မြန်မာအသင်းနှင့်ပွဲ ရလဒ်ပိုင်း ဘာမဆိုဖြစ်နိုင်ဟု ဂျပန်နည်းပြ ပြောကြား

2019-09-10 00:07:09


မြန်မာအသင်းနှင့်ပွဲ ရလဒ်ပိုင်း ဘာမဆိုဖြစ်နိုင်ဟု ဂျပန်နည်းပြ ပြောကြား

ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စု-F ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားမယ့် မြန်မာအသင်းနဲ့ပွဲမှာ ရလဒ်ပိုင်းက ဘာမဆို ဖြစ်နိုင်တယ်လို့ ဂျပန်နည်းပြက ပြောကြားလိုက်ပါတယ်။မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ စက်တင်ဘာ ၁၀ ရက် ညနေ ၆ နာရီ ၅၅ မိနစ်မှာ ဂျပန်အသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စု ဒုတိယပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။


အဲဒီပွဲစဉ်မှာ ဂျပန်အသင်းက ထိပ်တန်းအသင်း ဖြစ်တာကြောင့် ပိုမိုအင် အားတောင့်တင်းပေမယ့် ဘာမဆို ဖြစ်သွားနိုင်တဲ့ပွဲစဉ် ဖြစ်တယ်လို့ ဂျပန်နည်းပြ ဟာဂျီမီ မိုရီရာဆူက ပွဲကြိုသတင်း စာရှင်းလင်းပွဲမှာ ပြောပါတယ်။




“မြန်မာအသင်းရဲ့ကစားပုံနဲ့ ပတ်သက်ပြီး မွန်ဂိုလီးယားနဲ့ပွဲစဉ်ကို ပြန်ကြည့်ထားပါတယ်။ တိုက်စစ် ကစားပုံကောင်းသလို ခံစစ်ပိုင်းလည်း မဆိုးပါဘူး။ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ထိန်းချုပ်ကစားသွားခဲ့တာ တွေ့ရပါတယ်။ တဂိုး ပေးလိုက်ရတယ်ဆိုတာက ကံမကောင်းလို့ ပေးလိုက်တဲ့ ပုံစံပါ။


တပွဲလုံး ခြုံကြည့်ရင်တော့ မြန်မာက အသင်းကောင်းတသင်းပါ။ ရလဒ်ပိုင်းနဲ့ ပတ်သက်ရင်တော့ ဘောလုံးမှာ ဘာမဆို ဖြစ်နိုင်ပါတယ်။ ဒီပွဲက ကျနော်တို့အတွက် အဝေးကွင်း ပွဲစဉ်အဖြစ် ပါတယ်။ ဂျပန်အသင်းက အနည်းဆုံး ၄-၅ ဂိုးလောက်နဲ့ အနိုင်ရလိမ့်မယ်ဆိုပြီး ခန့်မှန်းတာမျိုးကတော့ လူတိုင်းက သူတို့အမြင်နဲ့ သူတို့ လွတ်လွတ်လပ်လပ်နဲ့ ခန့်မှန်းနိုင်ပါတယ်။




ကျနော်တို့ မြန်မာအသင်းကို လေးလေးစားစား ကစားမှာဖြစ်ပြီး ခက်ခဲတဲ့ ပွဲစဉ်လည်း ဖြစ်လာမှာပါ။ ဒါကြောင့် ကျနော့် ကစားသမားအားလုံး သူတို့ရဲ့ စွမ်းဆောင်ရည်ကို ၁၀၀ ရာခိုင်နှုန်း ထုတ်ပြနိုင်မှ အနိုင်ရလဒ်ရရှိမှာ ဖြစ်ပါတယ်” လို့ ဂျပန်နည်းပြဟာဂျီမီ မိုရီယာဆူက ပြောပါတယ်။


မြန်မာနည်းပြ ရာဂျူလိုဗစ်ကတော့ မွန်ဂိုလီးယားကို ရှုံးနိမ့်ခဲ့ပေမယ့် ကောင်းမွန်တဲ့ ကစားပုံ ပြသနိုင်ခဲ့တယ်လို့ ဆိုလိုက်ပြီး လွန်ခဲ့တဲ့ ၈ နှစ်ကလည်း ရှုံးနိမ့်ခဲ့ဖူးတဲ့အတွက် အံ့အားသင့်စရာရလဒ် မဟုတ်ကြောင်း ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။




“ရိုးရိုးသားသား ပြောရရင်တော့ ကျနော်တို့ရဲ့ စွမ်းဆောင်ရည်ကို တိုးတက်လာအောင် လုပ်ဆောင်ဖို့လိုပြီး တတိယအဆင့် ခြေစစ်ပွဲနဲ့ ထိုက်တန်တဲ့ခြေစွမ်း ပြသနိုင်ဖို့ လိုပါတယ်။ ကျနော်တို့အသင်းမှာ ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ အကျင့်စရိုက်တွေလို တိုးတက်လာဖို့ လိုသလို နည်းစနစ်ပိုင်းနဲ့ ကြံ့ခိုင်မှုပိုင်းမှာလည်း တိုးတက်အောင် ပြင်ဆင်ဖို့ လိုပါတယ်” လို့ ပြောပါတယ်။


ဂျပန်အသင်းနဲ့ ပွဲအတွက်တော့ အကောင်းဆုံး ကစားနိုင်ဖို့ ပြင်ဆင်ထားပြီး ပရိသတ်တွေကို ပျော်ရွှင်စေဖို့ ကြိုးစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။


Credit: DVB TV News