသံဃာတွေနဲ့ ရင်းနှီးသော ဆက်ဆံရေးရှိအောင် ကြိုးစားထားရမယ် လို့ သိမှတ်ထားပါတယ်။ ထိုနည်းလည်းကောင်း မျိုးချစ်ဘုန်းကြီးလောကကို ပစ်မှတ်ထားပြီး အမျိုးသားရေးဝါဒ နဲ့ တပ်ထောက်ခံရေး အင်အားစုကို စုစည်းပါတယ်။


အမျိုး – ဘာသာ – သာသနာကို စစ်တပ်ကသာလျှင် ကာကွယ် စောင့်ရှောက်နိုင်စွမ်း ရှိတယ်ဆိုတာကို သံဃာ့အဖွဲ့အစည်းအတွင်းမှာ ယုံမှတ်အောင် သိမ်းသွင်းထားပါ တယ်။ စစ်ခေါင်းဆောင်တွေ ကိုယ်၌က ၊ ဆရာ – ဒကာ စီမံချက်နဲ့ ဘုန်းကြီးတွေကို တပ်ထောက်ခံရေး အဓိက အင်အားစု ဒေါက်တိုင်တစ်ခုဖြစ်အောင် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက စနစ်တကျ ပုံဖော်တည် ဆောက်ထားခဲ့ကြောင်း ရေးသားတင်ပြလိုက်ရပါတယ် ခင်ဗျား…။


Credit