၁၇ နှစ်အရွယ်ကောင်မလေးကို မထိတထိ စသည့် လူအား မကျေနပ်၍ ဓာတ်ဆီလောင်းမီးရှို့

2019-09-07 14:25:53


၁၇ နှစ်အရွယ်ကောင်မလေးကို မထိတထိ စသည့် လူအား မကျေနပ်၍ ဓာတ်ဆီလောင်းမီးရှို့

ဖုန်းဆိုင်ရှိ ၁၇ နှစ်အရွယ် ကောင်မလေးကို မကြာခဏလာလာစသည့် ၄၅ နှစ်အရွယ်ဦးလေးကြီးကို မကျေနပ်၍ ဦးခေါင်းအား ဓာတ်ဆီလောင်း မီးရှို့


ဖြူး၊ စက်တင်ဘာ ၆။ ဖုန်းဆိုင်ရှိ အသက် ၁၇ နှစ်အရွယ်ကောင်မလေးကို မကြာခဏလာရောက်စနှောက်သည့် ၄၅ နှစ်အရွယ် ဦးလေးကြီးတစ်ဦး၏ ဦးခေါင်းကို ဓာတ်ဆီလောင်းမီးရှို့မှု စက်တင်ဘာ ၄ ရက်နေ့ က ဖြူးမြို့နယ်တွင်ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဖြူးမြို့၊ ဘူတာတောင်ရပ်ကွက်၊ “ဝင်း”ဖုန်းပြုပြင်ရေးဆိုင်၌ စက်တင်ဘာ ၄ ရက်နေ့ ည ၉ နာရီခွဲခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


ဖြူးမြို့၊ ဆေးရုံရပ်ကွက်နေ အသက် ၄၅ နှစ်အရွယ် ဦးတင်မောင်ထွေး ဆိုသူသည် အဆိုပါ ဖုန်းဆိုင်သို့လာရောက်၍ ဖုန်းပြုပြင်နေစဉ် ၎င်း ဆိုင်နှင့်ကပ်လျက်ရှိ လူသုံးကုန်စတိုးဆိုင်ပိုင်ရှင်ဖြစ်သူ အသက် ၃၁ နှစ်အရွယ် စောသက်စိုးသိန်း ဆိုသူက မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။ ကိုစောသက်စိုးသိန်းသည် နောက်ကျောဘက်မှနေ၍ ဦးတင်မောင်ထွေး ၏ ဦးခေါင်းကို ဓာတ်ဆီဖြင့်လောင်းကာ မီးရှို့ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


အဆိုပါ ဖုန်းပြင်ဆိုင်ရှိ အသက် ၁၇ နှစ်အရွယ် မိန်းကလေးကို မကြာခဏလာရောက်စနောက်သည့်ကိစ္စအပေါ် မကျေနပ်၍ ယခုကဲ့သို့ ဓာတ်ဆီလောင်းမီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ဖြစ်စဉ်ကြောင့် မီးရှို့ခံရသူ ဦးတင်မောင်ထွေးမှာ ဦးခေါင်းအရေပြား၊ ကျောကုန်း၊ ဝဲ/ယာ လက်ခုံ မီးလောင်ဒဏ်ရာများရရှိခဲ့ပြီး စိုးရိမ်ရအခြေအနေဖြင့် ပို့ဆောင်ကုသထားကြောင်း၊ မီးရှိ့သူ ကိုစောသက်စိုးသိန်းမှာလည်း ဦးခေါင်း၊ နောက်ကျော မီးလောင်ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရအခြေအနေဖြင့် ဆေးရုံတွင်ကုသမှုခံယူနေရကြောင်းသိရသည်။


စက်တင်ဘာ ၅ ရက်နေ့တွင် ဦးတင်မောင်ထွေး ကတိုင်တန်းသဖြင့် မီးရှို့သူ ကိုစောသက်စိုးသိန်းကို ဖြူးမြို့မရဲစခန်းတွင် (ပ)၇၄၃/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇(လူသတ်ရန်အားထုတ်မှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။


သတင်းတမန် (လေးစားမှုဖြင့် ခရက်ဒစ်)