ငွေလွှဲဝင်မှလိုင်စင်ထုတ်ပေးရမယ့် ညွှန်ကြားချက်ကြောင့် ပြောင်းလက်ကျန် တန်ချိန်သိန်းချီ သောင်တင်နေ


ငွေလွှဲဝင်မှလိုင်စင်ထုတ်ပေးရမယ့် ညွှန်ကြားချက်ကြောင့် ပြောင်းလက်ကျန် တန်ချိန်သိန်းချီ သောင်တင်နေ

ပဲ၊ ပြောင်း၊ နှမ်း၊ မြေပဲ စတဲ့ သီးနှံတွေကိုတင်ပို့တဲ့ ကုန်သည်တွေအနေနဲ့ပို့ကုန်ရငွေကို ကြိုတင်ပေးချေတဲ့စနစ်ကျင့်သုံးဖို့နဲ့ ငွေလွှဲဝင်မှ လိုင်စင်ထုတ်ပေးရမယ်ဆိုတဲ့ ညွှန်ကြားချက်ကြောင့်


ဒေါ်လာမရှိတဲ့ ကုန်သည်တွေလိုင်စင်မလုပ်နိုင်တဲ့အတွက် ကုန်စည်တွေ သောင်တင်နေတာဖြစ်ပြီး တရုတ်နိုင်ငံနဲ့ထိုင်းနိုင်ငံတို့ဘက်ကိုလည်း တင်ပို့နိုင်တာမရှိဘူးလို့ လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။


ပြည်ပနိုင်ငံတွေကို တင်ပို့နိုင်ခြင်းမရှိတဲ့အတွက် ပြည်တွင်းမှာ ပြောင်းလက်ကျန် တန်ချိန် သိန်းချီ သောင်တင်နေပြီး အရှုံးပေါ်မှုတွေ ရင်ဆိုင်နေရတယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းကနေ သိရပါတယ်။


လက်ရှိ ပြည်တွင်းမှာ ပြောင်းတန်ချိန် ၂ သိန်း ၂သောင်း ကျော်လောက် သောင်တင်နေပြီး လာမယ့် လေးလအတွင်း တန်ချိန် ၂ သန်းလောက် ထပ်မံ ထွက်ရှိလာနိုင်တဲ့အတွက် ပြည်ပမတင်ပို့နိုင်ရင် အရှုံးကြီးကြီးမားမားနဲ့ ရင်ဆိုင်ရနိုင်တယ်လို့သိရပါတယ်။


ပို့ကုန်ရငွေတွေကို ဗဟိုဘဏ်ပေါက်စျေး ကျပ် ၁၈၅၀ နဲ့သွင်းရတာဖြစ်ပြီး လက်ရှိပြင်ပဒေါ်လာပေါက်စျေးကတော့ ကျပ် ၂၇၀၀ မှာရှိနေတာပါ။


လက်ရှိပြောင်းလက်ကျန်တွေက ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နဲ့ ရန်ကုန်တိုင်းတို့မှာရှိနေတာဖြစ်ပြီး ပြောင်းလက်ကျန်တွေတင်ပို့နိုင်ဖို့ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေကို ညှိနှိုင်းတင်ပြဆောင်ရွက်နေတယ်လို့ သိရပါတယ်။


မြန်မာ့ပြောင်းတွေကို ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့ အပါအဝင် အာဆီယံနိုင်ငံတွေကို နှစ်စဉ် တန်ချိန် နှစ်သန်းကျော် တင်ပို့နေတာဖြစ်တယ်လို့ သိရပါတယ်။