မိန်းမရှေ့မှာ စကားပြော မှားသွားတဲ့ လူတယောက်ရဲ့ အဖြစ် (ဟာသ)

2019-09-07 22:13:28


မိန်းမရှေ့မှာ စကားပြော မှားသွားတဲ့ လူတယောက်ရဲ့ အဖြစ် (ဟာသ)

” ကျွန်တော့်ဘဝရဲ့ အကောင်းဆုံးအချိန်တွေကတော့ ကျွန်တော့်မိန်းမ မဟုတ်တဲ့အမျိုးသမီးတယောက်ရဲ့ ရင်ခွင်ထဲမှာ ဖြတ်သန်းခဲ့ရတဲ့အချိန်တွေပါ ” ဟောပြောပွဲမှာ ဆရာတယောက် စင်မြင့်ပေါ်မှာဟောပြောနေတယ် စင်အောက်က ပရိတ်သတ်တွေလည်း အံ့သြလွန်းလို့ တိတ်ဆိတ်သွားကြတယ် ဘာကြောင့်ဆို ခုဟောပြောနေတဲ့ဆရာကြီးက အရမ်းကို သီလဂုဏ်နဲ့ပြည့်စုံတဲ့ဆရာကြီးပါ ဆရာကြီးဆီက ဒီလိုစကားမျိုးကြားလိုက်ရတော့ မယုံနိုင်ဘူးဖြစ်နေကြတာပေါ့။


ဒါပေမဲ့ ဆရာကြီး ဆက်ပြောလိုက်တာက ” အဲ့ဒီအမျိုးသမီးကတော့ ကျွန်တော့်အမေပါပဲ ” “ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ” ဟောပြောပွဲတခုလုံး လက်ခုပ်သံတွေ ဘဝဂ်ထက်ယံထိအောင်ညံသွားတယ် အားလုံးရဲ့ မျက်ဝန်းအိမ်တွေထဲမှာလည်း ပီတိကြောင့်စီးဆင်းလာတဲ့ မျက်ရည်တွေနဲ့ပေါ့ ဆရာကြီးကိုလည်း ဆထက်တိုးပြီးလေးစားသွားကြတယ် ဒီဟောပြောပွဲကို လာရောက်နားထောင်တဲ့ ကိုကျီးငယ်လည်း ဆရာကြီးရဲ့စကားကိုအရမ်းကြိုက်သွားတယ်။




အဲ့ဒါနဲ့ အပြန်လမ်းတလျှောက်လုံးမှာ သူစိတ်ကူးလာတယ် သူ့မိန်းမကိုပြန်ပြောပြမယ်ပေါ့ အိမ်ရောက်တော့ သူမူးနေပြီ မူးမှာပေါ့ လမ်းမှာဝင်ကစ်လာတာကိုး လူက ယိုင်တောင်ယိုင်နေပြီ သူ့မိန်းမက ညစာစားဖို့ပြင်ဆင်နေတုန်းမှာ ကိုကျီးငယ်က ထမင်းစားပွဲမှာဝင်ထိုင်လိုက်ပြီး ” အဟမ်း ! ” ” ငါ့ဘဝရဲ့ အကောင်းဆုံးအချိန်တွေကတော့ ငါ့မိန်းမ မဟုတ်တဲ့အမျိုးသမီးတယောက်ရဲ့ရင်ခွင်ထဲမှာ ရှိနေခဲ့တဲ့အချိန်တွေပေါ့ ကွာ ”


ရုတ်တရက်ကြီး ဆိုင်းမဆင့်ဗုံမဆင့် ထပြောလိုက်တာဆိုတော့ သူမိန်းမလည်း ကြောင်သွားတာပေါ့ ” ဘာလဲဟ ရူးကြောင်မူးကြောင်နဲ့ဘာတွေလဲ ” သူ့မိန်းမ ဒေါသတွေထွက်နေပြီ ကိုကျီးငယ် ဆက်ပြောဖို့ပြင်လိုက်တယ် ဒါပေမဲ့ ဘာဆက်ပြောရမလဲသူစဉ်းစားမရဖြစ်နေတယ် မူးလည်း မူးနေပြီလေ စဉ်းစားမရတဲ့အဆုံး သူပြောချလိုက်တယ် ” အဲ့ဒီအမျိုးသမီးကို ငါမမှတ်မိတော့ဘူး ကွာ ” ကိုကျီးငယ် သတိပြန်ရလာတဲ့အချိန်မှာတော့ ဆေးရုံပေါ်ရောက်နေပါပြီ သူ့မိန်းမက သူ့ကိုရေနွေးဓာတ်ဗူးနဲ့ထုထည့်လိုက်လို့လေ


THi HA (လေးစားမှုဖြင့် ခရက်ဒစ်)